/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, July 4, 2012

.

တပ်မတော်သားများမှ ဒု-သမ္မတသစ် တစ်ဦးကို တပတ်အတွင်း ရွေးချယ်မည်



ရာထူးမှ နုတ်ထွက်ခွင့် တင်ပြထားသော ဒုတိယသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦးအစား ဒုတိယသမ္မတတစ်ဦးကို လွှတ်တော်အတွင်းရှိတပ်မတော်သားကိုယ်စားလှယ်များအစုအဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခုနစ်ရက်အတွင်း (လာမည့် ဇူလိုင် ၁၀ရက်အတွင်း) ရွေးချယ်ပေးရန် ပြည်ထောင်စု လွှတ်တော်နာယက က တပ်မတော်သားကိုယ်စားလှယ်များကို တိုက်တွန်း ပြောကြားလိုက်သည်။

သီဟသူရဦးတင်အောင်မြင့်ဦးမှာ ကျန်းမာရေးအခြေအနေအရ ဧပြီ ၁၈ ရက်မှ မေ ၁ ရက်အထိ ပြည်ပသို့သွားရောက် ဆေးကုသမှု ခံယူခဲ့သည်။ ပြည်ပမှ ပြန်လည်ရောက်ရှိလာပြီးနောက် မေ ၁ ရက်မှ ဇွန် ၃၀ ရက်အထိဆေးခွင့်နှစ်လကို အစိုးရက ပေးခဲ့သည်။ သို့သော် ကျန်းမာရေးအခြေအနေကြောင့် သီဟသူရဦးတင်အောင်မြင့်ဦးက ဇူလိုင် ၁ ရက်တွင် နုတ်ထွက်စာတင်ပြီး သမ္မတက ဇူလိုင် ၄ ရက်တွင် နုတ်ထွက်ခွင့်ပြုခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒုတိယသမ္မတတစ်ဦး နုတ်ထွက်လျှင် ခုနစ်ရက်အတွင်း သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ရွေးချယ်ပေးရမည်ဖြစ်သည်။ သီဟသူရဦးတင်အောင်မြင့်ဦးကို တပ်မတော်သား ကိုယ်စားလှယ်များက ဒုတိယသမ္မတအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

လစ်လပ်နေသော ဒုတိယသမ္မတရာထူးတစ်နေရာအတွက် တပ်မတော်သား ကိုယ်စားလှယ် တစ်ယောက်က ရွေးချယ်သောအခါ လွှတ်တော်အတွင်းမှ ဖြစ်စေ၊လွှတ်တော်ပြင်ပမှ ဖြစ်စေ ဒုတိယသမ္မတအရည်အချင်းနှင့်ကိုက်ညီသော ပုဂ္ဂိုလ်ကို ရွေးချယ်နိုင်ကြောင်းလည်း လွှတ်တော်ကိုယ်စား လှယ်တစ်ဦးက ပြောသည်။

တပ်မတော်သားကိုယ်စားလှယ်တစ်ဦးကို ဒုသမ္မတ ရွေးချယ်ပေးရတော့မည်နှင့် ပတ်သက်၍ မေးမြန်းရာ ပြင်ပတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးတိုင်ပင်၍ သေသေချာချာ စဉ်းစားပြီး ရွေးချယ်မည်ဖြစ်ကာ၊ ရွေးချယ်ပြီးပါကလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို တင်ပြသွားမည်ဖြစ်ကြောင်းပြောသည်။ သို့သော် ယခုလောလောဆယ်တွင် အမည်စာရင်း မစဉ်းစားရသေး ကြောင်း ၄င်းကဆိုသည်။

နိုင်ငံတော် ဒုတိယသမ္မတတစ်ဦး ရာထူးသက်တမ်းမကုန်မီ နုတ်ထွက်ခြင်း ကွယ်လွန်ခြင်း ထာဝစဉ် စွမ်းဆောင် နိုင်တော့ခြင်းစသည်ဖြင့် ရှိခဲ့ပါက ယင်းဒုတိယသမ္မတကို ရွေးချယ်တင်မြှောက်ပေးခဲ့သော လွှတ်တော်ကိုယ်စား လှယ်များအစုအဖွဲ့ကသာ သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်တင်မြှောက်ရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၇၃ (စ)တွင် အတိအလင်းဖော်ပြထားသည်။

ယနေ့ကျင်းပနေသည့် ပြည်သူ့လွှတ်တော် ပထမအကြိမ် စတုထ္ထပုံမှန်အစည်း အဝေး ပထမနေ့တွင် -

၁) ဥပဒေနှင့် အညီ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပြန်လည် ရွေးချယ်ခြင်း မေးခွန်း
၂) ဗဟိုဝန်ထမ်း တက္ကသိုလ်များ ပြုပြင်ပြောင်းလဲရန် (သို့မဟုတ်) ဖျက်သိမ်းရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း
၃) မြစ်ချောင်းများအား လိုင်စင် (C) ဆွဲဝယ်ခြင်းများ ကင်းလွတ်ခွင့် ပြု၊ မပြု မေးခွန်း
အစရှိသည်တို့ကို လွှတ်တော်ကိုယ်စားလှယ်များမှ မေးမြန်းမည် ဖြစ်ပါသည်။

ပထမအကြိမ် စတုထ္ထ ပုံမှန်အစည်းအဝေးများသို့ သတင်းထောက် စုစုပေါင်း (၁၄၇) ဦး တက်ရောက် သတင်းရယူမည်ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ခဲ့သော စာရင်းများအရ သိရပါသည်။

အဆိုပါ သတင်းထောက် (၁၄၇)ဦးတွင် ပြည်ပရှိ နိုင်ငံခြား သတင်းဌာနများမှ သတင်းထောက် (၂၃) ဦး၊ ပြည်တွင်ရှိ နိုင်ငံခြား သတင်းဌာနများမှ သတင်းထောက် (၄၀)ဦးနှင့် ပြည်တွင်း ဂျာနယ်/ရုပ်မြင်သံကြား ဌာနများမှ သတင်းထောက် (၈၄) ဦး ပါဝင်ကြောင်း သိရပါသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။