/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, July 4, 2012

.

အနှောင်အတည်းနှင့် လွတ်လပ်မှု

လွတ်လပ်မှုတန်ဖိုးကို မလွတ် လပ်သည့်အခါမှ ကောင်းစွာ သိ ပေသည်။ အရှင်းဆုံး ဥပမာပေးရ လျှင် ပြင်ပလောက၏လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်သော အခြေ အနေနှင့် ချုပ်ချယ်ကန့်သတ်မှုများ ရှိသော ထောင်တွင်းအခြေအနေ တို့မှာ သိသာထင်ရှားသော ဥပမာ များဖြစ်ပါသည်။ လူတစ်ဦး၏ အခွင့်အရေးများ လုံးဝနီးပါး ဆုံးရှုံးနေသော အကျဉ်းထောင်၏ အနေအထားကိုမဆိုနှင့် လက်နက်ကိုင် အဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်သည့်၊ အစိုးရရုံးများ၊ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်သည့်သူများလည်း ထိုဌာနဆိုင်ရာများ၏ စည်းကမ်းများကြောင့် မိမိတို့၏ သဘောဆန္ဒအတိုင်း လုပ်ပိုင်ခွင့်မရှိပေ။ တစ်စုံတစ်ရာ လွတ်လပ်ခွင့်မရှိ ဟုလည်း ဆိုချင်ဆိုနိုင်ပါသည်။ လူတစ်ဦး၏ ရပိုင်ခွင့်များကို ချုပ်ချယ်ကန့်သတ်သောဥပဒေများ မဖြစ်သင့်ပေ။

အကျဉ်းထောင်သည် လွတ် လပ်မှုကို တားဆီးပိတ်ပင်သော အဆိုးရွားဆုံးနေရာဖြစ်ပါသည်။ စားသောက်အိပ်စက်ခြင်းကို ကန့်သတ်ထားခြင်း၊ သွားလာလှုပ်ရှားမှု မှန် သမျှကို ပိတ်ပင်ထားခြင်း၊ အဆိုး ရွားဆုံးနေရာမှာ တိုက်ခန်းများ ဖြစ်သည်။ ခြောက်ပေသို့မဟုတ် ရှစ် ပေသာရှိသော အခန်းထဲတွင်သာ နေရပြီး လူတစ်ယောက်၏ လွတ် လပ်မှုအားလုံးကို ပိတ်ပင်ခြင်းခံရပါသည်။ ထောင်တွင်းရှိတိုက်ခန်းများမှာ လူအများထားသော အဆောင် များမှနေ၍ ထောင်မှစည်းကမ်းချိုး ဖောက်သူများအား ပြစ် ဒဏ်ဖြင့် ပို့လိုက်သော နေရာဖြစ်သည်။ တစ်ယောက်လျှင်တစ်ခန်းထားသည့် တိုက်ခန်းများဖြစ်လေသည်။ သို့သော် စည်းကမ်းချိုးဖောက်သူများ၊ ခိုက်ရန်ဖြစ်သူ များ၊ ထောင်မှ ထွက်ပြေးရန် ကြိုးစားသူများ၊ ထောင်အမှု ထမ်းများကို ပြန်လည်တိုက်ခိုက်သူ များအား ထားရှိသောနေရာဖြစ် သော်လည်းနောင်အခါတွင် နိုင်ငံရေး သမားများကိုသာ ထားရှိသော နေရာဖြစ်လာပါသည်။ ပုံမှန်အား ဖြင့် တိုက်ခန်းများမှာ ၈ ပေ၊ ၁ဝ ပေခန့်သာ အများဆုံးကျယ်၏။ အထဲ၌ အပေါ့အလေးသွားရန် အင်တုံတစ်လုံးထားပေးသည်။ ထိုအင်တုံကို ထောင်အခေါ် ဂန်ဖလားဟု ခေါ်ပါသည်။ မနက်၊ ညနေထမင်းစားချိန်တွင် အခန်းရှေ့မှနေ ထမင်းကျွေးသည်။ ဒန်နှင့်လုပ်ထား သော ဟင်းပန်းကန်တစ်လုံးနှင့် ထမင်းပန်းကန်ပြားတစ်ချပ် ပေးထား သည်။ ပလတ်စတစ်ဇွန်းကို အသုံး ပြုခွင့်ရှိပြီး သံဇွန်းကို သုံးခွင့်မပြုပေ။ မနက်ပိုင်းတွင် ရေချိုးခန်းသို့ အမှု ထမ်းကခေါ်သွားသည့်အခါ ရေချိုးရ ၏။ ထိုအချိန်မှလွဲ၍ ထိုတိုက်ခန်း ထဲမှာပင်ထောင်ကကျွေးသည့်ထမင်း၊ ဟင်းကလွဲ၍ ဘာမှ မစားရ၊ ဘယ် မှမသွားရဘဲ လွတ်လပ်ခွင့်အားလုံး ကို ပိတ်ပင်ခြင်း ခံရပါသည်။

