/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, June 12, 2013

.

ယခုနှစ်အတွင်း အမျိုးသားပညာရေး ဥပဒေထွက်ရှိနိုင်ရန် စီစဉ်နေ

ယခုနှစ်အတွင်း အမျိုးသားပညာရေး ဥပဒေ ထွက်ရှိနိုင်ရန် စီစဉ်လျက်ရှိကြောင်း ပထမအကြိမ်ပညာရေး ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာဆွေးနွေးပွဲကို တက်ရောက်လာသည့် ပဲခူးတိုင်းမှ အောက်လွှတ်တော် အမတ် ဦးစိန်ဝင်းက ပြောသည်။


ယင်းဆွေးနွေးပွဲကို ရန်ကုန်မြို့၊ အင်းစိန်မြို့နယ် ခဝဲခြံရပ်ကွက်တွင် ဇွန် ၈ ရက်နှင့် ၉ ရက် နှစ်ရက်ကြာ ကျင်းပခဲ့သည်။ အမျိုးသားပညာရေး ဥပဒေပေါ်ထွန်းလာရန် မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲ ရန်ကျင်းပသည့် ပညာရေးပြုပြင် ပြောင်းလဲရေးဆိုင်ရာ ဆွေးနွေးပွဲမှ ဆွေးနွေးချက်များကို ယခုလ အတွင်းကျင်းပမည့် အောက်လွှတ်တော်တွင် အကျေအလည် သုံးသပ်မည်ဟုလည်း ဦးစိန်ဝင်းက ဆက်ပြော သည်။

အောက်လွှတ်တော်တွင် ဆွေးနွေးမည့်အချက်များမှာ မြန်မာ့ပညာရေးကို အစိုးရ၏ ဝန်ကြီးဌာန လက်အောက် မှ ကင်းလွတ်သည့် စနစ်ဖြစ်ရေး၊ အကျဉ်းကျနေသည့် ကျောင်းသားများအား ပညာသင်ကြား ပေးသည့် စနစ်ဆောင်ရွက်ရေး၊ ပညာရေးအသုံးစရိတ်မြှင့်တင်ပေးရေး၊ သတ်မှတ်ထားသည့် ဘာသာရေး ကျောင်းများ တွင် လွတ်လပ်စွာ ပညာသင်ယူနိုင်ရေး စသည်တို့ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ဧရာဝတီတိုင်းမှ အောက်လွှတ်တော်အမတ် ဦးမိုင်ဇော်သိန်းကလည်း ပညာရေးပြုပြင်ပြောင်းလဲရန် နယ်ပယ်အသီးသီးက တင်ပြကြသည့် ပညာရေးဆိုင်ရာအချက်အလက်များကို ပြည်သူ့လွှတ်တော်တွင် ဆက်လက်တင်ပြသွားမည်ဟု ပြောသည်။

နိုင်ငံလုံးဆိုင်ရာ ပညာရေးပြုပြင်ပြောင်းလဲရေး ဆွေးနွေးပွဲကို ပထမဆုံးကျင်းပခဲ့ရာ၌ ပထမနေ့တွင် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ် ၃ဝဝဝ ခန့် တက်ရောက်ခဲ့ပြီး ဒုတိယနေ့တွင် လူဦးရေ ၁ဝဝဝ ခန့် တက်ရောက်သည်။ ထိုကဲ့သို့သော ဆွေးနွေးပွဲကို နေပြည်တော်တွင် ဆက်လက်ကျင်းပရန်စီစဉ်နေပြီး ထွက်ပေါ်လာမည့် ဆွေးနွေးချက်များကို ပြည်သူကြားသို့ချပြကာ အကြံဉာဏ်များ တောင်းခံဦးမည်ဟု ပွဲဖြစ်မြောက်ရေး ဦးဆောင်သူများက ဆိုသည်။

ပထမအကြိမ် ပညာရေးပြုပြင်ပြောင်းလဲရေး ဆွေးနွေးပွဲတွင် ကလေးသူငယ်များ၏ ရှေးဦးသင်ပညာရေး၊ အထက်တန်းပညာရေးပညာရေး၊ အဆင့်မြင့်ပညာရေး၊ ကျောင်းပြင်ပပညာရေး၊ ပုဂ္ဂလိကကျောင်းနှင့် ပုဂ္ဂလိကတက္ကသိုလ်များ၊ ဆရာ ဆရာမ များ၏ ကဏ္ဍ၊ အထူးလိုအပ်ချက်ရှိသော ကလေးများ၏ ပညာရေး၊ တိုင်းရင်းသား ဘာသာစကား သင်ကြားရေးနှင့် စစ်ပြေးဒုက္ခသည်ကလေးများ ရွှေ့ပြောင်းအခြေချသူများ၏ သားသမီးတို့အတွက် ပညာရေးစသည်တို့ကို ဆွေးနွေးခဲ့ကြသည်။ 

Credit : http://www.mizzimaburmese.com/news/inside-burma/11989-2013-06-12-04-25-25.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။