/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, October 3, 2013

.

ဒေါ်စုခေါင်းဆောင်မှုနောက် ဖြောင့်ဖြောင့် လိုက်ကြ(ဟံသာဝတီဦးဝင်းတင်)



ဒီစာကို ရေးနေတဲ့ ၂၀၁၃ စက်တင်ဘာ ၂၇ ရက်မှာ ကျုပ်ရဲ့နိုင်ငံရေးဘဝ ၂၅ နှစ်တိတိ ပြည့်မြောက် တယ်ဗျာ။ အရေးကိစ္စမြားမြောင်တဲ့ လူ့ဘောင် လောက အတိုင်းအထွာ မဟာဗျူဟာနဲ့ တန်းညှိ လိုတော့ မဖြစ်ဘူးပေါ့။ လောကတံထွာ အတိုင်း အတာ ပမာဏကတော့ ရှည်လျားပါဘိခြင်းပေါ့ဗျာ။ အဲဒီ အချိန်ကာလ အတိုင်းအတာ ရှည်ကြာတဲ့ နိုင်ငံရေးသံသရာကြီးထဲမှာ ၂၅ နှစ်ဆိုတာ မျက်စိတမှိတ်၊ လျှပ်တပြက်သာဖြစ်တယ်လို့ ဆိုရမှာပဲဗျာ။ လူ့ဘဝသက်တမ်း ပုဂ္ဂလိကသက်တမ်းနဲ့တိုင်းလို့ကတော့ ကာလတော်တော်ရှည်ကြာကြီးဗျ။


လူတို့ဘာဝလောဘနဲ့ တိုင်းတာရင် လောဘဆိုတာ (ဆရာကြီးသခင်ကိုယ်တော်မှိုင်းရေးဖွဲ့သလို) ‘တောင်ကျရေ နွားနှစ်ကောင်မဝသလို’ လိုက်မဆုံး၊ မိုက်မဆုံး ကာလရှည်ကြီးဗျ။ ဒေါသနဲ့ တိုင်းတာရင် လောကဆိုတာ ‘ကမ္ဘာမကျေဘူး’ အရေးတော်ပုံ ဟစ်ကြွေးတဲ့ကာလရှည်ကြီးဗျ။ မောဟနဲ့တိုင်းတာရင် အာဏာရှင်ငမိုက်သားတို့ကို ရုန်းကန်ရမှန်းသိ၊ ကုန်းခံရင်း အရှုံး သံသရာလည်နေကြရတဲ့ ကာလ ရှည်ကြီးဗျ။ အဲဒီနိုင်ငံရေးဘဝကာလတို၊ လူ့ဘဝကာလရှည်တည်းဟူသော ၂၅ နှစ်ကာကို ကျုပ်ဖြတ်သန်း ခဲ့တယ်။ ပြည်သူ့ အာဏာ မဟာအောင်ပွဲ စိတ္တတက္ခဏမှာ ကျုပ်မြောနေခဲ့တယ်။ ဒီလိုနဲ့ အနိစ္စသဘော အရတော့ ကျုပ်လဲ ကိစ္စချော ရတော့မှာပေါ့။ 