ကျွန်တော်အသက် အစိတ် ကျော် လူငယ်ဘဝက ထောင်တွင်း ရှိ အဆိုးဆုံးတိုက်ခန်းတွင် စုစုပေါင်း သုံးနှစ်ခန့်နေရလေသည်။ ထိုအဆိုး ရွားဆုံးသော နေရာမှာ အမှောင် တိုက်ဖြစ်သည်။ အမှောင်တိုက်ဆို သည်မှာ အထက်က တင်ပြခဲ့သော တိုက်ခန်းထက် ဆိုးပါသည်။ တိုက် ခန်းကတံခါးကြီးမှနေ၍ ရှေ့မျက်နှာ စာအုတ်နံရံကို မြင်ရသည်။ အပေါ် ကြည့်လျှင် ကောင်းကင်ကြီးကို မြင် ရသေးသည်။ လေဝင်လေထွက် ကောင်း၏။ ပျံသွားသော ငှက်များ၊ ရှေ့မှဖြတ်သွားသော အမှုထမ်းများ ကို မြင်ရသည်။ သို့သော် အမှောင်တိုက်ကား ထိုသို့မဟုတ်ပေ။ ရှေ့တွင် သစ်သားတံခါးကြီးဖြင့် အလုံပိတ်ထားပြီး သစ်သားတံခါးကြီး အတွင်း လေးပေခန့်အကွာတွင် သော့ခတ် ထားသော သံတံခါးကြီး ရှိသည်။ သစ်သားတံခါးကြီးမှာ အဆက်များကို စေ့နေအောင် ဖွဲ့ထားသဖြင့် အပြင်မှအလင်းရောင်တန်းကိုပင် မမြင်ရပေ။ တိုက်ခန်းထဲမှ သံ တံခါးကိုကျော်၍ ရှေ့ကြည့် လျှင် သစ်သားတံခါးကိုသာ မြင်ရ ၏။ အခန်းထဲ ထွန်းထားသော ၆ဝ အားမီးလုံးသည် ၁၂ ပေအကွာ မျက်နှာကြက်မှ တွဲလောင်းကျနေ သည်။ နောက်ဘက်၌ အလျား ၂ ပေ၊ အနံ ၁ ပေရှိသော သံတိုင် စိုက်ထားသော လေဝင်ပေါက်လေး တစ်ခုကသာ အပြင်ကလေနှင့် အလင်းရောင်ရရှိစေပါသည်။ ထို အမှောင်တိုက်ကိုနေ့ရောညပါ တံခါး နှစ်ချပ်စလုံး ပိတ်ထား၏။ စဝင်ခါစကဆိုလျှင် တစ်ပတ်၊ နှစ်ပတ်အထိ ရေထွက်ချိုးခွင့်မရှိပေ။ အကျဉ်းသားများအတွက် ထပ်မံအကျဉ်းကျစေ သောနေရာဖြစ်သည်။

