/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, May 30, 2013

.

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် အစိုးရ၊ KIO နှင့် ဗီဂျေနမ်ဘီးယားတို့ ကချင်လူထုနှင့် သီးခြားစီ တွေ့ဆုံ



ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပဋိပက္ခများ ချုပ်ငြိမ်းရန်နှင့် ငြိမ်းချမ်းရေး ဖြစ်ပေါ်စေရန်အတွက် မြစ်ကြီးနားမြို့သို့ ရောက်ရှိနေသော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့၊ KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယားတို့သည် မေ ၂၉ ရက်တွင် ကချင်လူထုနှင့် သီးခြားစီတွေ့ဆုံ ခဲ့ကြပါသည်။


ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင် သော ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် မေ ၂၆ ရက်ကလည်း ကချင်လူထုနှင့် တွေ့ဆုံခဲ့ပြီး မေ ၂၉ ရက်တွင် ထပ်မံတွေ့ဆုံခဲ့ခြင်း ဖြစ်ပါသည်။ 

ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် မြစ်ကြီးနားမြို့ရှိ ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ ချုပ် (KPC) ၌ ကချင်ဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကာ ထိုတွေ့ဆုံပွဲသို့ ကာကွယ် ရေး ၀န်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးလည်း တက်ရောက်ခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာ၌ ကချင်ဒေသ ငြိမ်းချမ်းရေးအတွက် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု လိုအပ်ကြောင်းနှင့် ၎င်းတို့၏ အားနည်းချက်များကို ထောက်ပြပြီး အကြံပေးရန် ဦးအောင်မင်းက တောင်းဆိုခဲ့ပါသည်။

တပ်မတော်၏ ငြိမ်းချမ်းရေး ဆောင်ရွက်မှု သဘောထားများကို ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ရှင်းလင်း ခဲ့ပါ သည်။

အစိုးရ၏ ရှင်းလင်းချက်များအပေါ် ကချင်ဘာသာရေး ခေါင်းဆောင်များက ၎င်းတို့၏ သဘောထား အမြင် များကို ပြောကြားခဲ့ပြီး အစိုးရနှင့် ပြည်သူလူထုအကြား ယုံကြည်မှု တည်ဆောက်ရန် အရေးကြီးကြောင်း ယုံကြည်မှုကသာ ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးနိုင်မည်ဟု ပြောကြားခဲ့ကြပါသည်။ ငြိမ်းချမ်းရေးအတွက် အစိုးရ၏ လုပ်ဆောင်မှုများကို အားရသော်လည်း ယုံကြည်ရန် ခက်ခဲနေဆဲဖြစ်ကြောင်း အဆိုပါ တွေ့ဆုံပွဲ တွင် ပြောဆိုမှုများ ရှိခဲ့ပါသည်။

အစိုးရနှင့် ကချင်ဘာသာရေး ခေါင်းဆောင်များ တွေ့ဆုံနေသည့် အချိန်မှာပင် မြစ်ကြီးနားမြို့ မနောကွင်း တွင် ကချင်ပြည်နယ်ရှိ လူထုကိုယ်စားပြု အဖွဲ့များနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စား လှယ် မစ္စတာဗီဂျေနမ်ဘီးယားတို့ တွေ့ဆုံခဲ့ကြပါသည်။

ယင်းတွေ့ဆုံပွဲတွင် ကချင်လူထု၏ ၎င်းတို့၏ သဘောထားများကို ကချင်ဘာသာ စကားဖြင့် ပြောကြားခဲ့ ကြပါသည်။

ကချင်လူထု အနေဖြင့် ငြိမ်းချမ်းရေးကို လိုလားပြီး ယခုဆွေးနွေးပွဲတွင် ကုလသမဂ္ဂကိုယ်စားလှယ် ပါဝင် လာခြင်းကို ကြိုဆိုကြောင်း၊ ဆက်လက်ပါဝင် စေလိုကြောင်းနှင့် အမေရိကန်နှင့် ဗြိတိန်အစရှိသော နိုင်ငံ များမှ ကိုယ်စားလှယ်များ ပါဝင်စေလိုကြောင်းကိုလည်း ထပ်မံပြောကြားခဲ့ကြပါသည်။

ကချင်လူထု၏ သဘောထား အမြင်များကို သိရှိရသည့်အတွက် ကျေနပ်ကြောင်းနှင့် ဘက်ပေါင်းစုံ အမြင် များက ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွင် အထောက်အကူ ဖြစ်နိုင်လိမ့်မည်ဟု ထင်မြင်ကြောင်း မစ္စတာ ဗီဂျေနမ်ဘီယားက တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။ ထို့အပြင် အစိုးရနှင့် KIO တို့ အနေဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်ကို ပိုမိုတိုးတက်စေရန် ရှေ့ဆက်လုပ်ဆောင် သွားမည်ဟု မျှော်လင့်ကြောင်း လည်း နမ်ဘီယားက ပြောဆိုခဲ့ပါသည်။

မစ္စတာ နမ်ဘီးယားနှင့် ကချင်လူထု တွေ့ဆုံမှုမှာ မေ ၂၉ ရက် မွန်းတည့်ချိန်တွင် ပြီးဆုံးခဲ့ပါသည်။

မေ ၂၉ ရက် မွန်းလွဲပိုင်းတွင် KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် ကချင်လူထုတို့ မနောကွင်း၌ ဆက်လက်တွေ့ဆုံ ခဲ့ကြပါသည်။ ထိုတွေ့ဆုံပွဲသို့ ဦးဆွမ်လွတ်ဂမ်နှင့် KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်တို့ တက်ရောက်ခဲ့ကြပါသည်။

ယင်းတွေ့ဆုံပွဲ၌လည်း ကချင်ဘာသာ စကားဖြင့်ပင် အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး KIO က ၎င်းတို့၏ ရပ်တည်ချက်နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုများကို ရှင်းလင်းခဲ့ကာ ကချင်လူထု၏ သဘောထား များကို လည်း တောင်းခံခဲ့ပါသည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO တို့၏ မြစ်ကြီးနား ငြိမ်းချမ်း ရေး ဆွေးနွေးပွဲကို မေ ၃၀ ရက်တွင် မနောကွင်း၌ ဆက်လက်ပြုလုပ်မည် ဖြစ်ပါသည်။ 

ကချင်လူထုနှင့် တွေ့ဆုံရန် မနောကွင်းသို့ ရောက်ရှိလာသော ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကို တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်) 

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။