အဲဒီ့ကာလရှည်ကြာ တိုတောင်းစွာကို ကျုပ်ခမျာကတော့ ဆရာဇော်ဂျီရဲ့ကဗျာထဲကလို မဗေဒါ စုန်ဆန်ကြော မျောတာကို ကျူရိုးရှင် ထိုင်ကြည့်သလိုမျိုး ဥပေက္ခာမျက်စိနဲ့ ထိုင်မကြည့်နိုင်ဘူးဗျာ။ လောကဓံကို ကြောက်ပြေးတဲ့ ရွှေသမင်လိုလဲ ကျုပ်မလုပ်ချင်ဘူး။ ငွေရတုကို ကျုပ်သမင်လည်ပြန် မကြည့် ဘူး။ ငါဟဲ့ယောက်ျား ရင်ဆိုင်ခြင်း၊ ငါဟဲ့ယောက်ျား ခြင်္သေ့မင်း စိတ်ဓာတ်နဲ့ ခြင်္သေ့လည်ပြန်ခြင်းနဲ့ပဲ ကြည့်တယ်။ သမင်ကြည့်တာ အကြောက်ကြည့်၊ အပြေးကြည့်၊ အရှုံးကြည့်။ ခြင်္သေ့ကြည့်တာ အရဲကြည့်၊ အဆိုင်ကြည့်၊ အနိုင်ကြည့်။ ဘာ့ကြောင့် ကျုပ်ငွေရတုကို ခြင်္သေ့လည်ပြန် ကြည့်နိုင်သလဲ။ ဒီမိုကရေစီ ပြည်သူ့အရေးတော်ပုံကြီးမှာ အရေးတော်ပုံတပ်သားတစ်ယောက်အဖြစ်နဲ့ ကျုပ်ပါဝင်လှုပ်ရှားခဲ့တယ်။ လွတ်လပ်စွာရေးသားခွင့်၊ ပွင့်လင်းမြင်သာခွင့်၊ ပြည်သူ့ဆန္ဒဖော်ထုတ်ခွင့်၊ အမှန်တရားအလင်းဆောင်၊ အမှားတရား အမှောင်ခွင်းခွင့် တိုက်ပွဲတွေကို လမ်းဖောက်ခဲ့တယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတဲ့ ပြည်သူ့အရေးတော်ပုံကြီးရဲ့ အမွေခံ၊ အောင်လံလွှင့်နိုင်ငံရေးပါတီကြီး တည်ထောင်ဖွဲ့စည်းရာမှာ ပါဝင်ခဲ့တယ်။ အာဏာဖီဆန်ရေးလှုပ်ရှားမှုနဲ့ ထောင်ထဲရောက်ခဲ့တယ်။ ဆယ်စုနှစ် နှစ်စုအကြာ ထောင်ကလွတ်တော့ ကျုပ် အပြာရောင် ထောင်ကန့်ကွက် ဝတ်စုံအမြဲ ဝတ်ခဲ့ တယ်။ ထောင်ထဲမှာ ဒီမိုကရေစီပိုင်ခွင့်၊ လူ့အခွင့်အရေး ပြည့်ဝခွင့်တွေ တိုက်ပွဲဝင်ခဲ့တယ်။ ‘စုလွှတ်တွေ့’လှုပ်ရှားမှုနဲ့ ဒေါ်စုနဲ့နိုင်ငံရေး အကျဉ်းသားအားလုံးလွှတ်ရေး၊ လွှတ်တော်ကျင်းပရေးနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာရေး တောင်းဆိုခဲ့တယ်။ ‘ရံသုံးရံ’ လှုပ်ရှားမှုနှင့် ဒေါ်စုကို ဝန်းရံကြ၊ ဒီချုပ်ကို ဝန်းရံကြ၊ လွှတ်တော်(ပြည်သူ့အာဏာ)ကို ဝန်းရံကြဖို့ လှုံ့ဆော်ခဲ့တယ်။

