/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, June 13, 2013

.

ကချင်ပြည်နယ် ငြိမ်းချမ်းရေး၏ အဓိကသော့ချက်မှာ သယံဇာတစီမံခန့် ခွဲမှုဟု ICG ထုတ်ပြန်



အစိုးရနှင့် KIO တို့အကြား ငြိမ်းချမ်းရေး သဘော တူညီချက် လက်မှတ်ရေးထိုး နိုင်ခဲ့သော်လည်း ကချင် ပြည်နယ်တွင် ရေရှည်တည်တံ့မည့် ငြိမ်းချမ်း ရေးတည်ဆောက်ရန်အတွက် တရားမျှတပြီး အများ လက်ခံ နိုင်မည့် သယံဇာတ စီမံခန့်ခွဲမှုမှာ အဓိက သော့ချက် ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ပဋိ ပက္ခ စောင့်ကြည့် ရေးအဖွဲ့ ICG က ဇွန်လ ၁၂ ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။ ကချင်ပြည်နယ် တွင် နှစ်စဉ် ဒေါ်လာ သန်းထောင်ချီ ရရှိနေသည့် ကျောက်စိမ်းလုပ်ငန်းများ အပါအဝင် ပြည်နယ်၏ တန်ဖိုးကြီး သဘာဝ အရင်းအမြစ်များကို စဉ်ဆက်မပြတ် ထုတ်ယူ သုံးစွဲနိုင်ရေးနှင့် တရားမျှတပြီး အများလက်ခံနိုင်မည့် သယံဇာတ စီမံခန့်ခွဲမှု အဓိက လိုအပ် ကြောင်း ICG ၏ ကချင် ပဋိပက္ခမှ ယာယီ ငြိမ်းချမ်းရေး စာတမ်းတွင် ဖော်ပြထားသည်။


ယင်းသို့ စီမံခန့်ခွဲမှုများ ပြုလုပ်နိုင်မှသာ ရေရှည် ငြိမ်းချမ်းရေးအတွက် လိုအပ် သည့် ဒေသခံ ပြည်သူများ၏ စီးပွားရေး အခြေအနေ ပြောင်းလဲမှုကို အထောက်အကူ ပြုနိုင်မည် ဖြစ်ကြောင်း ICG က ဆိုသည်။ ငြိမ်းချမ်းရေးအတွက် သဘာဝ သယံဇာတ စီမံခန့်ခွဲမှုမှာ များစွာ အရေးပါပြီး အခြေခံ ဥပဒေ ပြင်ဆင် ရာတွင် သယံဇာတ ခွဲဝေရေးနှင့် ပတ်သက်၍ တိကျစွာ ထည့်သွင်းနိုင်ရန် ဆွေးနွေးမှုများ ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင် ရမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်း ရေး ဖော်ဆောင်မှု ကော်မတီဝင် အင်ဂျန်းယန် မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောကြားသည်။

“လက်ရှိက ဘာမှလုပ်ပိုင်ခွင့် မရှိဘူး။ ပြည်နယ်နဲ့ တိုင်းဒေသကြီး အားလုံး ဆားပဲ ထုတ်ခွင့်ရှိတာ ကချင်မှာ ဆားမှမထွက်ဘဲ ဘာသွားထုတ်မလဲ။ စစ်ပွဲတွေကလည်း သယံဇာတ ကျိန်စာကြောင့် ဖြစ်နေကြတာပါ” ဟု ဒေါ်ဒွဲဘူက ရှင်းပြသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၈၈ အရ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်က ဥပဒေပြုခွင့် ရှိသည့် စာမျက်နှာ ၁၈၈၊ ဇယား ၂ တွင် ဖော်ပြထားသော စွမ်းအင်၊ လျှပ်စစ်၊ သတ္ထုနှင့် သစ်တောကဏ္ဍတွင် ဆားနှင့် ဆားထွက်ပစ္စည်း၊ ကျောက်မျက်ရတနာဖြတ်တောက်ခြင်း၊ သွေးခြင်း၊ ကျေးရွာထင်းစိုက်ခင်း စသည်တို့သာ ဥပဒေပြု ခွင့်ပြုထားသည်။

မြန်မာနိုင်ငံရှိ အဓိကတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၁ ခုတွင် ငြိမ်းချမ်းရေး သဘော တူညီချက် ရရှိရန် နောက်ဆုံး ကျန်ရှိသည့် KIO အဖွဲ့နှင့် လက်မှတ်ရေးထိုး နိုင်ခြင်းမှာ တိုင်းပြည် တစ်ခုလုံး၏ ထာဝရ ငြိမ်းချမ်းရေးအတွက် အဓိက အခွင့်အလမ်းတစ်ခု ဖြစ်သော်လည်း စီးပွားရေး ဖွံဖြိုး တိုးတက်မှုနှင့် သယံဇာတ ထုတ်ယူရေး ဆိုင်ရာများတွင် သင့်လျော်သည့် ဥပဒေများ မချမှတ်နိုင်ပါက ပဋိပက္ခ များ အသစ်တစ်ဖန့်ပြန်လည် ဖြစ်ပွားလာနိုင်ကြောင်း ICG က သုံးသပ်ပြောဆိုသည်။

တိုင်းရင်းသား ဒေသများရှိ သယံဇာတများ ဖော်ထုတ်သုံးစွဲရာတွင် ယင်းဒေသရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ပြည်နယ် အစိုးရများ၊ ဒေသခံများ၏ သဘောတူညီမှု ရရှိမှသာ ထုတ်ဖော်ခွင့်ပြုမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက ၂၀၁၂ ခုနှစ် အတွင်း ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ တစ်ခုတွင် ပြောကြားထားသည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေး မှူးချုပ်၏ အထူးကိုယ်စားလှယ်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံး ဒုတိယ တာဝန်ခံတို့ တက်ရောက် သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO တို့ မေလ ၃၀ ရက်နေ့တွင် ကချင်ပြည်နယ်မြစ်ကြီးနားမြို့တွင် ပြုလုပ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၌ ငြိမ်းချမ်းရေး သဘောတူညီချက် ခုနစ်ချက်ကို လက်မှတ် ရေးထိုးခဲ့သည်။

The Voice Weekly

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။