/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, June 5, 2014

.

သူတစ်လူ ငါတစ်မင်း လွှတ်တော်တွင်း ဗလောင်ဆူစေမယ့် PR စနစ် -ဆရာထင် လင်ဦး

အချိုးကျ ကိုယ်စားပြု စနစ် လေ့လာလိုသူများအတွက်

သွေးနုသားနု ဒီမိုကရေစီ နိုင်ငံသစ်အား သည်းခြေပျက်စေမည့် ဇာတ်လမ်း

မူရင်းရေးသားသူဆောင်းပါးရှင် >>> ဆရာထင် လင်ဦး

“ သူတစ်လူ ငါတစ်မင်း လွှတ်တော်တွင်း ဗလောင်ဆူစေမယ့် PR စနစ်


“အစက ရိုးရိုး -- နောက်တော့ တစ်မျိုးတိုးလို့ ချစ်ပြန်ဆိုပဲ .. ဆိုပဲ… ” ဆိုသည့် ရေဒီယို သီချင်းလေးတစ်ပုဒ်ကို ကြားဖူးကြမည်ထင်ပါသည်။ လူငယ်များကတော့ ကြားဖူးချင်မှ ကြားဖူးကြပါလိမ့်မည် ။ ရေဒီယိုခေတ်တွင် လူဖြစ်လာ ကြသည့် အသက်၄၀ ကျော် ပုဂ္ဂိုလ်များ ကတော့ ကြားဖူးသူများပါလိမ့်မည် ။

ယနေ့ နိုင်ငံရေးလောကတွင် ပါဝင်ပတ်သက် နေသည့် လူလတ်ပိုင်း လူကြီးပိုင်း နိုင်ငံရေးသမားများကတော့ မကြားဘူး စရာ ရှိမည်မထင်ပါ ။ ထိုခေတ်က နိုင်ငံရေး သမားများအကြား တွင်တွင်ကျယ်ကျယ် သုံးခဲ့သော “ကြောင်ကို ၀မ်းနှုတ်ဆေး ကျွေးမိသလို .. ကျွေးမိသလို… ပျော့ပျော့ လေးနဲ့ နံမယ့် ပုံပေါ်တယ်” ဟူသော ထိမိလှသည့် စကားလုံးကလေးများက ဤသီချင်းထဲတွင် ပါဝင်နေ၍ ဖြစ်ပါသည်။ ယခုလည်း ဤသီချင်းကလေးက တစ်ကျော့ပြန် တစ်ခေတ်ဆန်းလာပြန်ပါသည် ။

နိုင်ငံရေးဆိုသည်မှာ နိုင်ငံသူနိုင်ငံသားများ အကျိုးစီးပွားကို ဆောင်ရွက်ခြင်းဖြစ်သောကြောင့် ပင်ကိုယ်ပကတိ အားဖြင့် အလွန်ဖြူစင်မွန်မြတ်လှသည် ၊ နိုင်ငံရေးကိုခုတုံးလုပ်၍ ကိုယ်ကျိုးရှာသူများ ၊ ကိုယ်ကျိုးစီးပွား ကာကွယ်ရန် နိုင်ငံရေး လုပ်စားသူများကြောင့်သာလျှင် နိုင်ငံရေးသည် ညစ်ထေးသွားရသည် ။ ယနေ့မြန်မာနိုင်ငံသည် စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းကာစဖြစ်ပါသည်။ အကူး အပြောင်း ကာလတိုင်းသည် လွန်စွာအရေးကြီးလှသည်။

လွတ်လပ်ကာစမြန်မာပြည်တွင် ဤအခြေအနေမျိုးတွင်ပင် ပြည်တွင်းစစ်မီး များထတောက်ခဲ့သည်မှာ ယခုပင်မငြိမ်းသေး ။ ဤအခြေအနေမျိုးတွင်ပင် အာဏာရှင် တို့ တစ်စခန်းထတတ်ကြသည် ။ လွတ်မြောက်လာရသည်မှာ နှစ်နှစ်ပင်မပြည့်သေး ။ ဤသို့သောအချိန်မျိုးတွင် သူတစ်လူငါတစ်မင်းနှင့် လွှတ်တော်တွင်း ဗလောင်ဆူ၍ တိုင်းပြည်မတည်မငြိမ်ဖြစ်လျှင် တောင်တက်လှည်းစည်းကုန်းပြတ်သကဲ့သို့ နောက်ကြောင်းပြန်လှည့်သွားစေ နိုင်သည့် အလွန်ပြဿနာများစွာဖြင့် ရှုတ်ထွေးပွေလီလှသော အချိုးကျ ကိုယ်စားပြု စနစ် PR ( Proportional- Represen tation) ဆိုသည်ကြီးကို လေသံလွှင့်လာကြပြန်ပါပြီ ။

လွန်ခဲ့သည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို နာဂစ်မုန်တိုင်းအလွန် မိုးထဲရေထဲ အသည်းအသန် အတည်ပြု ပြဌာန်းခဲ့စဉ်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီရွေးကောက်ပွဲများကို PR စနစ်ဖြင့် ကျင့်သုံးကျင်းပသွားမည် ဟု မည်သည့် တာဝန်ရှိ နိုင်ငံတော်အကြီးအကဲ ပုဂ္ဂိုလ်ကြီး တစ်ဦးတစ်ယောက်ကမျှ လေသံပင် မသလပ်ခဲ့စဘူး ။ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီကလည်း PR စနစ် ကျင့်သုံးမည်ဆိုသည်ကို နားမှလေသံ မကြားခဲ့စဘူး ၊ ကြံ့ခိုင်ရေးပါတီက အမတ်အများစု အနိုင်ရ၍ အစိုးရဖွဲ့ကြ၊ သမ္မတရွေးချယ်တင်မြှောက်ကြ၊ ပြည်သူ့လွှတ်တော် အစည်းအဝေး များ ကျင်းပစဉ်အခါများ ကလည်း PR စနစ်ကို ကျင့်သုံးကြလျှင် ကောင်းမည်ဟု ဆွေးနွေးညှိနှိုင်းသံမျှတစ်ခွန်းတစ်ပါဒ မျှ ထွက်ပေါ်၍မလာ ။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်သည် ။ သမ္မတကြီး ဦးသိန်းစိန်၏ အပြုသဘောဆောင်သော လက်ကမ်းကြိုဆိုမှုများ ကိုလက်ခံ၍ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) တရားဝင် နိုင်ငံရေးပါတီ မှတ်ပုံ ပြန်တင်သည် ။ ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ပြိုင်သည် ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ကိုယ်စားလှယ် ၄၃ ဦး လွှတ်တော်တွင်းသို့ ချဉ်းနင်းဝင်ရောက်လာသည် ။ တရားဥပဒေ စိုးမိုးရေးကို မူဝါဒ (၃)ရပ်အနက်မှ တစ်ချက် အဖြစ် ချမှတ်၍ ရွေးကောက်ပွဲဝင်လာသော NLD က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြင်ဆင်ရန်လိုအပ်သည်ဟု ယူဆသော အချက်(၁၂)ချက်ကို ကိုင်စွဲလာသည် ။ ဒေါ်အောင်ဆန်း စုကြည် ပြည်ပနိုင်ငံများ ခရီးထွက်ခွာသည် ။