ကျွန်တော်သည် ထိုအမှောင် တိုက်ထဲ သုံးလရောက်လိုက်၊ ခြောက်လရောက်လိုက်၊ တစ်နှစ် ရောက်လိုက်နှင့် ထောင်သက်တမ်း တစ်လျှောက် သုံးနှစ်ခန့်ထိုထဲ ရောက်နေ ခဲ့ရသည်။ သို့သော် ကျွန်တော်စိတ်မဖောက်ပြန်သွားဘဲ ထိုအမှောင်တိုက်ထဲမှာ ကိုယ့်စိတ်ကို ဘယ်လိုလွတ်အောင်လုပ်မလဲဟု အလေးအနက်စဉ်းစားဆုံးဖြတ်ခဲ့သည်။ အစပိုင်းက ကျွန်တော့်စိတ်ထဲက ယောင်ကတမ်းဖြစ်လာသည်။နံနက် ပိုင်း ထမင်းလာပို့ချိန်နှင့် ညနေပိုင်း ထမင်းလာပို့ချိန်သာ ရှေ့မှ သစ်သား တံခါးကြီးဖွင့်သဖြင့် အလင်းရောင် ဝင်လာပါသည်။ သို့သော် ပြင်ပလေ နှင့် အလင်းရောင်ကို တစ်ခဏသာ ရရှိလိုက်၏။ ထမင်းလာပို့သူက ထမင်းဟင်းထည့်ပေးပြီး သစ်သား တံခါးကို ဝုန်းခနဲ ပြန်ပိတ်လိုက်ကာ အပြင်မှ သော့ခတ်လိုက်သည်။ ဆေးလိပ်လည်းမသောက်ရ၊ သီချင်း ဆိုလိုက်လျှင် သို့မဟုတ် စကား ပြောလိုက်လျှင် အသံမှာအပြင်ဘက် မထွက်ဘဲ တိုက်ခန်းထဲမှာ သာ လုံးနေ၏။ ဘေးအခန်းကို အော်ခေါ် ဖို့လည်းအလုံပိတ်ထားသဖြင့် ခေါ်၍ မရပေ။ မိမိအသံက အပြင်မထွက်သလို တစ်ဖက်ကအသံကို လည်း မကြားရပေ။ တစ်ရက်လည်းမဟုတ် နှစ်ရက် သုံးရက်လည်း မဟုတ်၊ တစ်ပတ်လည်း မဟုတ်၊ နှစ်ပတ် သုံးပတ် လည်းမဟုတ်၊ တစ်လ၊ နှစ်လလည်း မဟုတ်ပေ။ သုံးလ လောက်မှ အမှောင်တိုက်မှ ထွက်ရ သည်။ တချို့ခြောက်လ ကြာ သည်။ တချို့ တစ်နှစ်ကြာ၏။ ကျွန်တော်သည် ခြောက်လ၊ တစ်နှစ်ထဲတွင် ပါဝင်ခဲ့သူဖြစ်ပါသည်။ စိတ်ကယောင်ချောက်ချားဖြစ်သူ၊ သို့မဟုတ် စိတ်ဖောက်ပြန်သွားသူများကို အမြန်ဆုံးထုတ်၍ ဆေးရုံပို့ကြသည်။ ထိုအကျဉ်းဆုံးကာလမှ လွတ်မြောက်ဖို့မှာ ထို စိတ်ဖောက်ပြန်ဖို့ လမ်းသာရှိသလို ဖြစ်နေသည်။ ကျွန်တော်က ထိုလမ်းကိုမရွေးပါ။ ကျွန်တော်က မာန်ကိုတင်းလိုက်၏။ အစပိုင်းက သီချင်းများ ဆိုပါသည်။ နောက်ရသော သီချင်းများ ကုန်သွားသည်။ တစ်ဖက်ခန်းနှင့် ဆက်သွယ်ကြည့်ပါသည်။ အုတ်နံရံကို လက်ဖြင့်ခေါက်ပြီး အဆက်အသွယ် လုပ်သည်။ A ဆိုလျှင် တစ်ချက်၊ Bဆို လျှင် နှစ်ချက်၊ C ဆိုလျှင် သုံး ချက်ဖြင့် အဆက်အသွယ်ပြု၏။ ထိုနည်းမှာလည်း တစ်ဖက်က နားလည်လက်ခံနိုင်စွမ်းရှိမှ အောင်မြင်သည်။ နားမလည်လျှင် မအောင်မြင်နိုင်ပေ။ တစ်ဖက်နှင့် နားလည်မှုရှိလျှင် အချိန်သည်ကုန်မှန်းမသိ ကုန်သွားခဲ့၏။ သူ့နာမည်ကို မေး၊ သူ့အမှုကိုမေး၊ ကိုယ့်အကြောင်း ပြောနှင့် အချိန် ကိုကျော်ဖြတ်သွား နိုင်ပါသည်။

