/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, November 24, 2014

.

ပြည်လုံးကျွတ်ဆန္ဒခံယူရာတွင် ဧည့်နိုင်ငံသားများ၊ နိုင်ငံသားပြုခွင့်ရသူများနှင့် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများပါ ဆန္ဒမဲပေးခွင့်ပြုရန် ဥပဒေကြမ်းတွင် ထည့်သွင်းထားခြင်းကို လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်မည်

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူရာတွင် ဧည့်နိုင်ငံသားများ၊ နိုင် ငံ သားပြုခွင့်ရသူများနှင့် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများပါ ဆန္ဒမဲပေးခွင့်ပြုထားခြင်းကို လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၂ဝ ရက်တွင် ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့သည့် “၂ဝဝ၈ခုနှစ် ပြည်ထောင်စု သမ္မတ မြန် မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေ (မူ ကြမ်း)ကို အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်း”တွင် ဧည့်နိုင်ငံသားများ၊ နိုင်ငံသားပြုခွင့်ရသူများနှင့် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများပါ ဆန္ဒမဲပေးခွင့်ပြုကြောင်း ထည့်သွင်းထားခြင်းဖြစ်သည်။

၎င်းဥပဒေကြမ်းပါ အခန်း(၅) မဲစာရင်းများပြုစုခြင်းအခန်း၌ “ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပသည့် နေ့ရက် တွင် အသက် ၁၈ နှစ် ပြည့်ပြီးဖြစ်သည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတိုင်းသည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသည်။ ယင်းဆန္ဒမဲပေးခွင့်ရှိသူတိုင်းကို မဲစာရင်းတွင် ထည့်သွင်းရမည်”ဟု ထည့်သွင်းထားခြင်း ဖြစ်သည်။

ထိုသို့ ထည့်သွင်းထားခြင်းနှင့်ပတ်သက်၍ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ဆွေးနွေးကြမည်ဟု သိရသည်။ အကြောင်းရင်းမှာ ပြည် တွင်းရေးကိစ္စများအနက် အရေးအကြီးဆုံးဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စ တွင် နိုင်ငံ သားအဆင့်ပင် မရောက်ရှိသေးသည့် ယာယီသက်သေခံလက်မှတ် (ဝှိုက်ကတ်) ကိုင်ဆောင်ထားသူများကို ပါဝင်ဆုံးဖြတ်ခွင့်ပေးထားခြင်းမှာ မသင့်လျော်ဟု သုံးသပ်ကြသောကြောင့် ဖြစ်သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က “ဒီကိစ္စကို လတ်တလောမှာ လုံးဝ လက်မခံပါဘူး။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စဟာ နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်တဲ့ ကိစ္စပဲ ဖြစ်တယ်။နိုင်ငံသားဖြစ်မှပဲ နိုင်ငံသားအခွင့်အရေးကို ရသင့်တယ်။ အချုပ်အခြာအာဏာနဲ့ ပတ်သက်တာကို။ နိုင်ငံသားဖြစ်ဖို့ လျှောက်ထားဆဲသူတွေကိုတောင် ဒီအခွင့်အရေး မပေးသင့်ဘူး။ ဒီဥပဒေကြမ်းပါ အချက်တွေကို ပြည်သူ့လွှတ်တော်ဘက်မှာလည်း ကန့်ကွက်ဆွေးနွေးတာတွေ ရှိမှာပါ။ အမျိုးသားလွှတ်တော်ဘက်ရောက်ရင်လည်း ကျွန်တော်တို့ ကန့်ကွက်ဆွေးနွေးသွားမှာပါ”ဟု ဆိုသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “အန်တီတို့ ရခိုင်တိုင်းရင်းသားတွေ အနေနဲ့ ဒီအချက်ကို လုံးဝလက်မခံနိုင်ပါဘူး။ အန်တီတို့အခု ပြည်သူ့လွှတ်တော်မှာ ဝှိုက်ကတ်နဲ့ မဲမပေးရ ဆိုတာကို အောင်မြင်အောင်လုပ်နိုင်ဖို့ ကြိုးစားနေတယ်။

ဒီဥပဒေထဲမှာပါနေတဲ့ ဒီအချက်တွေကို ကျွန်မတို့ပါတီက ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မ တီဝင်ဖြစ်တဲ့ ဦးဘရှိန်က ကန့်ကွက်ဆွေးနွေးပါလိမ့်မယ်။ အန်တီတို့ကတော့ ဘယ်လိုမှ ဒီဧည့်နိုင်ငံသား များနဲ့ ဝှိုက်ကတ်သမားများအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ မဲပေးခွင့်ကို လုံးဝလက်မခံနိုင် ပါဘူး”ဟု ပြောကြားသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကလည်း ယခုကိစ္စသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခန်း(၉) ရွေးကောက်တင်မြှေက်ခြင်းအခန်းပါ ဆန္ဒမဲပေးပိုင်ခွင့် မရှိသူများပုဒ်မကို ပြင်ဆင်မှုအပေါ်တွင် မူတည်ဆုံးဖြတ်ရမည်ဖြစ်ကြောင်းနှင့် ၎င်းကိစ္စနှင့်ပတ်သက်၍ လွှတ်တော်၌ ဆွေးနွေးသွား မည်ဟု ပြော ကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ပြည်သူ့ဆန္ဒခံယူပွဲကို လာမည့် ၂ဝ၁၅ ခုနှစ် မေလ အတွင်းဆောင်ရွက်မည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း က ပြောကြားထားသည်။

ဝေယံဖြိုးဦး၊ မျိုးမင်းထက် EMG

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။