နှစ်ပေါင်း၃၀၀ကျော် အတွင်း ပြင်သစ် သမ္မတ ချားစ်ဒီဂေါလ်၊ တောင်အာဖရိက သမ္မတ နယ်လ်ဆင်မင်ဒဲလား၊ ပုပ်ရဟန်းမင်းကြီး ဘင်နီဒစ် (၁၆) နှင့် ပထမဆုံး လူမည်းအမျိုးသား အမေရိကန် သမ္မတ ဘာရက်အိုဘားမား စသည့် ထင်ရှားကျော်ကြားသူတို့သာ တက်ရောက် စကား ပြောခွင့် ရခဲ့သော အင်္ဂလန်လွှတ်တော်တွင် စကားပြောခွင့် ပေးအပ်ခြင်းခံရသည့် ၅ဦးမြောက်ပုဂ္ဂိုလ် အခွင့်အရေးကို ပေးအပ်ခြင်းခံခဲ့ရသည် ။

အမေရိက သို့သွားသည် ၊သမ္မတအိုဗားမားနှင့် တွေ့ဆုံသည် ။ မြန်မာပြည်အား အကူအညီ ပေးရန် ပြောခဲ့သည် ။ သမ္မတ ကြီး ဦးသိန်းစိန်၏ နိုင်ငံကို ပြုပြင်ပြောင်းလဲလိုစိတ် စေတနာများကို ယုံကြည်ကြောင်း ဖွင့်ဟ ပြောဆိုခဲ့သည်။ (မိမိ ကိုယ်တိုင်လည်း သမ္မတကြီး၏ပြုပြင်ပြောင်းလဲလိုစိတ် ကိုသိရှိလက်ခံ ပါကြောင်း ဤနေရာတွင်ဖော်ပြလိုပါသည်)။ အမေရိကသို့ခရီးရောက်လာသော နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံကြ သည် ၊ “ သမ္မတကြီး ခရီးပန်းလာမှာပေါ့ ” “ ဟုတ်ကဲ့ မစုလည်း ပိန်သွားတယ်နော်” စသည့် မောင်ရင်းနှမ သဖွယ် ပဋိသန္ဓာရ စကားများဖြင့် ပုဂ္ဂိုလ်ရေး ချစ်ကြည်လေးစားမှုများကို ထုတ်ဖော်ပြသခဲ့ကြသည် ။

ထိုနောက် မြန်မာပြည် အပေါ် ပိတ်ဆို့ တားမြစ်မှုများကို သမ္မတအိုဗားမားက လက်မှတ်ရေးထိုး၍ ပယ်ဖျက် လိုက်သည် ။ ဤအချိန်မျိုး တွင်မှ ကောက်ကာငင်ကာ ဒီမိုကရေစီမိတ်ဆွေပါတီများ ဆိုသည့် ပါတီအဖွဲ့အစည်းများက၊ လွှတ်တော်ဥက္ကဌကြီးအားတွေ့ဆုံ၍ PRစနစ်ကို ကျင့်သုံး သင့်ကြောင်းတင်ပြသည် ဆိုသည့် အသံများ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာသည် ကတော့ ကွယ်လွန်သူ အဆိုတော် ဗဒင်၏ သီချင်းလေးအတိုင်း“သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်” ဟုပင်ဆိုရလေမည်လား သီချင်းကြီး ထဲကလို “ ထူးထွေ သည့် အံ့ရာသော် ”ဟုပင် ဆိုရလေမည်လော မသိတော့ပါ။

ပါတီအဖွဲ့အစည်းများအနေဖြင့် မိမိတို့အမတ်ဖြစ်ရေး၊ လွှတ်တော်တွင်ပါဝင်နိုင်ရေး၊မိမိတို့ပါတီနေရာရရေးအတွက် မည်သို့ရည်ရွယ်ချက်ကြီးစွာထားသည်တို့ကို ထည့်သွင်းမပြောလိုပါ။ သို့ရာတွင်သွေးနုသားနုဒီမိုကရေစီနိုင်ငံသစ် အား သည်းခြေပျက်အောင် ရည်ရွယ်ကြံဆောင်လာသည့် အမှောင့်ပယောဂကိုမူ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ဝေဖန်လိုပါသည် ။ ထိုသူတို့ ထုတ်ဖော်ရန် ကြံစည်နေသည့် PR စနစ်ဆိုသည်မှာအဘယ်နည်း၊ မည်သည့်နိုင်ငံများတွင် ကျင့်သုံး သနည်း ၊ မည်သို့ကျင့်သုံးသနည်း ။ PR ( Proportional Representation) အချိုးကျ ကိုယ်စားပြု စနစ်အမျိုးအစား (၄)မျိုးကို ကမ္ဘာ့ နိုင်ငံအတော် များများတွင် ကျင့်သုံးကြပါသည် ။ (ကမ္ဘာ့စွယ်စုံကျမ်းတစ်ခုဖြစ်သော ၀ီကီပီးဒီးယား ( Wikipedia)တွင် ဖော်ပြထားသည့် နိုင်ငံပေါင်း ၉၀ ရှိပါသည် ဤစာတွင် အကုန်တင်ပြ၍မဖြစ်နိုင်သဖြင့် ထင်ရှားသော နိုင်ငံများကိုသာ တင်ပြသွားပါမည်။) ထိုသို့သော စနစ်ကို ကျင့်သုံးခြင်းအားဖြင့် တစ်ပါတီ လက်ဝါးကြီးအုပ်ချုပ်ကိုင်သည့် စနစ်ကို ကာကွယ်နိုင်ရန်ဖြစ်သည် ဟု ပြောဆိုကြပါသည်။

ထို PR စနစ်များမှာ

၁။ Party List System

၂။ Mixed Member Proportional System

၃။ Mixed Member Majoritarian system

၎။ Single Transferable Vote System ဟူ၍ဖြစ်ပါသည် ။

Party List System (ပါတီကိုသာ မဲပေးရွေးချယ်ရသော စနစ်)

ဒီစနစ်တွင် ရွေးကောက်ပွဲဝင်ရန် ပါတီများအလိုက်အမည်စာရင်းတင်သွင်းရပါသည် ။ (ကိုယ်စားလှယ်များကို တန်းစီဇယားပြုစုထားရပါသည်။) မဲဆန္ဒပေးအပြီးတွင် နိုင်ငံတစ်ခု သို့မဟုတ် ပြည်နယ်တစ်ခုစီအလိုက်ရရှိသော မဲ အရေအတွက်တို့ကို စုပေါင်းရေတွက်၍ ပါတီအလိုက်ရရှိသော မဲအရေအတွက်အချိုးအတိုင်း လွှတ်တော်အမတ်နေရာကို ခွဲဝေရသည့် စနစ်ဖြစ်ပါသည် ။

