/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, July 6, 2012

.

လယ်မြေသိမ်းဆည်းခံရသည့် တောင်သူလယ်သမားများထံမှ အကူအညီ တောင်းခံစာပေါင်း ၂၅၀ ကျော်လွှတ်တော်သို့ ရောက်ရှိလာ၊ လယ်ယာမြေများ သိမ်းဆည်းခံရခြင်းများအား စုံစမ်းလေ့လာဖော်ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှုမရှိစေရေး၊ တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးရန် အဆိုတင်သွင်း

လယ်မြေသိမ်းဆည်းခံရသည့် တောင်သူလယ်သမားများထံမှ အကူအညီတောင်းခံစာပေါင်း ၂၅၀ ကျော် လွှတ်တော်သို့ ရောက်ရှိလာကြောင်း ဇလွန်မဲဆန္ဒနယ်မှ ဦးတင်ထွတ်က ဇူလိုင်လ ၄ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန် အစည်းဝေးတွင် ပြောကြားခဲ့သည်။

ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်သို့ လယ်ယာမြေများ သိမ်းဆည်းခံရခြင်းများအား စုံစမ်းလေ့လာ ဖော်ထုတ်ပြီး တောင်သူလယ်သမား နစ်နာမှုမရှိစေရေး၊ တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးရန် အဆိုတင်သွင်းခဲ့ရာ လွှတ်တော်မှ လက်ခံဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။

ဇလွန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွတ်က "ကျွန်တော်တို့ တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ရေးရာ ကော်မတီထံသို့ မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်မှ လယ်ယာမြေ သိမ်းဆည်းခံခဲ့ရတဲ့ တောင်သူလယ်သမားများက တင်ပြအကူအညီ တောင်းခံစာပေါင်း ၂၅၀ကျော် လက်ခံ ရရှိခဲ့ပါတယ်။ မြို့ပြတိုးချဲ့ရေးနှင့် စက်မှုဇုန်တည်ဆောက်ရေး စီမံကိန်းများအတွက် တောင်ဒဂုံမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဒဂုံအရှေ့မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်တို့တွင် လယ်မြေများ ဧက ၁၀၀၀၀ကျော် သိမ်းဆည်းခံခဲ့ရပါတယ်။ ဒါ့အပြင် ထိုမြို့နယ်များတွင် လယ်မြေသိမ်းဆည်းထားပြီး မြို့ပြ တိုးချဲ့တည်ဆောက်ရေး မလုပ်ဖြစ်တော့သည့် လယ်ဧက ၈၀၀၀ ကျော်တွင် မူလပိုင်ရှင် လယ်သမားများနှင့် ကုမ္ပဏီများပူးပေါင်း၍ အကျိုးတူ ဆောင်ရွက်စေခဲ့ပါတယ်။

အဆိုပါ လယ်မြေများအတွင်း စိုက်ပျိုးရာတွင် ကုမ္ပဏီများကသာ စိုက်ပျိုးသည့် မြေရှင်ကြီးစနစ်သို့ ကူးပြောင်း ရောက်ရှိသွားပြီး လက်တွေ့တွင်မူ ဘိုးသွားစဉ်ဆက် စိုက်ပျိုးလုပ်ကိုင်လာသည့် ပိုင်ရှင်လယ်သမားများ လယ်လုပ်ခွင့်မရရှိဘဲ လယ်မဲ့၊ မြေမဲ့ဘ၀ ရောက်ရှိသွားခဲ့ပါတယ်။အလားတူ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်၊ သောင်းဇားကျေးရွာအုပ်စုတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ရန်အတွက် တောင်သူလယ်သမား ၁၆၀ဦး၏ လယ်မြေဧက ၂၄၄၀ ကျော်၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ခေါင်းကွဲအုပ်စု သင်္ဘောတင် ကျေးရွာတွင် ကြက်သွန်စိုက်ပျိုးရန်အတွက် မြေနုကျွန်းဧက ၆၀၀ ကျော်၊ တောင်သာမြို့နယ် ကျွဲဆင်းကျေးရွာအုပ်စုတွင် ဧက ၄၅၀တို့ကို ကုမ္ပဏီများသို့ လုပ်ကိုင်ခွင့် ချထားပေးခဲ့ပါတယ်။

ယခုအခါကုမ္ပဏီများ အနေဖြင့် စိုက်ပျိုးခြင်းမရှိဘဲ မူလ လယ်သမားများကို ပြန်၍ အငှားချထားခြင်း၊ နီးစပ်သူများကို လုပ်ကိုင်ခွင့် ပြုထားခြင်း၊ ပြန်လည်ရောင်းချခြင်း၊ ကုမ္ပဏီ၏ ခွင့်ပြုချက်မရှိဘဲ ၀င်ရောက်စိုက်ပျိုးသူများကို နှင်ထုတ်ခြင်း၊ စိုက်ပျိုးထားသည့် သီးနှံများကို ဖျက်ဆီးခြင်း စသည့် မတရားပြုကျင့်မှုများ၊ အနိုင်ကျင့်မှုများ ခံစားနေရကြောင်း ကာယကံရှင် တောင်သူများက အကူအညီတောင်းခံလျက် ရှိကြပါတယ်။ လမ်းပန်းဆက်သွယ်ရေး စီမံကိန်းများဖြစ်သည့် ရထားလမ်းများ၊ ကားလမ်းများ၊ လေယာဉ်ကွင်းများ တိုးချဲ့တည်ဆောက်ရေးအတွက် မြေများ သိမ်းဆည်းခဲ့ကြရာတွင်လည်း သင့်တင့်မျှတသည့် လျော်ကြေးမရရှိမှုများ၊ ရသင့်ရထိုက်သည့် အခွင့်အရေး မရရှိမှု ဖြစ်စဉ်များလည်း ရှိပါတယ်"ဟု ပြောကြားခဲ့သည်။

လွှတ်တော်သို့ ရောက်ရှိလာသည့် တင်ပြတိုင်ကြားစာများနှင့် ပတ်သက်၍ ကွင်းဆင်းလေ့လာ စုံစမ်းရာတွင် လယ်ယာမြေတွေကို မြို့ပြများတိုးချဲ့ တည်ဆောက်ရေးအတွက် သိမ်းဆည်ခြင်း၊ စက်မှုဇုန်များ တည်ဆောက်ရေးအတွက် သိမ်းဆည်းခြင်း၊ တပ်မတော် တပ်ရင်းတပ်ဖွဲ့များ တိုးချဲ့ဖွဲ့စည်းရာတွင် တပ်မြေအဖြစ် သိမ်းဆည်းခြင်း၊ နိုင်ငံတော် စီမံကိန်းဖြစ်သည့် ရထားလမ်းများ၊ ကားလမ်းများ၊ လေယာဉ်ကွင်းများ တိုးချဲ့တည်ဆောက်ရေးအတွက် သိမ်းဆည်းခြင်း၊ နိုင်ငံတော်ပိုင် စက်ရုံအလုပ်ရုံများ တည်ဆောက်ရေးအတွက် သိမ်းဆည်းခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး စီမံကိန်းများဆောင်ရွက်ရန် ပုဂ္ဂလိက ကုမ္ပဏီများသို့ မြေနေရာ ချထားပေးရာတွင် တောင်သူလယ်သမားများ လက်ရှိလုပ်ကိုင်နေသည့် လယ်ယာမြေများ ပါရှိသွားခြင်းစသည့် အကြောင်းအရင်းများ ဖြစ်ကြောင်း သိရှိရသည်။

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။