/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, June 5, 2014

.

ပြည်ခိုင်ဖြိုး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေနှင့် တွေ့ဆုံမေးမြန်းခြင်း



ပြည်ခိုင်ဖြိုးပါတီ၏ အမျိုးသားလွှတ်တော် ကိုယ်စား လှယ် တစ်ဦးဖြစ်သည့် တပ်မတော်ဗိုလ်လောင်း သင်တန်း အမှတ်စဉ် (၈)ဆင်း၊ မြန်မာ့အသံနှင့် ရုပ်မြင် သံကြားမှ အငြိမ်းစားညွှန်ကြားရေးမှူး (ဗိုလ်မှူးကြီးဟောင်း) ဦးလှဆွေနှင့် 7Day News သတင်းထောက်က လွှတ်တော်အစည်းအဝေး ကာလ အတွင်း တွေ့ဆုံမေးမြန်းခဲ့ပါသည်။

လွှတ်တော်အတွင်းရေးရာများနှင့် အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုင်ရာ မေးခွန်းအချို့ကို 7Day က မေးမြန်း၍ ဦးလှဆွေက ဖြေကြားထားပါသည်။


မေး- အခုလုပ်နေတဲ့ NLD ရဲ့ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှုတွေပေါ်မှာ ပြည်ခိုင်ဖြိုးပါတီရဲ့ ဗဟို ကော်မတီဝင်တစ်ယောက်အနေနဲ့ ဘယ်လိုများ မှတ်ချက်ပေးချင်ပါသလဲ။

ဖြေ- ၄၃၆ တံခါးကြီးကို ဖွင့်ရမှာပေါ့။ အခြေခံဥပဒေမှာ ၄၃၆ က ဂိတ်ပေါ့၊ ဒီဂိတ်ကိုဖွင့်ရင် အထဲထဲမှာရှိတဲ့ ပုဒ်မ ၁၊ ၂၊ ၃၊ ၄၊ ၅ အဲဒါတွေကို အကုန်ပြင်လို့ရမယ်။ အဲဒီတော့ ဒီ ၄၃၆ ကို ဖွင့်ဖို့ ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံရမယ်။ အဲဒါကိုပြောတာက သုံးယောက်ရှိတယ်။ ကာချုပ်လည်း ပြောတယ်။ သမ္မတလည်း ပြောတယ်။ ဦးရွှေမန်းလည်း ပြောတယ် သုံးယောက်လုံးက ပြောတယ်။ ပြင်မယ်ဆိုတဲ့စကားက သူတို့သုံးယောက်လုံးပြောတာ၊ ကာချုပ်က ပြင်မယ်၊ ဥပဒေအတိုင်း ပြင်မယ်။ သမ္မတက ပြင်မယ် မလောနဲ့လို့ ပြောတယ်။ ဦးရွှေမန်းက ပြင်မယ်။ ကော်မတီဖွဲ့တယ်။ သုံးယောက်လုံးကတော့ ပြင်မယ်ဆိုတော့ ပြင်မယ်လို့ပြောကတည်းက ဒီဂိတ်ကဖွင့်ရမှာပဲ ဂိတ်မဖွင့်ဘဲနဲ့ ဘယ်လိုလုပ်ပြင်မလဲ။ ၄၃၆ ကို ဖွင့်မပေးဘူး။ ပုဒ်မ ၁၂၃၄ ကို ပြင်မယ်ဆိုလို့မှ မရတာက ၄၃၆ မဖွင့်ဘဲနဲ့ ဘယ်လိုလုပ်ပြင်မလဲ။ အဲလိုပဲ ကျွန်တော်က ယူဆတယ်။ Automactically ဖွင့်ကိုဖွင့်ရမယ်။ ၄၃၆ ကို ဖွင့်ပေးပါ ဖွင့်ပေးပါ။ ပြောစရာမလိုဘူး။ Understood ပဲ။ ကျွန်တော်က ဒီလိုမြင်တယ်။ ကျွန်တော်ကပဲ ကြိုမြင်တာလား။ သူတို့ကပဲ မမြင်ချင်ယောင်ဆောင်တာလား မသိဘူး။

မေး- တပ်မတော်ရဲ့သဘောထားကကော ဘယ်လိုများရှိနိုင်မယ်လို့ တပ်မတော်သားဟောင်းတစ်ဦးအနေနဲ့ ထင်မြင်ပါသလဲ။