ထိုစနစ်အရ တန်းစီဇယားတွင် ထိပ်ဆုံးမှ စီထားသော ပါတီဥက္ကဌ ၊ ဒုက္ကဌ ၊ အတွင်းရေးမှူးများ ၊ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင်များ ဆိုသူတို့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် သေချာပေါက် ပါဝင်သွားနိုင်ပြီး နံပါတ်ကြီးများဖြင့်သာ တန်းစီဇယားပါသူ မြို့နယ်အဆင့် ကိုယ်စားလှယ်လောင်းများ အတွက်မူ လက်ခုပ်ပြည့်မှ လက်ကြားယိုမည့် စနစ်ဖြစ်ပါသည် ။အစ္စရေးနိုင်ငံတွင် တစ်နိုင်ငံလုံး မဲကိုစုပေါင်းရေတွက်ပြီး အချိုးကျ အလိုက် ခွဲဝေစနစ်ကို ကျင့်သုံးပါသည်။ လူဦးရေနည်းပါးခြင်း (၂၀၁၂ ခုနှစ်တွင် ၇၉၃၃၂၀၀ဦးသာရှိ)၊ လူမျိုးစုကွဲပြားမှု နည်းပါးခြင်း (ဂျူးလူမျိုး ၇၅.၄% ၊ အာရပ်လူမျိုး ၂၀.၆% နှင့်အခြားလူမျိုးများ ၄% သာရှိ၍ ) ဧရိယာကျဉ်းမြောင်း (စတုရန်းမိုင် ၈၀၀၀ ကျော်သာရှိ) သောကြောင့် ဤစနစ်နှင့်သင့်လျော်ကြောင်းတွေ့ရပါသည် ။

သို့သော် ရှီမွန်ပီရက် နှင့် ဘင်ဂျမင် နေတန်ယာဟု တို့သည် ၀န်ကြီးချုပ် နေရာတွင် သက်တမ်းမည်မျှထမ်းဆောင်ခဲ့ပြီးပြီ ဆိုသည်ကို ဆက်လက် လေ့လာပါက ဤစနစ်၏ ချွတ်ယွင်းချက်ကြီးကို ထင်ရှားစွာမြင်နိုင်ပါမည် ။ ထို့အပြင် တစ်ခုတည်းသော လွှတ်တော်တွင် ပါတီ ၁၅ပါတီနှင့်အထက်ပါဝင်နေခြင်းကြောင့် လွှတ်တော်တွင်း တိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားပြီး လွှတ်တော် ပြိုကွဲမှု နှင့် အစိုးရကို အတိုက်အခံတို့က အယုံအကြည် မရှိ အဆိုတင်သွင်းခြင်း ပြဿနာများကို မကြာခဏရင်ဆိုင်ရပါသည် ။ သို့ဖြစ်၍ ရွေးကောက်ပွဲ မကြာခဏပြန်လုပ်ရလေ့ရှိပြီး အစိုးရ အဖွဲ့များ လည်း မကြာခဏ ပြုတ်လိုက်ပြန်တက်လိုက် ဖြစ်လေ့ရှိပါသည် ။ မြန်မာပြည်ကဲ့သို့ လူဦးရေ သန်း ၆၀ ၂၈၀ ၀၀၀ လူမျိုးစု ၁၃၅ မျိုး နှင့် ဧရိယာ ၂၆၁၂၂၇ စတုရန်းမိုင်ကျယ်ဝန်းသော နိုင်ငံတစ်ခု ၊ ပြည်တွင်း ပဋိပက္ခမီးများ တောက်လောင်ဆဲ နိုင်ငံတစ်ခု တွင် ဤစနစ်ကို ကျင့်သုံးမိပါက မည်သို့ ဖြစ်ပေါ်လာနိုင်သည်ကို လူတိုင်းသိနိုင်ပါမည် ။

ဤစနစ်ကို ဘယ်လ်ဂျီယမ် နိုင်ငံသား Victor-D’ Hondt က ၁၈၇၈ ခုနှစ်တွင် စတင်ဖော်ထုတ်ခဲ့သည် ။ သို့ဖြစ်၍ ဤစနစ်ကို Victor-D’ Hondt method ဟုလည်းကျယ်ကျယ်ပြန်ပြန့်ခေါ်ဆိုကြပါသည် ။ စိတ်ကူးယဉ် ဆိုရှယ်လစ်ဝါဒီ တစ်ဦးဖြစ်သူ victor-conside’rant ကလည်း ၁၈၉၂ခုနှစ်က သူရေးသားခဲ့သော စာအုပ်တွင်ထိုသို့သော စနစ်ကို ဖော်ထုတ်ခဲ့သည်။ Party-list PR စနစ်တွင် Open-list နှင့် Close-list ဟု နှစ်မျိုးထပ်မံရှိပြန်ပါသည် ။ Party-list(Open-list) စနစ်ကို အသုံးပြုနေသော နိုင်ငံများမှာ ဖင်လန်၊ လတ်ဗီးယား ၊ ဆွီဒင် ၊ နယ်သာလန်(ဟော်လန်) ၊ ဒီမိုကရက်တစ် ရီပတ်ဗလစ်ကွန်ဂိုနိုင်ငံ နှင့်ဘရာဇီး တို့ဖြစ်၍ Close-list ကျင့်သုံးသောနိုင်ငံများမှာ ရုရှား ၊တောင်အာဖရိကတို့ဖြစ်ပါသည် ။

ဥရောပ ပါလီမန်များတွင် အများစု သည် open-list ကိုကျင့်သုံးကြ၍ ယူနိုက်တက်ကင်းဂ်ဒမ်း တွင် close-list ကို ကျင့်သုံး နေကြပါသည် ။

၂။ Mixed Member Proportional System

( ကိုယ်စားလှယ်လောင်းအားတစ်ကြိမ် ၊ ပါတီအားတစ်ကြိမ် မဲပေးရွေးချယ်ရသော စနစ်)

ဒီစနစ်မှာ မဲဆန္ဒရှင်များက မိမိတို့ရွေးချယ်လိုသည့် ပုဂ္ဂိုလ်အားတိုက်ရိုက်တစ်ကြိမ် ၊ ပါတီအားတစ်ကြိမ် ၊ နှစ်ဆင့် ထပ် မဲပေးရွေးချယ်ရသောစနစ် ဖြစ်ပါသည်။

