/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, May 22, 2014

.

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒလက်မှတ် ကောက်ယူမှု အပေါ် နှောင့်ယှက်ပါက NLD တရားစွဲမည်



၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအခန်း (၁၂) ပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အမျိုးသား ဒီမိုကရေ စီအဖွဲ့ချုပ် (NLD ပါတီ) က လူထု ဆန္ဒပြုလက်မှတ် ကောက်ယူရာတွင် နှောင့်ယှက် ဖျက်ဆီးမှုများ ရှိပါက တရားဥပဒေအရ တရားစွဲဆို သွားမည် ဖြစ်ကြောင်း NLD ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်က ပြောကြားသည်။


ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် မေလ ၂၇ ရက်မှ စတင်ကာ ဇူလှိုင်လ ၁၉ ရက်နေ့အထိ တစ်နိုင်ငံ လုံးရှိ ပြည်သူလူထု ဆန္ဒပြု လက်မှတ်ကောက်ယူမှု လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

“ဆန္ဒပြုလက်မှတ် ကောက်ယူတာကို တရားဥပဒေမဲ့ လုပ်ရပ်တွေနဲ့ တားဆီး ပိတ်ပင်တာတွေ ရှိရင် ဥပဒေကြောင်းအရ အရေးယူသွားမယ်။ ဘယ်လို နှောင့်ယှက်သလဲဆိုတဲ့ အပေါ်ကို ကြည့်ပြီး တရားစွဲဆိုမယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ဆန္ဒပြု လက်မှတ်များကို မြို့နယ်အသီးသီးရှိ ရပ်ကွက်၊ ကျေးရွာများအထိ ကောက်ယူသွားမည် ဖြစ်ပြီး နှောင့်ယှက် ဖျက်ဆီးမှုများ ရှိလာပါက NLD ပါတီရုံးချုပ်သို့ အဆင့်ဆင့် သတင်းပို့ အကြောင်းကြားရန် NLD ပါတီမှ ထုတ်ပြန်ထားသည်။

ထို့အပြင် ဆန္ဒလက်မှတ် ရေးထိုးသူများသည် မြန်မာနိုင်ငံသား ဖြစ်ခြင်း၊ အသက် ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ခြင်း၊ စိတ်ပေါ့သွပ်သူ မဟုတ်ခြင်း၊ မိမိဆန္ဒနှင့် လွတ်လပ်စွာ လက်မှတ် ရေးထိုးသူ ဖြစ်ရမည်ဟူသော အရည်အချင်း ကန့်သတ်ချက်များကို ထုတ်ပြန်ထားသည်။

ယင်းသို့ လက်မှတ်များကို တစ်နိုင်ငံလုံး အတိုင်းအတာ ကောက်ယူနေသော်လည်း လက်မှတ်များ ရရှိပါက မည်သို့ ဆက်လက် ဆောင်ရွက်မည်ကို NLD ပါတီက ထုတ်ပြန် ပြောကြားခြင်း မရှိသေးပေ။

အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်းပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် NLD ပါတီနှင့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ၏ ပူးတွဲ လူထုဟောပြောပွဲများကို မေလ တတိယပတ်မှ စတင်ကာ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအနှံ့ ဟောပြောပွဲများ ဆက်လက်ပြုလုပ်မည် ဖြစ်ကြောင်း NLD ပါတီက ထုတ်ပြန်ထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း (၁၂) ပါ ပုဒ်မ ၄၃၆ တွင် အခြေခံဥပဒေပါ ပြဋ္ဌာန်း ချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည် ဖြစ်ကြောင်း ဖော်ပြထားသည် 

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။