/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, March 25, 2013

.

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ လုပ်ငန်း ၇၂ ခု လေလံတင် အငှားချထားခဲ့ရာ ၄၃ ခု လေလံအောင်ခဲ့ပြီး လေလံဈေးများ ယမန်နှစ်ကထက်မြင့်

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ လုပ်ငန်း ၇၂ ခုကို ဈေးပြိုင်စနစ်ဖြင့် လေလံတင် အငှားချထားခြင်းကို မတ် ၂၀ ရက်က ရန်ကုန်မြို့တော် ခန်းမ တွင် ပြုလုပ်ခဲ့ရာ လုပ်ငန်း ၄၃ ခု လေလံအောင်ခဲ့ကြောင်းနှင့် လေလံရရှိသည့် နှုန်းထားများ ယမန်နှစ်ကထက် မြင့်တက်ခဲ့သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

လေလံတင် အငှားချထားခဲ့ရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အခွန်ဌာန မှ လှော်ကားလမ်း အသုံးပြုခ ကောက်ခံခြင်း၊ ဒဂုံဧရာ အဝေးပြေး ယာဉ်ရပ်နားစခန်း ညပိုင်း ယာဉ်ရပ်နားခ ကောက်ခံခြင်း၊ တောင်ဥက္ကလာပ- ဒဂုံမြောက် ကူးတို့လုပ်ငန်း၊ မြောက်ဥက္ကလာ-ဘုန်းကြီး လမ်း ကူးတို့လုပ်ငန်းများ အပါအ၀င် လုပ်ငန်း ၁၂ ခု၊ ဈေးများဌာနမှ ဈေး ၅၆ ခုရှိ သန့်စင်ခန်း အသုံးပြုခ ကောက်ခံခြင်း လုပ်ငန်း ၅၆ ခု၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ ပန်းဥယျာဉ်လေးခုရှိ လူ-ယာဉ်ဝင်ခနှင့် သန့်စင်ခန်းဝင်ကြေး ကောက်ခံခြင်း လုပ်ငန်းလေးခု စုစုပေါင်းလုပ်ငန်း ၇၂ ခုဖြစ်သည်။

သို့ရာတွင် လုပ်ငန်း ၄၃ ခုသာ လေလံအောင်ခဲ့ပြီး တောင်ဥက္ကလာပ-ဒဂုံမြောက် ကူးတို့ လုပ်ငန်းနှင့် မြောက်ဥက္ကလာပ-ဘုန်းကြီးလမ်း ကူးတို့လုပ်ငန်းတို့မှာ လေလံအောင်မြင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

လေလံဆွဲသည့် ဈေးနှုန်းများ အနေဖြင့် အင်းယားပန်းခြံ လူ-ယာဉ် ၀င်ခ ကောက်ခံခြင်း လုပ်ငန်းအား ယခင်နှစ်က တစ်နှစ်လျှင် ကျပ်သိန်း ၂၀၀ ဖြင့်လေလံအောင်ခဲ့သော်လည်း ယခုနှစ်တွင် ကျပ် ၆၆၅ သိန်းဖြင့် လေလံအောင်ခဲ့သည်။

လုပ်ငန်းများအားလုံး၏ လေလံအောင်မြင်ခဲ့သည့် ဈေးနှုန်းများ အနေဖြင့် ပြီးခဲ့သည့်နှစ်က ကြမ်းခင်းဈေး ကျပ်သိန်းပေါင်း ၈၄၇၀ ကျော် ဖြစ်ခဲ့သော်လည်း ယခုနှစ် လေလံအောင်မြင်သည့်ဈေးမှာ ကျပ်သိန်းပေါင်း ၁၀၅၂၀ ကျော် ဖြစ်သည်ဟု သိရသည်။ ယခုနှစ် ဧပြီ ၁ ရက်မှစ၍ ရန်ကုန်မြို့တွင်းရှိ ယာဉ်ရပ်နားဇုန် များတွင် ယာဉ်ရပ်နားခ ကောက်ခံခြင်း အစီအစဉ်ကို ဖျက်သိမ်းတော့မည် ဖြစ်သောကြောင့် အဆိုပါဇုန် များတွင် ယာဉ်ရပ်နားခ ကောက်ခံခြင်း လုပ်ငန်းများကို လေလံတင် အငှားချထားပေးသည့် စာရင်းတွင် ထည့်သွင်းခြင်း မရှိတော့ကြောင်း သိရသည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။