ဤစနစ်တွင် မဲဆန္ဒနယ်အလိုက် လူပုဂ္ဂိုလ်အရပေးသည့် ဆန္ဒမဲအများဆုံးရ သူ ကလွှတ်တော်ကိုယ်စားလှယ် (တိုက်ရိုက်)ဖြစ်သည်။ ထို့နောက် ပါတီအားပေးသည့်ဆန္ဒမဲရာခိုင်နှုန်းအလိုက်ကိုယ်စားလှယ် နေရာကို တွက်ချက်ခွဲဝေရပါသည် ။ ဤနေရာတွင်ရှုပ်ထွေးလာသည်က ပါတီတစ်ခုသည် ပါတီ၏ ကိုယ်စားလှယ်လောင်း များ ၀င်ရောက်ယှဉ်ပြိုင်ရာတွင် ဦးရေ ၁၀၀ တိုက်ရိုက်အနိုင်ရခဲ့သည် ။သို့သော် ပါတီအလိုက် ပေးသော မဲအရေအတွက် ရာခိုင်နှုန်းအရ ကိုယ်စားလှယ် ၁၅၀နေရာအနိုင်ရသည်ဆိုလျှင် လိုအပ်သော ၅၀ ဦးကို ပါတီစာရင်းမှ ထပ်မံပေါင်းထည့်ပေး ရပါမည် ။

ဆိုလိုသည်မှာ ကိုယ်စားလှယ် ၅၀ သည် ပြည်သူတို့၏ တိုက်ရိုက်ဆန္ဒမဲမဟုတ်ပဲ လွှတ်တော် ကိုယ်စားလှယ်ဖြစ် သွားသည် ဟူသည့် အဓိပ္ပါယ်ဖြစ်ပါသည် ။ မြန်မာပြည်တွင် ထိုသို့သောနည်းစနစ်ကို ပြည်သူများက သဘောတွေ့လိမ့်မည် မထင်ပါ ။ တစ်ခါတစ်ရံတွင် ထိုသို့ထပ်ပေါင်းပေးရသောကိုယ်စားလှယ်များကြောင့် လွှတ်တော်တွင် ကိုယ်စားလှယ်နေရာ အတိအကျ သတ်မှတ်ထား၍ မရသော ပြဿနာများ (လွှတ်တော်ကိုယ်စားလှယ်နေရာ ထပ်တိုးခြင်း -Overhang Seats) ပင်ကြုံတွေ့ ရတတ်ပါသည် ။

ဂျာမနီနိုင်ငံသည် ဤစနစ်ကို ကျင့်သုံးနေသော နိုင်ငံများထဲတွင် ထင်ရှားသည် ။ ဂျာမဏီ၏ ရွေးကောက်ပွဲစနစ်တွင် မဲအများဆုံးရသူနိုင် (FPTP) စနစ်အရ မဲဆန္ဒနယ်အလိုက်ကိုယ်စားလှယ် ၂၄၈နေရာ နှင့် အချိုးကျကိုယ်စားပြု (PR)စနစ်အရ ကိုယ်စားလှယ် ၂၄၈ နေရာ တို့ကို သတ်မှတ်ခွဲခြားထားပါသည်။

ဖွံ့ဖြိုးပြီးနိုင်ငံ ဖြစ် သော်လည်း နိုင်ငံရေးမတည်ငြိမ်သောနိုင်ငံဖြစ်ပါသည် ။ မကြာခဏ ပြင်ဆင်နေရသောစနစ်ဖြစ်၍မြန်မာပြည်ကဲ့သို့ မဖွံ့ဖြိုးသေးသော၊ အဘက်ဘက်မှ ပြင်ဆင်ရန်လိုအပ်နေသော နိုင်ငံသစ်တစ်ခုအတွက် ဤစနစ်ကျင့်သုံးသင့် မသင့်မှာပြည်သူ တို့နှင့် ပြည်သူ့ကိုယ်စားလှယ်ဆိုသူတို့ များစွာသတိထား ဆင်ခြင်ရန်လိုမည်ဖြစ်ပါသည်။ “ဆင်က” (ဆင်ကုန်းနှီး)ကို မြင်း၌“ကုန်းနှီး”တင်ပါကမည်သို့ဖြစ်မည်ကို ဆင်ခြင်ကြစေလို ပါသည် ။

ဤစနစ်(သို့မဟုတ်ဤစနစ်အားပြုပြင်မွမ်းမံ၍) ကျင့်သုံးသည့် နိုင်ငံများမှာ United King domတွင် the Greater London Authority နှင့် စကော့တလန်ပါလီမန် ၊ ဂျာမဏီ ၊ လီဆိုသို ၊ မက္ကဆီကို၊ဘိုလစ်ဗီးယား နှင့် နယူးဇီလန် တို့ဖြစ် ပါသည် ။ အီတလီသည် ထိုစနစ်အား ပြောင်းလဲထားသည့် ပုံစံဖြင့်ကျင့်သုံးသည်။

ထိုသို့သောလွှတ်တော်မျိုးတွင် PR စနစ်ကြောင့် ပါတီများစွာ လွှတ်တော်ထဲတွင်ပါဝင်လာပြီး မည်သည့် ပါတီကမျှ ကိုယ်စားလှယ် ဦးရေ ၅၀%ထက် မကျော်လွန်ပါက အစိုးရဖွဲ့ရန် မဟာမိတ်ပါတီများ ဖွဲ့ရခြင်း ၊ ထိုမဟာမိတ်ပါတီများ အတွင်း မည်သည့်ပါတီကို ၀န်ကြီးနေရာ မည်မျှပေးမည် စသည့် အပေးအယူများပြုလုပ်ခြင်းများ ရှိလာပါလိမ့်မည် ။ ထို့အပြင် ထိုသို့ အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များကို (ကောင်းသည်ဖြစ်စေ ၊ မကောင်းသည်ဖြစ်စေ) မိမိတို့ ဆန္ဒသဘောထားနှင့် မညီညွတ်၍ မကျေနပ်လျှင် ကျန်ပါတီများက ယာယီစုပေါင်းကာ ထိုအစိုးရအဖွဲ့အား ပြုတ်ကျစေရန် လွှတ်တော်တွင် အယုံအကြည်မရှိအဆိုတင်ခြင်း ၊ မဲခွဲခြင်းတို့ကို ပြုလုပ်ကြပါလိမ့်မည် ။ ထို့နောက်တွင် အစိုးရဖွဲ့ထားသော ပါတီမှ ပါတီဝင်များက အစိုးရအဖွဲ့အား ထောက်ခံဆန္ဒပြခြင်းများ ၊ ကျန်ပါတီများ၏ပါတီဝင်များမှ အစိုးရကို ကန့်ကွက် ဆန္ဒပြခြင်းများ ပြုလုပ်ကြပါလိမ့်မည် ။ ထို့နောက်ပြည်သူများအကြား မလိုလားအပ်သည့် ပဋိပက္ခများ ပေါ်ပေါက်လာပါ လိမ့်မည် ။