‘နိုးသုံးနိုး’ လှုပ်ရှားမှုနဲ့ စစ်အာဏာအခြေခံဥပဒေသစ် အမှတ်ခြောက်အခြေခံမူဝါဒ (တပ်မတော်သည် အမျိုးသားနိုင်ငံရေး ဦးဆောင်မှုကဏ္ဍတွင် ပါဝင်ရေး) ဖျက်သိမ်းရန်၊ အလျော့ပေးစေ့စပ်မှု လုံးဝမပြုရန်၊ ဒူးထောက်လက်မြှောက်ပုဒ်မ ၄၀၁ ဘယ်တော့မှ လက်မှတ်မထိုးရန် တိုက်ပွဲဝင်ခဲ့တယ်။ ထောင်ကလွတ် တော့ ဒီချုပ်မှာ မဝရေစာ နိုင်ငံရေးတာဝန် ဆက်ယူတယ်။ ၂၀၀၉ မှာ ‘လူထုကို မျက်နှာမူကြ’ လှုပ်ရှား ဖော်ခဲ့တယ်။ ရွှေဂုံတိုင် ကြေညာစာတမ်း ကြေညာခဲ့တယ်။ ‘လှေခွက်မကျန် အောင်လံမလှဲ’ လှုပ်ရှားမှု နှိုးဆော်ခဲ့တယ်။ လွှတ်တော်တွင်းလှုပ်ရှားမှုနဲ့အတူ လွှတ်တော်ပြင်ပလှုပ်ရှားမှုတွေမှာ ပါဝင်လှုပ်ရှား ခဲ့တယ်။ 

ဒီချုပ်ရဲ့နိုင်ငံရေး ရည်မှန်းချက်တွေ ဖြစ်တဲ့တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ အခြေခံဥပဒေပြင်ဆင်ပြောင်းလဲရေး လှုပ်ရှားမှုတွေကို ဝန်းရံခဲ့တယ်။ ကျုပ်က မသေကောင်းမပျောက်ကောင်းလို့ မသေမပျောက်သေးတာ။ ခေတ်ဝန်ကတော့ ဖြစ်စဉ်ပြောင်းခဲ့ပြီ။ အသက် ၆၀ မှာ နိုင်ငံရေး ဝိညာဉ်တွယ်ခဲ့ လို့ ထောင်ထဲရောက်ခဲ့တယ်။ ထောင်ထဲမှာ သတင်းဝိညာဉ်ရှင်ပြန်ထမြောက်လို့ နိုင်ငံရေးအကျဉ်းသား တွေရဲ့ မီဒီယာထိုးစစ် ဒီရေမြင့်သစ်ခဲ့တယ်။ ‘ဒီလှိုင်း’ ဆိုတာ ထောင်ရေစက်။ ထောင်ထဲမှာ ကျုပ်တို့ ထုတ်ခဲ့တဲ့ စာစောင်နာမည်။ ဒီမိုကရေစီဆူနာမီ ရေငလျင် ဒီလှိုင်းကြီးပေါ့။ ‘ဒီလှိုင်း’ ခရီးဆက်တော့ ကျုပ် အသက် ၈၀ ကျော်ပြီ။ 

နိုင်ငံရေးသမုဒ္ဒရာ ပင်လယ်ပြင်ကျယ်မှာ ကျုပ်ထင်သဟယ် မြင်သဟယ် အခြေခံမဏ္ဍိုင်တွေ မထူနိုင်ပါဘူး။ ဒီလှိုင်းမှာ ကျုပ်နိုင်ငံရေးသရော်စာတွေ ရေးတယ်။ အခါများစွာ ရှုးကြောင်ပေါချာ စာထိုးစာနှက်တွေပါပဲ။ ဖက်ပျော်ရုံလောက်ပါ။ ကရော်ကမည် လွှတ်လိုက်လို့လည်း မရဘူး။ ပါတီကြီးက ရှေ့ကခံနေသေး။ တုန့်ခနဲ ဘရိတ်အုပ်လိုက်လို့ကလဲ မဖြစ်။ လူထုက နောက်ကခံနေသေး။ ဒီလိုနဲ့ ရှေ့မရောက်၊ နောက်မလန် စာပေမသန်စွမ်းတွေကို ကျုပ်ရေးလာခဲ့တယ်။ အခုတော့ လေလျှော့ချိန်တန်ပြီ။ ကလောင်လဲပမ်း၊ လူလဲနွမ်းပြီ။ အနောက်တိုင်း စာပေအသုံးအနှုန်းအတိုင်းဆိုရင် ငန်းသီချင်း Swan Song ဆိုသင့်ပြီ။ မရဏတေးသီသင့်ပြီပေါ့။ မျောက်မင်းအူသံ ဟစ်သင့်ပြီပေါ့။ ကျုပ်အသက် နှစ်ရှစ်ဆယ် သက်တမ်းတစ်ဝက်ကျိုးခဲ့ပြီ။ ဒီရေမြင့်သစ် ဒီရေမစစ်ခင် ခေတ်ဝန်တွေအထမ်းလျှော့ရတော့မယ်။ ခေတ်လမ်းတွေ အလှမ်းလျှော့ရတော့မယ်။ 

