အခွင့်အရေးရလိုသူ နှင့် ရပိုင်ခွင့်ယူလိုသူ မတူညီနိုင်ဟု စာရေးသူမှယူဆပါသည်။
ရပိုင်ခွင့်ဆိုသည်မှာ မိမိကလုပ်ဆောင်လိုက်သော ကိစ္စတစ်ခုအတွက် သတ်မှတ်ထားသော စည်းကမ်း ဘောင်အတွင်းမှ မိမိရရှိရမည့် တန်ဖိုးတစ်ခုဖြစ်သည်။ ငွေကြေးသော်လည်းကောင်း၊ ပစ္စည်းဥစ္စာသော် လည်းကောင်း ဖြစ်မည်။ ထိုရပိုင်ခွင့်ကို တာဝန်ကျေပွန်အောင်လုပ်ဆောင်ပြီးမှ အပြည့်အ၀ခံစားပိုင်ခွင့်ရှိသည်။
အခွင့်အရေးပိုပြီးယူလိုသူဆိုသည်မှာ အဘယ်နည်း။
စာရေးသူနားလည်သလိုပြောပါမည်။ မိမိလုပ်ဆောင်သောကိစ္စတစ်ရပ်သည် တစ်စုံတရာ ခံစားပိုင်ခွင့် ရရှိပြီးဖြစ်သော်လည်း ထို့ထက်ပိုပြီး မတန်မရာ ရယူလိုသူများကို ဆိုလိုသည်ဟုထင်မြင်ယူဆပါသည်။
လူ့ဘောင်လောကတွင် လုပ်ငန်းပေါင်းမြောက်များစွာ၊ အဖွဲ့အစည်းပေါင်းမြောက်များစွာရှိပါသည်။ ထိုအထဲတွင် အခွင့်အရေးသမားများလည်း မြောက်များစွာပါဝင်လျက်ရှိသည်။ ထိုသူများသည် မိမိလုပ်ငန်း၊ အဖွဲ့အစည်းအတွက် မိမိဘယ်လောက်အကျိုးပြုနိုင်မလဲ၊ မိမိဘာတွေလုပ်ပေးနိုင်မလဲဟု စဉ်းစားကြံဆခြင်း အလျဉ်းမရှိ။ ဒါတစ်ခုလုပ်လိုက်ရင် ဘာတွေရမည်လဲ၊ မည်မျှရမည်လဲဟုသာ အဆင့်အတန်းနိမ့်နိမ့် စဉ်းစားလေ့ ရှိကြသည်။ အမှန်မှာ မိမိကိုပေးအပ်သည့်တာဝန်ကို မိမိထမ်းဆောင်နေခြင်းသာဖြစ်သည်ဆိုသည်ကို မသိကြပေ။ ရှိစေတော့။ ရသင့်တာထက်ပိုရအောင်ရော မိမိက ဘာတွေများထူးထူးချွန်ချွန်လုပ်ပြနိုင်သလဲ မိမိမှာရော လုပ်ပြစရာ ဘာအရည်အချင်းများရှိသလဲဆိုတာ ပြန်လည်သုံးသပ်ခြင်းမျိုးလည်း မပြုနိုင်ကြချေ။ အတ္တကြီးစွာ၊ တကိုယ်ကောင်းဆန်စွာ ကိုယ့်အတွက်ဘာရမလဲဆိုတာကိုသာ စဉ်းစားလေ့ရှိသည်။
“မပြည့်သောအိုးဘောင်ဘင်ခတ်”ဆိုသလို ထိုသူများသည် မိမိမည်မျှတော်ကြောင်း၊ တတ်ကြောင်းကို ဂုဏ်ယူစွာဖြင့် လူအများကိုလျှောက်ပြောလေ့ရှိကြသည်။ သို့သော် တကယ်လုပ်ပြဆိုလျင် ယခုခေတ် အသုံးများ သော စကားနှင့် ပြောရမည်ဆိုပါက နှာစေးနေတော့သည်။ ခက်ပေစွ။
အခွင့်အရေးသမားများသည် အခြားသူများကို ချိုးဖဲ့နှိမ်ချပြောဆိုရန်လည်း ၀န်မလေးတတ်ကြ။ မိမိသာလျင်အတော်ဆုံး၊ အသိဆုံးဟုယူဆပြီး အောက်ခြေလွတ်နေလေ့ရှိသည်။ အရာရာကို မိမိလောက် ဘယ်သူမှမသိ၊ မိမိအားလုံးသိသည်ဆိုပြီး ဘ၀င်မြင့်နေလေ့ရှိသည်။ အခြားသူများကိုလည်း အထင်သေး အမြင်သေးလေ့ရှိသည်။ အခွင့်အရေးသမားများသည် အတ္တတရားအလွန်ကြီးမားကြသော်လည်း အများအမြင် တွင် ဘာသာရေးသမား၊ မေတ္တာသမား၊ သစ္စာသမားအဖြစ် ထင်မြင်အောင်လည်း နေထိုင်တတ်ကြပြန်ပါသည်။ ထူးဆန်းပေစွ။