ဤစနစ်သည် ပါတီကိုသာ အဓိကရွေးချယ်ရခြင်းဖြစ်သဖြင့် မဲဆန္ဒရှင်ပြည်သူများသည် ကိုယ့်မြို့နယ် ကိုယ့်ဒေသအတွက် ကိုယ်ရွေးချယ်လိုသော ကိုယ်စားလှယ်လောင်းအား တိုက်ရိုက်မဲပေးခွင့် ဆုံးရှုံးသွားမည်ဖြစ်ပါသည် ။ ကိုယ့်မြို့နယ်မှ အရွေးခံယှဉ်ပြိုင်သော ကိုယ်စားလှယ်အား နှစ်သက်သည် ၊ မနှစ်သက်သည်ကို ရွေးချယ်ခွင့် မရှိတော့ပဲ ပါတီကိုသာ ရွေးချယ်ရသည်ဖြစ်သောကြောင့် အရပ်တကာ အော့ကြောလန် နိုင်ငံရေးလုပ်စားသူများလည်း ကိုယ်စားလှယ် ဖြစ်သွားနိုင်ပါသည်၊ ပါတီရံပုံငွေများများထည့်ဝင်သော ငွေရှင်ကြေးရှင် Crony များလည်းနိုင်ငံရေးဈေးကွက်တွင် ၀င်ရောက်ခြယ်လှယ်ကြရန် လွယ်ကူသွားပါလိမ့်မည် ။

အာဆီယံနိုင်ငံတစ်ခုဖြစ်သောအင်ဒိုနီးရှား သည်လည်း ထို စနစ်ကိုကျင့်သုံးသည် ၊ သို့သော် လွှတ်တော် ကိုယ်စား လှယ် များကို သာ ထို PR စနစ်ဖြင့်ရွေးချယ်ပြီးသမ္မတ နှင့်ဒေသဆိုင်ရာအုပ်ချုပ်ရေးများကိုပြည်သူကတိုက်ရိုက်ရွေးကောက် တင်မြှောက်သော စနစ်ကို ကျင့်သုံးသည်။ထိုစနစ် သည် သမ္မတ(အစိုးရအဖွဲ့)နှင့် လွှတ်တော်အကြား မကြာခဏ ပဋိပက္ခ ပေါင်းစုံပေါ်ပေါက်တတ်သည် ။ အုပ်ချုပ်ရေးမဏ္ဍိုင် နှင့်ဥပဒေပြုရေးမဏ္ဍိုင် အကြားညှိနှိုင်းစေ့စပ်၍မရနိုင်မှုများကြောင့် နိုင်ငံ ရေးမငြိမ်သက်မှုများ အမြဲတစေပေါ်ပေါက်တတ်ပါသည်။

ဤစနစ်ကိုကျင့်သုံးလိုပါကမကြာသေးမီနှစ်များအတွင်းအင်ဒိုနီးရှား နိုင်ငံ၏ နိုင်ငံရေးပြဿနာများ ကို အရင်လေ့လာကြစေလိုပါသည် ။ (ထိုနိုင်ငံများ၏ လွှတ်တော်နှင့် အစိုးရအကြားပြဿနာ များ ကို ထပ်မံရေးသားတင်ပြသွားပါမည်။)

၃။ Mixed Member Majoritarian system 

(ကိုယ်စားလှယ်လောင်း အားတစ်ကြိမ် ၊ ပါတီအားတစ်ကြိမ်မဲပေး ရွေးချယ်သည် ၊ သို့သော် လူပုဂ္ဂိုလ်အား နေရာအများစုပေးထားသောစနစ်)

အထက်ပါ Mixed Member Proportional System စနစ်နှင့်တူသော်လည်း ကိုယ်စားလှယ်လောင်း အရေအတွက် အချိုးကို ပိုမိုသတ်မှတ်ပေးထားသော စနစ်ဖြစ်ပါသည် ။

မြန်မာနိုင်ငံ၏အိမ်နီးချင်းဖြစ်သောထိုင်းနိုင်ငံသည် ယခုအခါ ထိုစနစ်ကိုကျင့်သုံးနေပါသည်။ နိုင်ငံတွင်း ပြဿနာပေါင်းများစွာဖြင့် ၀ရမ်းထုတ်ခြင်းများကို ခံရပြီး အခြားနိုင်ငံတွင် ခိုလှုံနေ ရသော ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ(လက်ရှိဝန်ကြီးချုပ်ယင်လတ်ရှင်နာဝပ်ထရာ၏ အကို) ၏PPP ပါတီ အစိုးရအား ဖြုတ်ချ၍ အာဏာသိမ်းယူပြီးနောက်တွင်မှ ပြန်လည်ပြင်ဆင်ရေးဆွဲ အတည်ပြုခဲ့သော အခြေခံဥပဒေ ပြင်ဆင်ချက်အရ ပေါ်ထွက်လာသည့် စနစ်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်ကျင့်သုံးနေသော မဲအများဆုံးရသူနိုင် (FPTP) စနစ်အရ မဲဆန္ဒနယ်အလိုက်ကိုယ်စားလှယ် ၃၇၅ နေရာ နှင့် အချိုးကျကိုယ်စားပြု (PR)စနစ်အရ ကိုယ်စားလှယ် ၁၂၅ နေရာ တို့ကို သတ်မှတ်ခွဲခြားထားပါသည်။

ပထမဦးစွာ မဲဆန္ဒနယ်အလိုက် ကိုယ်စားလှယ်ကိုမဲပေးခြင်း၊ ဒုတိယအဆင့် ပါတီကိုမဲပေးခြင်းတို့မှာ ဂျာမဏီနိုင်ငံတွင်ကျင့်သုံးသောစနစ်နှင့် တူသော်လည်းFPTPစနစ်ကို ကျင့်သုံးသည့် အရေအတွက် ကို PR စနစ် ကျင့်သုံးသည့် အရေအတွက်ထက် နေရာ ၂၀၀ ပိုမို သတ်မှတ်ထားခြင်းတို့တွင် ကွာခြားသွားပါသည် ။ ၀န်ကြီးချုပ်ဟောင်း သက်ဆင်သြဇာလွှမ်းမိုးသောပါတီကလွှတ်တော် အား လွှမ်းမိုးလက်ဝါးကြီးအုပ်မည် ကို စိုးရိမ်သောကြောင့် ဤစနစ်ကိုပြောင်းလဲကျင့်သုံးသည်ဟု ဆိုကြသော်လည်း ဤစနစ်ကျင့်သုံးပြီးသည့် ပြန်လည်ပြုလုပ် သည့် ရွေးကောက်ပွဲတွင်လည်း သက်ဆင်အား ထောက်ခံသူများ၏ PPP ကသာ အနိုင်ရခဲ့ပါသည်။