ဖြေ- ၂၅ ရာခိုင်နှုန်းက သေချာတယ်။ ထည့်မှာ ဟိုက ၇၅ ထည့်ရင် တစ်ရာတောင်ဖြစ်သွားဦးမှာ ဒီ ၇၅ ထဲက မသေချာတဲ့သူရှိရင် ရှိဦးမယ်။ ဟိုက ၂၅ ကတော့ သေချာတယ်။ ကျွန်တော်က ဒီလိုကြိုမြင်ထားတာ ဘာလို့လဲဆိုရင် သူတို့သုံးယောက်ပြောတဲ့စကား ရှိတယ်လေ။ ဒီသုံးယောက်က ကျွန်တော် ထင်တယ်။ Relationship ရှိမှာပဲလေ။ သမ္မတနဲ့ တပ်ချုပ်နဲ့တော့ ရှိမှာပဲလေ။

မေး- တချို့နယ်တွေမှာ ၅၉(စ) မပြင်ဆင်ရေး၊ ပုဒ်မ ၄၃၆ မပြင်ဆင်ရေးဆိုပြီး ဆန္ဒပြနေတာတွေ ရှိပါတယ်။ အဲဒါက ပြည်ခိုင်ဖြိုးက လုပ်တာပါလား။

ဖြေ- အဲဒါ ကြံ့ခိုင်ရေးပေါ့ဗျာ။ သေချာတာပေါ့ဗျာ။ သူပဲခိုင်းမှာပေါ့။ သူတို့နယ်မြေက တောင်းဆိုလို့ အဲဒီနယ်မြေမှာရှိတဲ့ ကြံ့ခိုင်ရေးကလုပ်တာဖြစ်မယ်။ ဗဟိုကတော့ မင်းတို့နယ်မှာ ဒါလုပ်လိုက်ဆိုပြီး ပြောတာမျိုးတော့ ကျွန်တော်တို့မကြားဘူး။ ကျွန်တော်တို့လည်း အခိုင်းမခံရဘူး။ အစည်းအဝေးလည်းလုပ်တာ မကြားဘူး။ သို့သော် အဲဒီနယ်မြေမှာ အဲလိုအဲလိုတော့ ရှိနေတယ်ဆိုပြီး အဲဒီနယ်မြေကြံ့ခိုင်ရေးက လုပ်တာဖြစ်မယ်။

မေး- ၂၀၁၅ မှာ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ၂၀၁၀ တုန်းကလို အပြတ်အသတ်နိုင်မယ်လို့ မျှော်လင့်နိုင်သေးလား။

ဖြေ- ဘယ်လွယ်လိမ့်မလဲ။ ဒါက ဘာခေါ်မလဲ။ နယ်မြေပေါ် မတူဘူးဗျ။ တချို့ ဘုန်းကြီးတွေက ပြောတယ်။ ဒကာကြီး ကြံ့ခိုင်ရေးလည်း မကြိုက်ဘူး။ NLD လည်း မကြိုက်ဘူးတဲ့။ ကြံ့ခိုင်ရေးကျတော့ အစိုးရဖော်လံဖားတွေတဲ့ NLD ကလည်း အစိုးရနဲ့ ပြဿနာတက်ပြီး ထောင်ကျထုတ်ပစ်ခံရတဲ့ လူတွေတဲ့ ဗရုတ်သုတ်ခတွေပဲတဲ့။ အဲဒီတော့ ကြားပါတီရှိရင် ကောင်းမယ်တဲ့ ဆိုလိုတာကတော့ NLD က သူတို့ကို သိပ်ကြိုက်တယ်ဆိုတာ သူတို့ဘာသာသူတို့ သွေးနားထင်ရောက်တာ ဖြစ်မယ်။ ကျွန်တော်တို့ ကြံ့ခိုင်ရေးကတော့ သွေးနားထင်မရောက်ဘူး သိတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ တုန်းက ကျွန်တော်တို့ Landslide နိုင်ခဲ့တယ်။ ဒါပေမဲ့ အဲဒါ NLD မပါလို့။

မေး- လွှတ်တော်ထဲမှာ စီးပွားရေးလုပ်ငန်းရှင် လွှတ်တော်ကိုယ်စားလှယ်တွေလည်း အများအပြားရှိနေတဲ့အတွက် လွှတ်တော်ရဲ့ တချို့သောလုပ်ဆောင်ချက်တွေဟာ ဒီလုပ်ငန်းရှင်တွေရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးနေတယ်လို့ ဝေဖန်မှုတွေ ရှိလာတဲ့အပေါ်မှာ သယံဇာတကော်မတီရဲ့ အတွင်းရေးမှူးတစ်ယောက်အနေနဲ့ ဘယ်လိုပြောချင်ပါသလဲ။

