/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, May 22, 2014

.

လယ်ယာမြေပြဿနာများကြောင့် တိုင်းပြည်ဆူပူလာမည်ကို ဦးအောင်သိန်းလင်း အလွန်ကြောက်ရွံ့

နိုင်ငံတစ်ဝန်းဖြစ်ပေါ်နေသည့် သိမ်းဆည်း လယ်ယာမြေပြဿနာများကို အစိုးရက မြန်မြန်ဆန်ဆန် ဖြေ ရှင်းပေးနိုင်မည် မဟုတ်သည့်အတွက် တိုင်းပြည်ဆူပူမှုဖြစ်လာမည်ကို ကြောက်ရွံ့နေရသည် ဟု ပြည်ထော င် စု လွှတ်တော်၏ လယ်ယာမြေ စုံစမ်းရေးကော်မရှင်မှ ရန်ကုန်တိုင်းတာဝန်ခံ ဦးအောင်သိန်းလင်း က မဇ္ဈိမကို ပြောဆိုလိုက်သည်။ သိမ်းဆည်းခံ လယ်ယာမြေပိုင်ဆိုင်သူများ၏ ဆန္ဒပြတောင်းဆိုမှုများ ဆက်တိုက်ဖြစ်ပေါ်နေရာ ဆူပူမှုဖြစ် မည်ကို ကြောက်နေကြောင်း နအဖ အစိုးရလက်ထက် ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်း က ပြောဆိုလိုက်ခြင်းဖြစ်သည်။


“ဆန္ဒပြမှုတွေက တစ်နေ့တခြားများလာပြီ။ များလာတဲ့အခါကျတော့ အဲ့ဒါတွေစုပေါင်းသွားပြီးတော့မှ အထွေထွေ သပိတ် လိုဟာမျိုးကြီးဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့ ဒီမိုကရေစီ နောက်ပြန်လည်သွားမယ်။ အဲ့ဒါမျိုးတွေဖြစ်လာမှာ ကြောက်တယ်” ဟု ၎င်းက ပြောသည်။

လယ်သမားတို့၏ နစ်နာဆုံးရှုံးမှုအပေါ် အစိုးရကထိရောက်သည့် ဖြေရှင်းဆောင်ရွက်မှုမရှိဟု လယ်သမား ထုက ယူဆလိုက်သည်နှင့် ဆူပူမှုများဖြစ်ပေါ်နိုင်သည်ဟု ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်မှ တောင်သူ လယ်သမားသမဂ္ဂ အတွင်းရေးမှူးဖြစ်သူ ဦးတင့်ဇော်ဦးကလည်း သုံးသပ်သည်။

“ဥပေက္ခာပြုတယ်လို့ ယူဆပြီ ထင်ပြီ ဆိုရင်တော့ မြန်မာတစ်နိုင်ငံလုံးမှာ ဒုတိယ ဆရာစံဆိုတဲ့ အရေး တော် ပုံကြီး ပေါ်နိုင် ပါတယ်” ဟု ၎င်းက ပြောသည်။

လယ်ယာမြေ ပြဿနာအားလုံးကို ယခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီအမီ (ဇွန်လ ကုန်မတိုင်မီ)နှင့် ဆောင်းသီးနှံ စိုက်ပျိုး ရာသီ (စက်တင်ဘာလမတိုင်မီ) မူလပိုင်ရှင်များထံ အပြီးသတ်ပြန်ပေးရန် ပြည်ထောင်စု လွှတ်တော် က ဖေဖော်ဝါရီလအတွင်း၌ အစိုးရကို တိုက်တွန်းထားသည်။ 

သို့သော် လက်တွေ့အခြေအနေတွင် ဖြစ်နိုင်မည်မဟုတ်ဟု ဦးအောင်သိန်းလင်းက ဝေဖန်လိုက်သည်။ “ဘယ်သူ့ကို ပြန်ပေးရမလဲဆိုတဲ့ ပြဿနာကတချို့ဟာတွေမှာ တော်တော် ဆုံးဖြတ်ရခက်တယ်။ တချို့ဟာတွေ ကျတော့ တရားမကြောင်းနဲ့ ဆုံးဖြတ်ပြီးတော့မှ ပြီးပြတ်မယ့်ဟာတွေ ရှိနေတယ်။ အဲဒါမျိုးကျတော့ ကြာတာ ပေါ့ဗျာ” ဟု ၎င်းကဆိုသည်။

ပြည်ထောင်စုလွှတ်တော် လယ်ယာမြေကော်မရှင်က စုံစမ်းထားသည့် မြေယာ ပြဿနာအမှုပေါင်း ၇၄၅ မှု ကို ဖြေ ရှင်းရန် ဒု-သမ္မတ ဦးဥာဏ်ထွန်း ဦးဆောင်သည့် မြေအသုံးချမှုကို စီမံခန့်ခွဲရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီး လက်ရှိတွင်ဖြေရှင်းလျက်ရှိသည်။ 

ယင်းကော်မတီကို ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက စတင်ဖွဲ့စည်းခဲ့ပြီး လယ်ယာမြေပြဿနာများကို တစ်နှစ်အတွင်း ဖြေရှင်းပေးမည်ကို ပြောဆိုထားခဲ့သည်။ 

ကျေးလက်ပြည်သူတို့ အခက်အခဲကို အဓိက ဖြေရှင်းပေးမည်ဟု ပြောဆိုထားသည့် သမ္မတဦးသိန်းစိန် အစိုးရ သက်တမ်း သုံးနှစ်ကျော်လာသော်လည်း လမ်းပေါ်ထွက် ဆန္ဒပြမှုအများစုမှာ လယ်ယာမြေ ပြဿနာ များကြောင့် ဖြစ်နေသည်။

Mizzima - News in Burmese

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။