ထိုနောက်တွင်မှ ၀န်ကြီးချုပ် သုန္ဒြာဘတ်နှင့် ၎င်းအားထောက်ခံသူအမတ်အချို့အား ပိတ်ပင်ခဲ့၍ ဒီမိုကရက်တို့နှင့် ပါတီငယ်များပူးပေါင်းကာ ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်ခဲ့ခြင်းဖြစ်ပါသည်။ ဤစနစ်အရ ပါတီတစ်ခုပြီးတစ်ခုပြောင်းသည့် “ခြံကူးကြမ်းသူ” အဖြစ် နာမည်ကြီးသော ချိုက်ချစ် ကလွှတ်တော်ဥက္ကဋ္ဌဖြစ်လာခဲ့ပါသည်။ ၂၀၁၁ ရွေးကောက်ပွဲတွင် သက်ဆင် ညီမဖြစ်သူ ယင်လတ် နှင့် သူမ၏ပါတီက ပြန်လည်အနိုင်ရခဲ့ပါသည် ။

ဤစနစ်ကျင့်သုံးခြင်း၏ ပြဿနာများမှာ မကြာခဏ လွှတ်တော်တွင်းပြဿနာများ ရင်ဆိုင်ရခြင်း ၊ လွှတ်တော်နှင့် အစိုးရအဖွဲ့အကြား ပြဿနာများ ပေါ်ပေါက်ခြင်း အစိုးရအဖွဲ့မကြာခဏ နှုတ်ထွက်ပေးရခြင်း တို့ဖြစ်ပါသည် ၊ နိုင်ငံရေး မတည်ငြိမ်ဟု ဆိုနိုင်ပါသည် ။ တိုးတက်လှပါသည်ဆိုသော ဂျပန်နိုင်ငံတွင်ပင် ဤပြဿနာများ (၀န်ကြီးချုပ်နှုတ်ထွက် ၊ အစိုးရအဖွဲ့ပြုတ်ကျ) မကြာခဏကြုံတွေ့ရရာ မြန်မာနိုင်ငံကဲ့သို့ သွေးနုသားနု ဒီမိုကရေစီနိုင်ငံ တစ်ခုတွင် ပုံတူကူးသင့် မကူးသင့် သတိကြီးစွာဖြင့် ဆင်ခြင်ကြရန်ဖြစ်ပါသည် ။ မကြာသေးမီက ထိုင်းနိုင်ငံတွင်ဖြစ်ပွားခဲ့ သည့် ရှပ်နီတို့၏ဆန္ဒပြမှု များ၊ အဓိကရုဏ်းများ ကဲ့သို့သော ပြဿနာကြီးများ ကြုံလာခဲ့ပါက မြန်မာနိုင်ငံ၏ နိုင်ငံရေးလမ်း ကြောင်း တစ်ဆစ်ချိုးမည် မချိုးမည်ကို မည်သူက အာမခံပါမည်နည်း ။

(ထိုစနစ်ကို ကျင့်သုံးသော အခြားနိုင်ငံများမှာ ဘိုလစ်ဗီးယား၊ ဟန်ဂေရီ၊ ဂျပန် ၊ လီဆိုသို၊ မက္ကဆီကို၊ တောင်ကိုးရီးယား ၊ တိုင်ဝမ် ၊ နှင့် ဗင်နီဇွဲလား နိုင်ငံတို့ဖြစ်ကြပါသည် ။)

၎။ Single Transferable Vote စနစ် 

(အမတ်လောင်းများအနက်မှ မိမိတို့နှစ်သက်မှုအရ ဦးစားပေး နံပါတ်စဉ် ၁၊၂၊၃၊၄ တပ်ပြီး ရွေးချယ်သောစနစ်)

ဤစနစ်မှာ အမတ်လောင်းများအား မဲဆန္ဒရှင်ပြည်သူများ၏ နှစ်သက်မှုအရ ဦးစားပေးနံပါတ်တပ်၍ ရွေးချယ်ခြင်း ဖြစ်ပါသည် ။

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားရွေးချယ်မှု နှင့် ဆင်ဆင်တူပါသည် ။ ဖီဖာမှ နောက်ဆုံးဆန်ကာတင် (၃)ဦး အမည်စာရင်းကို ထုတ်ပြန်ပေးပြီး ၊ ကမ္ဘာတစ်လွှားမှ ဘောလုံးအသင်းမန်နေဂျာများ နှင့် အသင်းခေါင်းဆောင်များ မှ မိမိအကြိုက်ဆုံး ဘောလုံးသမားကို နံပါတ်(၁)တွင်ရေး ၊ ဒုတိယအကြိုက်ဆုံးကို နံပါတ်(၂) ၊ တတိယအကြိုက်ဆုံးကို နံပါတ်(၃) စသည်ဖြင့် မဲ့ပေးရွေးချယ်သလိုပင်ဖြစ်ပါသည် ။ ကွာခြားသည်က ထိုရွေးချယ်မှုတွင် အမှတ်စဉ်(၁) ရွေးချယ်ခံရလျှင် (၃)မှတ် ၊ အမှတ်စဉ်(၂) ရွေးချယ်ခံရလျှင် (၂)မှတ် အမှတ်စဉ်(၃)ရွေးခံရပါက (၁)မှတ် ပေးခြင်းတွင် ကွာခြားပါသည်။

ဤစနစ်မှာ မဲကျန်များကို အနည်းအများအလိုက်ထပ် ပေါင်းပေးရခြင်းစသော အလွန် ရှုပ်ထွေးပွေလီ လှသည့် ပြဿနာများစွာ ရှိပါသည် ။ (စာညောင်းမည်စိုးသဖြင့် မဲကျန်ပေါင်းသည့် စနစ်သဘောတရား များကို အသေးစိတ် မတင်ပြဘဲ ချန်လှပ်ခဲ့ပါမည်)

ကိုယ်စားလှယ်လောင်း အမည်နှင့် ပါတီအမှတ်အသားဘေး ဆန္ဒပြု ကွက်လပ် တွင် မိမိ မဲပေးလိုသော ကိုယ်စားလှယ်ကို မှန်ကန်စွာမဲပေးရန်ပင် မနည်း ရှင်းပြရသော မြန်မာနိုင်ငံသူ/သား အများစု သည် ထိုသို့သော ရှုပ်တွေးပွေလီမှုများ ကို မည်သို့ ရင်ဆိုင်၍ မှန်မှန်ကန်ကန် မဲပေးနိုင်ကြပါမည်နည်း ။

ဤစနစ်ကို ဗြိတိသျှလူမျိုးကျောင်းအုပ်ဆရာဖြစ်သူ သောမတ်စ်ရိုက်ထ်ဟေးလ် (Thomas-Wright-Hill) က ထုတ်ဖော်ခဲ့ပါသည် ။ ထိုစနစ် ကို သူ၏ ကျောင်းဘုတ်အဖွဲ့ရွေးကောက်ပွဲ ( ၁၈၂၁ခုနှစ်)တွင် စတင်အသုံးပြုခဲ့သည် ။ ထိုစနစ်ကို သူ၏သားဖြစ်သူ ရိုးလန့်ဒ်ဟေးလ် (Rowland-Hill) က အာဒီလိတ် မြို့တော်ကောင်စီ ပြည်သူ့ရွေးကောက်ပွဲ (Adealide City Council) တွင် ၁၈၄၀ ခုနှစ်တွင် စတင်မိတ်ဆက် အသုံးပြုခဲ့သည် ။ အခြား PR စနစ်များနှင့်မတူသည်မှာ ဤစနစ်သည် party- list စနစ်အတွက် လုံးဝ ခွင့်ပြုမထားခြင်းဖြစ်ပါသည် ။