ဖြေ- ဦးခင်ရွှေတို့ ဦးဌေးမြင့်တို့တော့ ကျွန်တော်မသိဘူး။ ဦးနေ၀င်းထွန်းတော့ ကော်မတီတစ်ခုတည်းမို့ သိတယ်။ အားလုံးကိုတော့ ၀ါးလုံးရှည်နဲ့ သိမ်းယမ်းလို့မရဘူး။ လွှတ်တော်ထဲမှာ တချို့ကိစ္စတွေကို ကာကွယ်တယ်ဆိုတာမျိုးကတော့ မှန်တယ်။ ဥပမာ- FDI က ၄၉၊ ၅၁ ကိစ္စဆိုရင် နိုင်ငံခြားကလာရင်က ၄၉ ပဲ လာရမယ်။ ဗမာပြည်က သူနဲ့ပေါင်းမယ့်သူက ၅၁ ရှိရမယ်ဆိုပြီး ညမှာ ကျွန်တော်တို့ကို လိုက်ပြောတယ်။ မနက်ဖြန်ကျရင် အဲလိုပဲ မဲထည့်ဆိုပြီး။ ညမှာ စာလေးတွေကို ပြည်ခိုင်ဖြိုးအမတ်များ အဆောင်တံခါးပေါက်က လာသွင်းတယ်။ ကျွန်တော်တို့ပါတီကပေါ့။ အဲဒီတော့ စဉ်းစားတယ်။ ဗမာပြည်က သူဌေးက ၅၁ နဲ့ ဒီကိစ္စတစ်ခုကို ပေါင်းလုပ်ရမယ်။ ဗမာပြည်က သူဌေးက ၅၁ ကျပ်ရှိရမယ်ဆိုတော့ ၅၁ ကျပ်ရှိတဲ့သူက နည်းနည်းလေးပဲရှိတာ ကျွန်တော်တို့က ဘယ်လိုကြိုက်လဲဆိုတော့ ကိုယ့်မှာ ၂၀ ပဲ ရှိတယ်။ ဟိုက ၈၀ လာမယ်။ ကိုယ့်မှာ ၂၀ ပဲ ရှိပေမယ့် ဟိုက ၈၀ နဲ့ ပေါင်းပြီး ဒီလုပ်ငန်းလုပ်နိုင်မယ်။ ၂၀ ရှိတဲ့လူက အများကြီးရှိတယ်။ ၅၁ ရှိတဲ့လူက နည်းနည်းလေးပဲ ရှိတယ်။ အဲဒီတော့ ၅၁ ရှိတဲ့လူတွေ ပိုချမ်းသာအောင် စောစောကပြောသလို၊ အမတ်အရှိန်အ၀ါကိုသုံးပြီး ဒီလိုပြောတယ်ဆိုတာ ဒါဖြစ်နိုင်တယ်။ အဲဒီကိစ္စမှာ ကျွန်တော်တို့က ၂၀/၈၀ ပဲ ထည့်လိုက်တော့ ပူညံပူညံဖြစ်ကုန်ကြတယ်။ အဲဒါ ကျွန်တော်တို့ လွှတ်တော်ထဲက ခရိုနီတွေရဲ့စနက်ပေါ့၊ လွှတ်တော်ထဲက ခရိုနီတွေက ၄၉/၅၁ ကို ထောက်ခံဖို့အတွက် လှုံ့ဆော်တယ်။ ဒါပေမဲ့ အမတ်တွေ နည်းနည်းပဲပါပါတယ်။

မေး- နာယကတို့၊ လွှတ်တော်ဥက္ကဋ္ဌတို့ကလည်း တချို့စီးပွားရေးလုပ်ငန်းတွေနဲ့ ဆက်စပ်တယ်။ သူတို့မှာလည်း ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေရှိတော့ တချို့ကိစ္စတွေကို လွှတ်တော်ထဲမှာ ကန့်ကွက်တဲ့အခါမှာလည်း သူတို့အကျိုးစီးပွားနဲ့ ပတ်သက်နေတယ်ဆိုပြီး ပြောကြတာတွေ ရှိပါတယ်။ အဲဒီအပေါ်ကိုကော ဘယ်လိုမြင်ပါသလဲ။

ဖြေ- ဦးရွှေမန်း တစ်ခါပြောဖူးတာရှိတယ်။ ကိုယ်ကျိုးစီးပွား ကာကွယ်စောင့်ရှောက်တာလားဆိုပြီး ထင်လာရင် တရားရုံးကိုတင်ပါ လိုက်ရှင်းမယ်လို့ ပြောဖူးတယ်။

မေး- စောစောကပြောတာကို ပြန်ဆက်ရရင် လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာလည်း စီးပွားရေးလုပ်ငန်းရှင်တွေ ပါတယ်။ ဒီလုပ်ငန်းရှင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကြားမှာ လာဘ်ပေးတဲ့သဘော မဟုတ်တောင် တန်ဖိုးကြီးလက်ဆောင်တွေနဲ့ ပတ်သက်မှုတွေ ရှိတယ်လို့ သိရတယ်။ အဲဒီပေါ်မှာကော လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဘယ်လိုပြောချင်ပါသလဲ။