ထိုနည်းထက် ကောင်းသော နောက်နည်းကို ကျွန်တော်ထပ် စဉ်းစားမိသည်။ ထိုနည်းလမ်းမှာ အချိန် ဇယားဆွဲပြီး အချိန်ကို ကုန်လွန်စေ အောင်လုပ်သောနည်းဖြစ်၏။ ကျွန်တော်၏နည်းမှာ မနက်ပိုင်းတန်းစီ လူစစ်ချိန်ပြီးသည်နှင့် တစ်နာရီ လမ်းလျှောက်သည်။ အခန်း၏ အလျားအတိုင်းခေါက်တုံ့ခေါက်ပြန် နာရီသံ ချောင်းခေါက်သံ နားထောင်ပြီး လမ်း လျှောက်သည်။ နောက်ခေတ္တနားရင်း ခဏမှေးသည်။ နာရီဝက်ခန့် မှေးပြီးသည်နှင့် နောက်ထပ်တစ်နာရီ ကြာအောင် သီချင်းဆိုချင်ဆို၊ မဆိုချင် ကဗျာစပ်၏။ နောက်စိတ်ကူးထဲ ဝတ္ထုရေး၏။ ကိရိယာလွတ် လေ့ကျင့်ခန်းလုပ်သည်။ နောက် ရေချိုးခွင့်ရလျှင် ရေထွက်ချိုးသည်။ နောက်အခန်းထဲ နာရီဝက်ခန့် နား သည်။ ထမင်းလာပို့သောအခါ မနက်စာစားသည်။ စားပြီးသောအခါ နာရီဝက်ခန့် အိပ်စက်သည်။ နောက် နှစ်နာရီခန့် လမ်းလျှောက်သည်။ လမ်းလျှောက်ပြီးချိန်၊ နားချိန်နှင့် ဆိုလျှင် ညနေစာကျွေးချိန် ရောက်လာသည်။ ညနေစာကို ယူ ထားပြီး သက်သောင့်သက်သာ လမ်းလျှောက်၍ လေးနာရီခွဲ၊ ငါး နာရီခွဲလောက်ရောက်သောအခါ ညနေစာ စားပါသည်။ ညနေစာ စားပြီးသည်နှင့် ခေတ္တနားကာ သီချင်းဆိုသည်။ ပြင်ပမှ မိမိသံယောဇဉ်ရှိသူများအကြောင်း တွေးသည်။ ခုနစ်နာရီလောက်တွင် လမ်းထလျှောက် ပါသည်။ ညကိုးနာရီ လောက်တွင်အိပ်ပါသည်။ မနက်ငါး နာရီ လူစစ်ချိန်ထရပြီး တစ်နေ့တာ ထိုသို့လည်ပတ်သွားသောအခါ ငြီး ငွေ့စရာ၊စိတ်ဆင်းရဲစရာမရှိတော့ပေ။