PR စနစ်များထဲမှ အဦးဆုံးဖြစ်သည့် ထိုစနစ်ကို နိုင်ငံအနေဖြင့်စတင်အသုံးပြုသည်မှာ ဒိန်းမတ်နိုင်ငံဖြစ်ပြီး ၁၈၅၇ တွင် ပထမဆုံး အသုံးပြုခဲ့ပါသည် ။ သို့သော် ထိုစနစ်သည် ကျယ်ကျယ်ပြန့်ပြန်အသုံးပြုခဲ့ခြင်းမရှိပါ ။ ထိုစနစ်ကို United Kingdom တွင် ထပ်မံအဆိုပြုခဲ့သော်လည်း ဗြိတိသျှပါလီမန်က ပယ်ချခဲ့ပါသည် ။ အထက်တွင်ဖော်ပြခဲ့သော PR စနစ်များထဲမှ မည်သည့်စနစ်ကို ကျင့်သုံးသည်ဖြစ်စေ သေချာပေါက် အကျိုးရှိ မည်မှာ ပါတီငယ်များဖြစ်ကြ၍ သေချာပေါက် အမတ်ဖြစ်မည်မှာ ထိုပါတီများ၏ ဥက္ကဌ ၊ ဒုဥက္ကဌ ၊ အတွင်းရေးမှူး ..စသော ထိပ်ဆုံးမှ တန်းစီထားကြသည့်ပုဂ္ဂိုလ်များဖြစ်ပါသည်။

(ဤအချက်သည်ပင် PR စနစ်ကို ကောက်ကာငင်ကာ အဆိုပြု တင်ပြလာသော ဒီမိုကရေစီ မဟာမိတ်ပါတီများမှာ ခေါင်းဆောင်ကြီးများ၏ ၀ှက်ဖဲတစ်ချပ် ဖြစ်မည်ထင်ပါသည်။)၊ကျန် ပါတီဝင်အဆင့်ကိုယ်စားလှယ်လောင်းများမှာ အိမ်ဖြည့်သာဖြစ်ပါသည် ။ တိုင်းပြည်အတွက် အကျိုးရှိဖို့ကတော့ မသေချာ မရေရာလှပါ ။ သေချာသည်ကတော့ ထိုသို့နည်းဖြင့် လွှတ်တော်ထဲရောက်လာသူများသည် မိမိတို့ လုပ်ပိုင်ခွင့်ဖြင့် “တိုင်းပြည် တစ်ရိုး သဝေထိုးအောင်”ဆိုးတော့မည်ကတော့သေချာပါသည် ။ ဥပမာအားဖြင့် ပါတီကြီးနှစ်ခုသည် လွှတ်တော် ကိုယ်စားလှယ် နေရာ ၄၀% စီ အနိုင်ရထားကြသည် ။ ပါတီငယ်လေး ၃ ခုက ၈% ၊ ၇% နှင့် ၅% အသီးသီး ရထားသည် ဆိုပါစို့ ၄၀% ရထားသည့် ပါတီကြီး နှစ်ခုသည် ၅၀% မပြည့်သဖြင့် အစိုးရမဖွဲ့နိုင် ၊ သို့ဖြစ်၍ ထိုပါတီကလေး ၃ခုကို မိမိတို့နှင့် ပူးပေါင်းရေးအတွက် ဆွယ်ရတော့မည်ဖြစ်ပါသည် ။ ထိုပါတီကလေးများကလည်း ဤအချက်ကို နိုင်ကွက်ကိုင်၍ ၀န်ကြီး ဘယ်နှစ်နေရာပေးလျှင် ပူးပေါင်းမည် ဟု ကြိုက်ဈးကိုင်ကြပါတော့မည် ။ ထိုအခါ အစိုးရဖွဲ့လိုသော ပါတီကြီး ၂ခုကလည်း မိမိတို့ အစိုးရဖွဲ့နိုင်ရေး ပါတီငယ်များ ကြိုက်ဈေးပေး၍ အလိုလိုက်ကြရပါတော့မည် ။ အစိုးရဖွဲ့ပြီးပြန်တော့ လည်း ထိုပါတီကလေးများ မိမိတို့နှင့် လက်တွဲမဖြုတ်ရေး ပြိုင်ဘက်ပါတီဘက်သို့ ပါမသွားရေးတို့ကို အခွင့်အရေးပေး မျက်နှာချိုသွေးနေရပါတော့မည် ။ ဤသို့အားဖြင့် ထိုပါတီကြီးထဲမှ ကိုယ်စားလှယ်များနှင့် ပါတီခေါင်းဆောင်များ ကြား ပြဿနာပေါင်းစုံ ပေါ်ထွက်လာပါလိမ့်မည် ။

ပြည်သူတွေမှာတော့ ကိုယ်စားလှယ်တော်ကြီးများ လွှတ်တော်အတွင်း သူတစ်လူငါတမင်းနှင့် ခေါင်းပေါင်းဖြုတ် ၊ တိုက်ပုံချွတ် ၊ ပုဆိုးခါးတောင်း ကြိုက်၍ နပန်းထမလုံး ကြလျှင်ပဲ တော်လှပါပြီဟု ရင်ကလေးတစ်မမ ၊ ဘုရား တစ်တတ ၊ ရသမျှ အန္တရာယ်ကင်း ဂါထာ များအား အနုလုံပဋိလုံရွတ် ၍ ဘယ်တော့များ လွှတ်တော်ကို ဖျက်သိမ်း(dissolve)ခံရပါ့မလည်း ။ဘယ်တော့ နောက်ကြောင်းပြန်သွားမလည်း တွေး၍ သာ နေရပါတော့မည် ။

ပြည်သူမျက်နှာကိုမကြည့် မိမိတို့ လွှတ်တော်အမတ်နေရာရဖို့အရေးက ဆင်ခြင်တုံတရားကို လွှမ်းမိုး၍ မျက်ကန်း တစ္ဆေမကြောက်သူများကတော့ တိုင်းပြည်အား ချောက်ကမ္ဘားစွန်းသို့တွန်းပို့ရန် ကြံနေကြပြန်ပါပြီ ။ အထက်ပါပြဿနာများ ပေါ်ပေါက်၍ တိုင်းပြည်တစ်ခုလုံး ၀ရုန်းသုံးကားဖြစ်ကာ ဘယ်လိုမှထိမ်းမရတော့လျှင် သွားလေသူ ဘကြီးနု (၀န်ကြီးချုပ် ဟောင်း ဦးနု) ကဲ့သို့ ဗိုလ်ချုပ်နေ၀င်းအား မြန်မာနိုင်ငံ အိမ်စောင့်အစိုးရ လွှဲအပ်သလိုများ လုပ်သွားကြဦးမည် လားတော့ တွေးပင်မတွေးရဲတော့ပါ ။

