/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, January 23, 2013

.

နိုင်ငံတော်သမ္မတ အပါအ၀င် အစိုးရအဖွဲ့အား စွပ်စွဲပြစ်တင်ခြင်း ဆိုင်ရာ အဆိုကို ပြည်သူ့လွှတ်တော် ဥက္ကဌ၏ ကန့်ကွက်ချက်အရ အဆိုတင်သွင်းသူ ပြန်လည်ရုပ်သိမ်း

နိုင်ငံတော်သမ္မတ အပါအ၀င် အစိုးရအဖွဲ့အား စွပ်စွဲပြစ်တင်ဆိုင်ရာ အဆိုကို ပြည်သူ့လွှတ်တော် ဥက္ကဌ၏ ကန့်ကွက်ချက်အရ အဆို တင်သွင်းသူ ပုဇွန်တောင်မြို့နယ် မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်က ဇန်န၀ါရီလ ၂၂ရက်နေ့တွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်က “နိုင်ငံတော် သမ္မတ သို့မဟုတ် ဒုတိယ သမ္မတ၊ ပြည်ထောင်စုအစိုးရ အဖွဲ့ဝင် များ၊ ပြည်ထောင်စု တရားသူကြီးချုပ်နှင့်   ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံးဥက္ကဌနှင့် အဖွဲ့ဝင်များ၊ပြည်ထောင်စု စာရင်း စစ်ချုပ်တို့ကို ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော် ကိုယ်စားလှယ်များက စွပ်စွဲပြစ်တင်ခြင်းနှင့် စပ်လျဉ်း၍ ကျင့်သုံးရမည့် စုံစမ်းစစ်ဆေးရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများကို သတ်မှတ်ထား သင့်ပါကြောင်း ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းထားသည့်” အဆိုကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။

ထို့နောက် ၎င်းအဆိုကို ဦးအောင်ဇင်က တင်သွင်းရာတွင် အဆိုသည် အချိန်ကာလနှင့် မကိုက်ညီခြင်း၊ အချက်အလက် မပြည့်စုံခြင်းများ ကြောင့် ပြန်လည်ရုပ်သိမ်းကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်ဥက္ကဌသူရ ဦးရွှေမန်းက “ဒီနေ့လည်း မနက်က အစည်းအဝေးမှာပဲခုနက ဦးအောင်ဇင်၊ ပုဇွန်တောင်မဲဆန္ဒနယ်က တင်ပြတဲ့ကိစ္စနှင့် ပတ်သက်ပြီးတော့ ကျွန်တော်ရှင်းပြပါတယ်။