အခွင့်အရေးသမားများပြောသော တစ်ဦးဦးအကြောင်း အတင်းအဖျင်းစကားများကို မကောင်းတတ်၍ သော်လည်းကောင်း၊ ကြောက်ရ၍သော်လည်းကောင်း၊ ကျေးဇူးခံကျေးဇူးစားရှိ၍သော်လည်းကောင်း နားထောင် ချင်ယောင်ဆောင်ကြရသည်။ ၀ဋ်ကြီးပေစွ။
(ကြောက်ရ၍ဆိုသည်မှာ ကိုယ့်ကိုလည်း ကွယ်ရာတွင် အလားတူအပြောခံရမည်ကို ကြောက်ရွံ့ခြင်းဖြစ်သည်။)
သို့သော်လည်း နားထောင်သူများသည် ဒီဖက်နားက၀င်ပြီး ဟိုဖက်နားကထွက်သွားကြပေသည်။ တစ်ချို့လည်း ထောက်ခံသလိုလိုနှင့် မြှောက်ပေးကြသည်။ ထိုသူများ ပို၍စိတ်ကြီးဝင်သွားကြတော့သည်။ သနားစရာကောင်းပေစွ။
ထိုသူများသည် လောဘရမက်လွန်စွာကြီးရကား၊ အခွင့်အရေးကို ရသလောက် ထပ်ခါထပ်ခါ လိုချင် ကြသည်။ မိမိနှင့်လျော်ကန်သည်၊ မလျော်ကန်သည်မသိ အခြားသူများထိုက်သင့်၍ရတာများကိုပါ လိုချင်ကြသည်။ ထိုသူတို့၏ဆန္ဒ ဘယ်တော့များမှပြည့်မည်လဲမသိတော့ပါ။ ဆန္ဒအရ လိုချင်တပ်မက်မှုများလွန်းသော်လည်း သိက္ခာနှင့်ထိန်းသိမ်းရမည်ကိုလည်း မသိကြ။ သိက္ခာမဲ့ပေစွ။
ကိုယ်ရသလို အခြားသူများလည်းရပါစေ၊ လုပ်ကြပါစေဆိုသော¬¬ မုဒိတာတရားပွားများနိုင်မှုမရှိကြ။ ပါးစပ်ကတော့ အလွန်ချိုသာသည်။ အကြောင်းမသိသောနားထောင်သူများက သူတို့ကို အလွန်အားကျ အတုယူ ချင်လာလောက်အောင်၊ အခွင့်အရေးတွေဆုံးရှုံးနေပါလားလို့ သနားလာအောင်ကို ပြောဆိုတတ်ကြသည်။ ဒါမှလည်း လူအများက သူတို့ကို လူတော်များလို့ထင်လိမ့်မယ်၊ အခွင့်အရေးအသစ် တွေလည်း ရလိမ့်မယ်ဟု ယူဆထားပုံရသည်။
အခွင့်အရေးသမားများသည် ကိုယ့်အဆင့်နဲ့ ကိုယ့်တာဝန်ရှိတာကို တိုးတက်အောင်လုပ်မည်ဟု စိတ်ကူး မရှိ။ အသေးအဖွဲကအစ လိုက်လုပ်ပြီး အလုပ်များကြောင်း၊ လုပ်တတ်ကြောင်း ဂုဏ်ယူဝံ့ကြွားလေ့ရှိသည်။ သူ့တာဝန်၊ ကိုယ့်တာဝန် ခွဲခြားနာမလည်းပဲ အခွင့်အရေးကိုသာ ပို၍ပို၍လိုချင်ကြသည်။ အံ့သြဖွယ်ကောင်းပေစွ။
ထို့အပြင် ထိုသူများသည် သူများတစ်ခုခုချို့ယွင်းပါက ထောက်ပြပြီး အသံအကျယ်ကြီးနှင့်ပြောလေ့ ရှိသော်လည်း သူတို့ တစ်ခုတစ်စုံတရာချို့ယွင်းပါက အသံမထွက်ကြတော့ချေ။ ကိုယ့်လိပ်ပြာကိုယ်မလုံသဖြင့် ကိုယ့်အမှားကိုပင် သူများဖက်လှည့်လက်ညှိုးထိုးပြီး ကာကွယ်လေ့ရှိကြသည်။ သူများကြောင့်သာ ချို့ယွင်းမှုဖြစ်ရတာ ကိုယ့်ကြောင့်ဆိုရင် ဒီလိုဘယ်ဖြစ်လိမ့်မလဲဟု ယူဆထားကြပုံရသည်။ ရှက်စရာကောင်းပေစွ။