နိုင်ငံရေးသမား၊ သတင်းသမား ဆိုတာ အသက်မသေမီအထိသာ ထက်မြက်ထိရောက်နိုင်တာဗျ။ လူဆိုတာ ခန္ဓာကိုယ်အတ္တဘောကြီးဘုံးဘုံးလဲသေပျောက်သွားမှ စခန်းသိမ်းတာ မဟုတ်ဘူးဗျ။ ဥာဏ်သေရင်လဲ တစ်ဇာတ်သိမ်းပြီ။ ဥာဏ်သေတယ်ဆိုတာ မိမိရဲ့အသိအာရုံတွေကို အခါမလပ် စုစည်းသိမ်းရုံ အသုံးချနိုင်ခြင်း မရှိတာကိုပြောတာ။ လူတိုင်းဟာ ဥာဏ်သေတာကို သိမှတ်ရမယ်။ ဥာဏ်သေသွားရင် နိုင်ငံရေး၊ လူမှုရေး ဦးဆောင်မှုကဏ္ဍတွေကို ဆင့်ကမ်းရမယ်။ လွှဲပြောင်းရမယ်။ 

အဖွဲ့အစည်း ကုလားထိုင် ဖက်သေမယ် မကြံရွယ်ရဘူး။ အဲသလိုဆို လူသေရုံမက အဖွဲ့အစည်း၊ ကုလားထိုင်ပါ အတူသေမယ်။ ကျုပ်ကတော့ ပါတီတာဝန်ထမ်းရွက်တဲ့ သက်တမ်းအစိတ်မှာ ကနဦး ကတည်းက အချိန်တန်ရင် စာရင်းပိတ်ဖို့ ကြံရွယ်ပြီးသားဗျ။ ဒါကို လူကြီးတွေလည်း တင်ပြပြီးသားဗျ။ ဒီတော့ ကျုပ်ရဲ့နိုင်ငံရေးပါရမီဖြည့်လုပ်ငန်းစဉ်အတိုင်း ကျုပ်အခု ဥာဏ်သေစ ပြုချိန်မှာ ‘ဒီလှိုင်း’ က လောင် ရွက်လွှင့်မှုတွေ လေလျှော့ချတော့မယ်။ 

ရိက္ခာမစား၊ စာမူခတစ်ပြားမယူ၊ အကြံပေးသာလုပ်ခဲ့တဲ့ ‘ဒီလှိုင်း’ လုပ်ငန်းတာဝန်တွေကို ဖဲ့ချွေ သေးမွှာတော့မယ်။ ဒီချုပ်နိုင်ငံရေးလှုပ်ရှားမှုတွေမှာလည်း အထိုးအနှက် အရုန်းအကန်ဖျော့တော့မယ်။ လျှော့တော့မယ်။ နှစ်ဆယ့်တစ်ရာစု ဒီချုပ် ရှေ့ခရီးမှာ လူငယ်အားသစ်တွေ စိတ်သစ်၊ မာန်သစ်၊ ဥာဏ်သစ်၊ ဈာန်သစ်၊ ဟန်သစ်တွေနဲက တက်လှမ်းကြပါစို့လို့ပဲ တိုက်တွန်းပါတယ်။ 