အဲဒီအဆိုနှင့် ပတ်သက်ပြီးတော့ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၇၁ ထဲ မှာပါပြီးပြီ။(က) ကနေပြီးတော့ အပိုဒ်ခွဲ (ဈဈ) အထိရှိတယ်။ အဲ့ဒီ အထဲမှာ လုပ်နည်းအဆင့်ဆင့်ပါ ပြီးပြီ။ ပြီးရင် ဒီမေးခွန်း၊ ဒီအဆိုဟာ ကြည့်လိုက်မယ်ဆိုလို့ရှိရင် နိုင်ငံတော်သမ္မတ အပါအ၀င်ကျန်တဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများကို စွပ်စွဲပြစ်တင်ဖို့အတွက် လုပ်နည်း စည်းမျဉ်းစည်းကမ်းချက်တွေကို ပြည်ထောင်စုလွှတ်တော် တိုက်တွန်း ဖို့ဆိုတဲ့နေရာမှာ ဒီခေါင်းစဉ်ကြည့်လိုက်တာနဲ့ ပတ်ဝန်းကျင်အနေနဲ့ မကောင်းဘူး။ ဒါကြောင့်မို့လို့ ကျွန်တော်အမြင်ပြောရမယ်ဆိုရင် ဒါဟာ မတင်သင့်ပါဘူးလို့ ဒီလိုပြောပါတယ်။ ပြောတဲ့အချိန်မှာ ဦးအောင်ဇင်က ဒုတိယဥက္ကဋ္ဌနဲ့လည်း တွေ့ပြီးပါပြီ။ ဒီကိစ္စဟာ ကျွန်တော်တို့ ပါတီကနေပြီးတော့ တင်ခိုင်းတဲ့ကိစ္စဖြစ်တဲ့အတွက် ကျွန်တော် ဆက်ပြီး တော့ တင်ပါရစေလို့ ပြောပါတယ်။ အဲဒီမှာ ကျွန်တော်က ပြောမယ်လုပ်တဲ့ အခါမှာ အဲ့ဒီပါတီက ပုဂ္ဂိုလ်တစ်ဦးကပဲ ဒါနှင့်ပတ်သက်လို့ ပါတီဥက္ကဋ္ဌဆီ တယ်လီဖုန်း ဆက်ပါမယ်။ ခုပြောတဲ့ဟာ ဒီလိုဖြစ်တဲ့အတွက် တင်ပြပါမယ်။ တယ်လီဖုန်းနဲ့တင်ပြပါမယ်။ ကျွန်တော်လည်း အဲ့ဒီအချိန်မှာ တစ်ဆက်တည်းပဲ ပြောပါတယ်။ ကျွန်တော်တို့ လွှတ်တော်ထဲမှာ ပါတီစွဲ၊ ၀ါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ မထားဘဲနှင့်ဆောင်ရွက် နေတဲ့ ကိစ္စရပ်မှာ အဲဒီပါတီက ခုနပြောတဲ့ ကိစ္စအတွက် ဆောင်ရွက်မယ်ဆိုလို့ရှိရင် ဒီလိုအကျိုးဆက်တွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့်မို့လို့ ဒီဟာတင်ရင် ကျွန်တော်ကန့်ကွက်မယ်။

အဲဒီ အတိုင်းပဲကျန်တဲ့ လွှတ်တော် ကိုယ်စားလှယ်များနဲ့ ကျန်တဲ့ပါတီ များလည်း ကျွန်တော်ဘက်က ဆန္ဒရှိတယ်ဆိုရင်သိအောင် ကျွန်တော်ပြောမယ်ဆိုပြီးတော့ ဒီလိုပြောလိုက်ပါတယ်။ အဲ့ဒီတော့ ပါတီစွဲသာ ထားရမယ်ဆိုရင် ဒီနေ့ လွှတ်တော်မှာ ပါတီကြီးတစ်ခုက ကြီးစိုးထားပါတယ်။ ဘာပါတီ ဆိုလည်း သိပါတယ်။ ခုနက ကျန်တဲ့ပါတီက တင်ပြလာတဲ့ ကိစ္စမှာနိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးဖြစ်တဲ့ကိစ္စကို ပါတီစွဲ ထားပြီး တော့သူ့ပါတီက ဒီလိုကန့်ကွက် လိုက်မယ်ဆိုလို့ရှိရင် ဘယ်လိုမှမတရားဘူး၊ မမျှတဘူး၊ နိုင်ငံ့အကျိုးလည်း မဖြစ်နိုင်ဘူး။ ဒါကြောင့်မို့လို့ ပါတီစွဲ၊ ၀ါဒစွဲ၊ဒေသစွဲ၊ လူမျိုးစွဲ၊ ကိုးကွယ်တဲ့ အယူမထားကြပါနဲ့လို့ ပြောပြီးဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီဟာလည်း ကျွန်တော်ရှင်းလင်းတင်ပြဖို့ မူလမရှိပါဘူး။ သို့ရာတွင် မနက်က ၉း၁၅ မှာ ဒီလိုလုပ်ခဲ့တယ်ဆိုတဲ့အကြောင်း ခုနက ဦးဖေသန်းရဲ့ တင်ပြချက်ပေါ် မူတည်ပြီးတော့ လွှတ်တော်ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ ဘယ်လို စဉ်းစားတယ်၊ ဘယ်လိုဆောင်ရွက် တယ်ဆိုတာသိအောင် လွှတ်တော်သို့ တင်ပြခြင်းပဲ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

Photo: Eleven Media Group www.MyanmarExpress.net

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။