ကိုယ့်အရည်အချင်းကိုအားကိုးပြီး တိုးတက်မှုရှိအောင်လုပ်ဆောင်ပြခြင်း၊ အခြားသူများအပေါ် စာနာစိတ်ထားခြင်း၊ ကူညီဖေးမခြင်း၊ လူသားအချင်းချင်း တတ်နိုင်သလောက် စောင့်ရှောက်ကာကွယ်မှုပေးခြင်း၊ အများနှင့်ပူးပေါင်းဆောင်ရွက်ခြင်းများဖြင့် လူချစ်လူခင်ပေါများလာအောင်မလုပ်ဘဲ၊ သူများကို တက်ကျော်နင်း ၍သာ အပေါ်သို့တက်ချင်စိတ်ရှိကြသည်။
မြန်မာစကားပုံရှိပါသည် “ဟောင်လွန်းသောခွေး လူမလေး” ။ ရှေးလူကြီးများထားခဲ့သောစကားပုံ များမှာ အလွန်မှန်ပါသည်။ ထိုသူများ၏စကားများသည် စကားလုံးသာပြောင်းသွားသော်လည်း အဓိပ္ပါယ်မှာ သိသာစွာ မပြောင်းလှသဖြင့် အပြောခံရသူများက အထူးတလည်ခံစားမှုမဖြစ်ကြတော့ပါ။ အခွင့်အရေးသမားများပြောသမျှ လိုက်နားထောင်ပြီး စိတ်မောနေရမယ့်အစား ကိုယ့်လုပ်ငန်းကိုကိုယ်လုပ်ပြီး စိတ်ဖြေကြရပါမည်။
တစ်ချို့ အခွင့်အရေးသမားများသည် လက်ရှိ မိမိလုပ်နေသောအလုပ်ကို အထင်သေးပြီး အခွင့်အရေး အမျိုးမျိုးကိုသာ ပို၍အလိုရှိနေတတ်သည်။ အမှန်က မိမိအလုပ်ကိုသာတန်ဖိုးထားပြီး ပိုမိုကျွမ်းကျင်အောင် ကြိုးစား ဆောင်ရွက်ကာ အခွင့်အရေးကိုမျှော်ကိုးသင့်သည်ဟု ဆိုချင်ပါသည်။
ဥပမာတစ်ခုပြောပါမည်။ သိပံ္ပပညာရှင်တစ်ဦးသည် ဈေးထဲတွင်ကန်စွန်းရွက်လာရောင်းပါက သိပ္ပံပညာအကြောင်းမပြောဘဲ ကန်စွန်းရွက်ကိုသာအမြတ်များများရအောင် ဘယ်လိုလုပ်၊ ဘယ်လိုရောင်းမလဲ ဆိုတာသာ စဉ်စားရန်ဖြစ်ပါသည်။ သိပ္ပံပညာနှင့်လုပ်စားလိုပါက သိပံ္ပပညာနှင့်ဆိုင်သော ဓါတ်ခွဲခန်းများသို့ သွားရောက်အလုပ်လျှောက်ကြပြီး ထိုက်တန်သောအခွင့်အရေးကိုရရှိအောင်ဆောင်ရွက်ခြင်းသာ သဘာဝကျ ပါသည်။
အချုပ်ဆိုရသော် လူ့ဘောင်၊ လူ့အဖွဲ့အစည်း တိုးတက်ကြီးပွားချမ်းသာစေလိုပါက ဖော်ပြပါ အခွင့်အရေး သမားသက်သက်များ မရှိသင့်ပါ။ ၎င်းတို့သည် နတ်အိုးကွဲများဖြစ်ကြသဖြင့် ချော့မော့စည်းရုံးရန်လည်း ခက်ခဲမည် ဖြစ်ပါသည်။ အခွင့်အရေးသမားများသာရှိနေပါက လုပ်သလောက်မဖြစ်၊ သွားသလောက်ခရီးမတွင် ဖြစ်ကြရ ပါမည်။ လူအများကောင်းကျိုးအတွက် အနှီလူနည်းစုမရှိမှသာ လုပ်သလောက်ဖြစ်၊ သွားသလောက် ရောက်ကြ မည်ဟု ထင်မြင်မိပါကြောင်းနှင့် ယနေ့ မြန်မာ့နိုင်ငံရေးတွင် ပါတီစုံစနစ်ဖြစ်ရာ ပါတီပေါင်းစုံတို့သည် မိမိတို့၏ နိုင်ငံရေးယုံကြည်ချက်ထက် ကိုယ်ရေးကိုယ်တာတစ်ခုတည်းအကျိုးအတွက် အခွင့်အရေးဘယ်လိုရမလဲဆိုပြီး ၀င်ရောက်လာသော အခွင့်အရေးသမားများလည်းရှိမည်ဖြစ်ရာ ပါတီခေါင်းဆောင်များအနေဖြင့် ကြီးစွာသောသတိ ဖြင့် စိစစ်လက်ခံကြရန် အထူးလိုအပ်သည်ဟု ယူဆပါကြောင်း တင်ပြလိုက်ရပါသည်။
MLN
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။