ဘကြီးနု လက်သစ်များ ထပ်မံမပေါ်ပေါက်ပါစေနှင့်ဟုလည်း အလေးအနက်ဆန္ဒပြုအပ်ပါသည်။

မြန်မာနိုင်ငံကို သွေးနုသားနုဒီမိုကရေစီ နိုင်ငံသစ် ဟု တင်စားခဲ့ပါသည် ။ လေစိမ်းတိုက်မခံနိုင် ၊ အစားမှား မခံနိုင် ၊ ရေအေးအေးကို သော်မှ မကိုင်ရဲသေးသည့် တကယ့်သွေးနုနုသားနုနု ကို အဘယ်ကြောင့် တောက်တိုမယ်ရ ဆေးစမ်း ချင်နေကြပါသနည်း ။ ဒီမိုကရေစီမဟာမိတ်များဆိုသည်တို့သည်လည်း ကိုယ့်အားကိုယ်ကိုး ၍ ပြည်သူကို စည်းရုံးကြရမည့် အစား အဘယ်ကြောင့် အလိုတူအလိုပါ ကြံဖော်ကြံဖက် ဖြစ်ကြရပြန် သနည်း ။

ကိုယ့်ကို ကိုယ်ယုံကြည်လျှင် ပါတီချင်းယှဉ်ယှဉ် ၊ မူချင်းယှဉ်ယှဉ် ၊ လူချင်းယှဉ်ယှဉ် ပ၀ါမကူ ရေမရှုစတမ်း ပြည်သူကို ခုံသမာဓိထား၍ ရွေးကောက်ပွဲဝင် ယှဉ်ပြိုင်သင့်ပါလျှက် အဘယ်ကြောင့် သေချာပေါက် အချိုအချောင် နည်းလမ်းကို ရွေးကြပါသနည်း ။ ၂၀၁၀ ရွေးကောက် ပွဲတုန်းက နိုင်သူအကုန်ယူစတမ်း ( First past The Post – FPTP) သို့မဟုတ် (Winner take all ) စနစ်ကို ကျင့်သုံးခဲ့ပါ လျှက် ယခုကျခါမှ အဘယ်ကြောင့် စည်းကမ်းချက် အသစ်များ ထပ်မံချမှတ်လိုလာရပြန်ပါသနည်း ။

ပါတီချင်းယှဉ် ၊ မူချင်းယှဉ် ၊ လူချင်းယှဉ် ၊ ပြည်သူအဆုံးအဖြတ်ဖြင့် လွှတ်တော်အတွင်း ခေါင်းမော့မော့ ခါးမတ်မတ် ဖြင့် ၀င်ကြရမည့် အစား ဘယ်နေရာမှ မနိုင်ရင်နေ ဟိုမဲဆန္ဒနယ်က ရသည့်မဲ နည်းနည်း ဒီ ဟိုမဲဆန္ဒနယ်က ရသည့်မဲ နည်းနည်း ရတတ် သမျှ မဲများ စုကာပေါင်းကာဖြင့် လွှတ်တော်အတွင်းသို့ ၊ ခြံစည်းရိုးပေါက်မှ ၀င်ရ၀င်ရ ၊ ကြမ်းပေါက်မှ ၀င်ရ၀င်ရ ၊ မည်သို့ဝင်ရသည်ဖြစ်စေ ၀င်မည်ဟု ကြံစည်နေကြသည်ကတော့ လမ်းအလည် မစင်စွန့်သူတော့ မသိ မြင်သူကတော့ ရှက်လှပါပြီ ။ အနည်းငယ်မျှသတိသမ္ပဇဉ်ယှဉ်၍ ရသမျှခဲချင်သည့် စိတ်များ နည်းနည်း လျှော့ကြစေချင်ပါသည် ။

ယခုအချိန်သည် နိုင်ငံတော်အတွက် သမိုင်းသစ်ကို ရေးထိုးနေချိန်ဖြစ်ပါသည် ။ ယခင့်ယခင်က မှားခဲ့သည်များကို သင်ပုန်းချေနေချိန်လည်း ဖြစ်ပါသည် ။ သို့သော် ပြည်သူများ ထပ်ကာထပ်ကာ ထိခိုက်နစ်နာစေမည့် ကိစ္စများကိုတော့ သတိကြီးစွာဖြင့် ရှောင်ရှားကြစေလိုပါသည် ။ သို့မဟုတ်ပါက သမိုင်းတရားခံ များဖြစ်ကြပါလိမ့်မည် ။ သွေးနုသားနု ဒီမိုကရေစီ နိုင်ငံသစ်အား သည်းခြေပျက်စေမည့် အတွေးဆိုး အတွေး မိုက်၊လုံ့လစိုက်ထုတ်မှုအမှားများကို ရှောင်ရှားကြစေ လိုပါသည် ။ အဘက်ဘက်မှ အထွေထွေနိမ့်ကျ နေသော ပြည်သူတို့၏ အားနည်းချက်များကို မိမိတို့ အတွက် အခွင့်အရေး မယူသင့်ကြပါ ။

ပြည်သူတို့၏နိမ့်ပါးမှုများကို အသိအတတ်မြင့်မားသူတို့က စာနာဖေးမ စောင့်ရှောက်ကြမှသာ လောကပါလ တရား ထွန်းကားပါလိမ့်မည်။ လောကပါလတရား ဟူသည်မှာ ဆိုင်းဘုတ်ရေးသား ချိတ်ဆွဲထားရမည့် အရာမဟုတ်ပါ ၊ လိုက်နာကျင့်သုံးရမည့် အရာဖြစ် ပါသည် ။ ဒီမိုကရေစီ သက်တော်ရှည် ပုရောဟိတ်ကြီးများ အားလည်း ယခုအချိန်သည် တိုင်းပြည်မျက်နှာ ပြည်သူ့မျက်နှာကို နည်းနည်းမျှဖြစ်ဖြစ် ကြည့်ကြရတော့မည့် အချိန်ဖြစ်ပါကြောင်း ၊ ခေတ်စနစ် အဆက်ဆက် ဒဏ်ရာတွေအပြည့်ဖြစ်နေကြရှာသောပြည်သူတို့ကို စာနာထောက်ထားကြစေလိုပါကြောင်း ၊ ဆေးဆရာ ဆေးအစမ်းကောင်း၍ လူမမာ ရေတိမ်မနစ်စေလိုပါကြောင်း မေတ္တာရပ်ခံ တင်ပြလိုက်ရပါသည် ။

ထင်လင်းဦး (Wisdom Villa)

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။