ကျွန်တော့်နည်းလမ်းမှာ လွတ်လပ်မှုကို စိတ်ဓာတ်ဖြင့်ရယူသော နည်းလမ်းဖြစ်ပါသည်။ ထိုကဲ့သို့ စိတ်၏ လွတ်လပ်မှုကို ရှာတွေ့သွား သည့်နောက် လှုပ်ရှားရသည်မှာ ပေါ့ ပါးသွားပါတော့သည်။ ထို့ကြောင့် လွတ်လပ်မှု၏ တန်ဖိုးကို လွတ်လပ် မှု မရှိသည့်အခါမှသာ ကောင်းစွာ သဘောပေါက်နားလည်နိုင်ပါသည်။ ကျွန်တော်တို့သည် အပြင်လောက မှ ထောင်ထဲရောက်သောအခါတွင် လည်း ထို့ထက်ဆိုးသော ပိတ်ပင်မှု များကို ကြုံခဲ့ရသည်။ ထိုပိတ်ပင်မှု များမှလွတ်မြောက်ရန်ထောင်ထဲတွင် လည်း တိုက်ပွဲဝင်ခဲ့သည်။ ထောင် မှ လွတ်၍ ပြင်ပကမ္ဘာတွင်လည်း ဆက်၍ တိုက်ပွဲဝင်ခဲ့ပါသည်။ လွတ် လပ်မှုတောင်းဆိုရေးကို ဒီမိုကရေစီ ရေးတောင်းဆိုမှုဟု နားလည်ကြ ပါသည်။ လွတ်လပ်စွာပြောဆို၊ ရေး သား၊ နေထိုင်ရေးများအတွက် ဒီမို ကရေစီပေးပါဟုတောင်းဆိုကြသည်။ လူငယ်အများအပြားမှာ ထိုသို့တိုက် ပွဲဝင်ရင်း တချို့ သေဆုံးသွားသည်။ တချို့ အဖမ်းခံရသည်။ တချို့ လက် မှိုင်ချသွားကြသည်။ လွတ်လပ်မှု တောင်းဆိုသူအများအပြားမှာ လူ ငယ်များဖြစ်ပါသည်။ ကျွန်တော်တို့ လူငယ်ဘဝက လွတ်လပ်မှုတောင်းဆိုရင်း ထောင်ထဲနေခဲ့ရသလို ယခု မျိုးဆက်သစ်လူငယ်များကလည်း တောင်းဆိုခဲ့ကြ၏။ လွတ်လပ်မှုကို ရနိုင်သောနည်းလမ်းမှာ မိမိ၏စိတ်ကို လွတ်လပ်အောင်ထားခြင်းသာ ဖြစ်ပေသည်။ မိမိ၏လွတ်လပ်မှုကိုရော၊ မိမိပတ်ဝန်းကျင်နှင့် မိမိတိုင်းပြည်၏ လွတ်လပ်မှုကို ဦးစီးဦးဆောင် လက်တွေ့ လုပ်နိုင်သူမှာ လူငယ်များသာဖြစ်ပါသည်။ ဒီမိုကရေစီတိုက်ပွဲ ဆိုသည်မှာလည်း လွတ်လပ်မှု တိုက်ပွဲသာဖြစ်၍ ဒီမိုကရေစီ တောင်းဆိုသည်မှာလည်း လွတ်လပ်မှု တောင်း ဆိုခြင်းသာ ဖြစ်ပါသည်။ ”လွတ်လပ်ခြင်းဆိုတဲ့ စကား လုံးနှင့် ဒီမိုကရေစီဆိုတဲ့ စကားလုံး ကိုများသောအားဖြင့် ယှဉ်တွဲသုံးကြ တာ များပါတယ်။ လွတ်လပ်လို့သာ ဒီမိုကရေစီလို့ခေါ်နိုင်တာ ဖြစ်ပါ တယ်။ မလွတ်လပ်တဲ့ ဒီမိုကရေစီ မရှိပါဘူး။ လူတွေဟာတစ်ပါးသူက လာပြီး နဖားကြိုးထိုးတာ၊ ထမ်းပိုး တပ်တာတွေ၊ အဓမ္မစေခိုင်းတာ တွေကို မလိုလား၊ မနှစ်သက်ကြ ပါဘူး။ ဒီမိုကရေစီ စနစ်ကျင့်သုံးတဲ့ နိုင်ငံတွေမှာ ပြည်သူတွေဟာ မိမိတို့ ဘာသာအချင်းချင်းတိုင်ပင်ပြီး ဥပဒေတွေကို ရေးဆွဲထုတ်ပြန်ကြ ပါတယ်။ ဒါကြောင့်လည်း ဒီမို ကရေစီနိုင်ငံတွေမှာ ပြည်သူတွေ ဟာ ဥပဒေတွေကို လိုလိုချင်ချင်နဲ့ လိုက်နာကျင့်သုံးကြပါတယ်။ ဒီမိုက ရေစီကျင့်သုံးတဲ့ နိုင်ငံတွေမှာ မကောင်းတဲ့၊ မတရားတဲ့ ဥပဒေဆို တာ မရှိပါဘူး။ ဥပဒေပြဋ္ဌာန်းတဲ့အခါ မှာ လူတိုင်းလွတ်လပ်စွာငြင်းခုန်ခွင့် ဟာဒီမိုကရေစီရဲ့အသက်သွေးကြော လို့တောင် ဆိုနိုင်ပါတယ်။ လူတွေမှာ လွတ်လပ်တဲ့အတွေး အခေါ်၊ အပြောအဆို၊ အပြုအမူရှိဖို့ဟာ အလွန်လိုအပ်ပါတယ်။ လွတ်လပ်စွာနေချင်တဲ့လူတိုင်းဟာ ပေါ့ပေါ့ဆဆ မနေသင့်ပါဘူး။ မိမိကိုယ်တိုင် အစွမ်းရှိသလောက် စဉ်းစားဆင်ခြင်နိုင်ပါတယ်။ အဲ့ဒီလို စဉ်းစားဆင်ခြင်နိုင်အောင်လည်း မှန်ကန်တဲ့ သတင်းတွေ၊ အကြောင်းအချက်တွေကို ရှာဖွေရပါ မယ်။ စဉ်းစားသုံးသပ်တတ်ဖို့လည်းလိုပါတယ်။ ပြည်သူပြည်သားများအနေနဲ့ အချောင်သမားတွေရဲ့ သဘော၊ သဘာဝတွေကိုအချင်းချင်း အမြဲ မပြတ် သတိပေး နှိုးဆော်နေဖို့လဲ လိုအပ်ပါတယ်”ဟု ဆရာကြီး သခင်ဘသောင်းက သတိပေး ရေးသားခဲ့သည်ကိုဆင်ခြင်ဖို့ လိုအပ်ပါတော့သည်။

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။