လူငယ်တွေ ရှေ့တန်းက ချီကြပါ။ ကျုပ်တို့ အိုနာကျိုးကန်းတွေ နောက်က ထပ်ချပ်လိုက်ကြမယ်။ အရေးတော်ပုံစိတ်ဓာတ်ခိုင်ခိုင်မြဲကြဒီချုပ်စွမ်းအားသန်သန်မွေးကြ ပြည်သူ့အာဏာမာမာကိုင်ကြ နှစ်ဆယ့် တစ်ရာစုနိုင်ငံရေး ပြင်းပြင်းထူကြ ဒေါ်စုခေါင်းဆောင်မှုနောက် နောက်နွားသိုက်လို ဖြောင့်ဖြောင့် လိုက်ကြ အတိုက်အခံ ဥာဏ်မာန်မြဲကြ။

ဟံသာဝတီဦးဝင်းတင် ဒီလှိုင်းဂျာနယ်။ ။ အတွဲ (၂)၊ အမှတ် (၃၈)။

6 comments:

  1. ဦးဝင်းတင် က ပြောထားတယ်ေ ဒ်ါစု ခေါင်းဆောင်မှုနောက် နွားတွေ လိုက်ကြ တဲ့ 

    ReplyDelete
    Replies
    1. ခွေးလိုးမသား ဖြုတ်ညံ့နဲ့မပြောနဲ့
      ဥပမာ ဆိုဒါရှိတယ်ပညာရှိဆိုတာ
      ဥပမာ ပေးပြောလေ့ရှိတယ် ။

      ရှေ့ဆောင်နွားလား ဖျောင့်ဖျောင့်
      သွား နောက်နွားသသိုက်ဖျောင့်
      ဖျောင့်လိုက်။
      မင်းကဒီစာရဲ့ အဓိပ္ပါယ်လဲဘားမှ
      သိမဲ့ကောင်မဟုပ်ပါဘူ။
      မင်းကိုပြောရတာ ခွေးကိုချီးကျွေး
      သလို ဖြစ်နေပီ dog.

      Delete
  2. ဦးဝင်းတင် က ပြောထားတယ်ေ ဒ်ါစု ခေါင်းဆောင်မှုနောက် နွားတွေ လိုက်ကြ တဲ့ 

    ReplyDelete
  3. ဦးဝင်းတင်​​ရေ ​ပြောမယ်​ဆိုရင်​လည်း မျက်​လုံးဖွင့်​ ​ပြောဗျ မျက်​စိမှုန်​နတေယ်​ဆိုရင်​လည်းအပြစ်​မ​ပြော​တော့ပါဘူဗျာ ​ဒေါ်စု​နောက်​က ၂၅နှစ်​လုံးလုံး လိုက်​ခဲ့တဲ့ ဦးဝင်းတင်​ ဘာ​တွေထူးခြားလဲ ​ပြောပြ​နော်​ ဘာ​တွေတိုးတက်​လဲ ချပြ​နော်​ သိချင်​တယ်

    ReplyDelete
    Replies
    1. အသက်ကြီးလို့ မျက်စိမှုန်တာ
      သဘာဝဘဲ။ ဥဏ်ဦးနှောက်ကတော့ မမှုန်သေးဘူး။
      သူ ထောင်ထဲစဝင်ခဲ့ရတဲ့
      ပြီးခဲ့တဲ့ အနှစ် နှစ်ဆယ်ကာလနဲ့
      လက်ရှိကာလကို ချိန်ထိုးကြည့်
      ပေါ့ကွာ။
      ဒါကိုမှ မသိသေးဘူးဆိုရင်
      မင်းရဲ့ မျက်စိနဲ့ နားကန်းနေပြီး
      မင်းရဲ့ ဦးဏှောက်တွေကလဲ
      ချီးတွေ ဖြစ်လို့ နေလိမ့်မယ်။

      Delete
  4. ခင်မောင်ဦးOctober 8, 2013 at 10:04 AM

    ကုလား တွေ ကို ဦး စား
    မ ပေး ဘူး ဆို ရင် တော့
    စဉ်း စား ရမှာ ပေါ့။

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။