ဖြေ- အဲဒီလိုပေးလို့ သူတို့ ဘာအကျိုးရှိမှာလဲ။ ကျွန်တော်ကတော့ ပေးတာမမြင်ပါဘူး။ ကျွန်တော်တို့ အမျိုးသားလွှတ်တော်မှာတော့ ၀န်ကြီးဦးဝင်းမြင့်က လွှတ်တော်တစ်ကြိမ်မှာ ထမင်းကျွေးတယ်။ နောက် ဦးခင်ရွှေက ကျွေးတယ်။ တစ်ခါတလေ ဦးနေ၀င်းထွန်း ကျွေးတယ်။ အပျော်ပေါ့။ ဒါပဲရှိတယ်။ သူတို့ အကျိုးငှာ ပစ္စည်းပေးတာတော့ ကျွန်တော်မမြင်ပါဘူး။

မေး- ခုနောက်ပိုင်းမှာ လွှတ်တော်ထဲမှာ ရေပန်းစားနေတဲ့စကားက လွှတ်တော်ထဲမှာ ဘယ်အမတ်ကတော့ မွေးစားခံလိုက်ရပြီဆိုပြီးတော့ ရှိတယ်လေ။ အဲဒီအကြောင်းတွေ ပြောပြပါဦး။

ဖြေ- မွေးစားတယ်ဆိုတာက ဥပမာ အဲဒီဘက်သားဖြစ်သွားတာပေါ့နော်။ အရင်တုန်းက ၀ူးဝါးဝူးဝါး ထပြောပြီးတော့ အခုမပြောတော့ဘဲ ငြိမ်သွားတာပေါ့။ ဘယ်သူတွေ ဘာတွေရလဲဆိုတာ။ ကျွန်တော်တော့ မသိဘူးဗျ။ အချိုးပြောင်းသွားတာ ဘယ်သူတွေရှိလဲဆိုတော့ သိပ်မမြင်ပါဘူး။ အစတုန်းက အရမ်းကြီး ထော်လော်ကန့်လိုက် တိုက်နေရာကနေ နည်းနည်းပြောင်းသွားတာတော့ ရှိတယ်။ ဘာကြောင့်လဲတော့ မပြောနိုင်ဘူးပေါ့။

မေး- နောက်ဆုံးမေးခွန်းအနေနဲ့ကတော့ ဦးလှဆွေက မီဒီယာတွေမှာ ဖွတယ်ဆိုပြီး နာမည်ကြီးတယ်။ ဦးလှဆွေပြောစကားတွေ မီဒီယာတွေမှာ မှတ်တမ်းမှတ်ရာတွေနဲ့ ရှိနေတဲ့အတွက် ဒီစကားတွေပေါ်မှာ ဘယ်လောက်ထိ တာဝန်ယူနိုင်ပါသလဲ။

ဖြေ- ကျွန်တော်က မီဒီယာတွေကိုမကြောက်ဘူး။ ခင်မင်တယ်။ ဒါက နံပါတ် ၁ အချက်။ ဒါကြောင့် မီဒီယာတွေကလည်း ကျွန်တော့်ကိုခင်မင်တယ်။ ကျွန်တော်နဲ့ ဆက်ဆံရေးကောင်းတယ်။ မီဒီယာဆိုတာက စတုတ္ထမဏ္ဍိုင် သူတို့နဲ့ကိုယ်နဲ့ ရန်ဖြစ်နေဖို့မလိုဘူး။ ကျွန်တော်က ကိုယ့်အမြင်ကို ပြောတယ်။ သွယ်ဝိုက်ပြီးမပြောဘူး တဲ့ချတယ်။ တချို့ကတော့ သွယ်ဝိုက်ပြီး ပြောစေချင်တယ်ပေါ့။ ကျွန်တော့်စကားတွေ ကျွန်တော်တာဝန်ယူတယ်။ ကျွန်တော်တို့ကို ပါတီက မင်းဒါကိုပြော၊ ဒါမပြောနဲ့ဆိုပြီး ပိတ်ပင်တာမရှိဘူး။ ဟိုတစ်လောကတော့ ကျွန်တော့်ကို ကိုလှဆွေတဲ့ လူကြီးတွေမျက်နှာပူအောင် မလုပ်ပါနဲ့ဆိုပြီး ပြောတယ်။ သူ့ဘာသာ ပြောချင်ရာပြောပါစေ။ မင်းထပ်မပြောနဲ့တဲ့။

ကျေးဇူးတင်ပါတယ်။ ။

7Day News Journal

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။