/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, May 29, 2012

.

၂ဝဝ၁ခုနှစ်မှ ၂ဝ၁၂ခုနှစ်အတွင်း ဆင်ဆာအဖွဲ့ ခွင့်မပြုခဲ့တဲ့ ကျန်ဇာတ်ကား ၄ဝ စာရင်းထွက်ရှိ


ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရပြန်ကြားရေး ဝန်ကြီးဌာန မြန်မာ့ ရုပ်ရှင်လုပ်ငန်း ဗီဒီယိုဆင်ဆာအဖွဲ့မှ ၂ဝဝ၁ ခုနှစ်မှ ၂ဝ၁၂ ခုနှစ်အထိ ဆင်ဆာ ခွင့်မပြုခဲ့ တဲ့ ဇာတ်ကား များကို ပြန်လည် စိစစ်ရန် အတွက် ဇာတ်လမ်း အကျဉ်းများနဲ့ ဒီဗီဒီချပ် ၁၇ချပ်ကို ဗီဒီယိုဆင်ဆာ အဖွဲ့ဆီကို ပြန်လည် တင်ပြနိုင် ပြီးဖြစ်ကြောင်း မေလ ၁၇ ရက်နေ့က မြန်မာ့ ရုပ်ရှင်လုပ်ငန်း ဗီဒီယိုဆင်ဆာ အဖွဲ့မှ ထုတ်ပြန် ခဲ့ပါတယ်။

ဗီဒီယိုဆင်ဆာ အဖွဲ့မှ အများပြည်သူများကို ပြသရန် ခွင့်မပြုခဲ့တဲ့ ဇာတ်ကားများကို ပြန်လည် စိစစ်ပေးရန် အတွက် ထုတ်လုပ်ရေးများမှ ပြန်လည် တင်ပြလိုပါက ၂ဝဝ၁ ခုနှစ်မှ ၂ဝ၁၂ ခုနှစ်အထိ ဗီဒီယိုဆင်ဆာ အဖွဲ့မှ ဆင်ဆာခွင့်မပြုခဲ့တဲ့ ဇာတ်ကားများကို ပြန်လည် တင်ပြနိုင်ကြောင်း သိရှိရပါတယ်။ ”ဝမ်းသာစရာ ကောင်းတဲ့ ကိစ္စပါ။ရင်းထားခဲ့ရတဲ့ ငွေကြေး အင်အားတွေ မနည်းပါဘူး။ ဒါတွေနဲ့ ငွေပြန်ပေါ်လာရင် ဇာတ်ကားတွေ ဆက်ရိုက် လို့ရတာပေါ့။

ဒါပေမဲ့ တချို့ ဇာတ်ကားတွေက ရှိချင် မှရှိတော့ မယ်ထင်တယ်။ နှစ်တွေကကြာ နေပြီလေ” လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ပြန်ကြားရေးမှူး ဦးအေးကြူလေးက ပြောပြ ပါတယ်။ ၂ဝဝ၁ခုနှစ်မှ ၂ဝ၁၂ခုနှစ် အတွင်း ဗီဒီယို အဖွဲ့က ဆင်ဆာခွင့်ပြုမပေးခဲ့တဲ့ ကျန်ဇာတ်ကား ၄ဝအထဲမှာ ၂ဝဝ၄ ခုနှစ်က ဆင်ဆာထိခဲ့တဲ့ ‘မြန်မာ့ရုပ်ရှင် ပဒေသာကပွဲ သဘင်’ ဆိုတဲ့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး မှ ထုတ်လုပ်ခဲ့တဲ့ ဇာတ်ကားလည်း ပါဝင်နေကြောင်း သိရပါ တယ်။

”အဲဒီ ဇာတ်ကားကိုတောင် ကျွန်တော်တို့ ဘယ်မှာရှာရမှန်း မသိဘူး။ ကျန်တဲ့လူတွေ လည်း အဲဒီလိုပဲ နေမှာပါ။ တချို့သေချာသိမ်းထားတဲ့ လူတွေဆိုရင်တော့ ရှိဦးမှာပါ။ ရှိတဲ့လူတွေ ကတော့ ပြန်တင်ကြမှာပါ။

လွတ်သွားရင်တော့ သူတို့တွေ အတွက် ကောင်းတာပေါ့။ အစည်း အရုံးက ဇာတ်ကားကို ပြန်တင်ဖို့က အမှုဆောင်တွေကလည်း ပြောင်းသွားတော့ ပြန်ရှာရတော့ မှာပါ။ ပြန်တင်ဖို့ ကတော့ ဝေးနေတယ်။ တစ်ယောက်ယောက် လက်ထဲမှာ ရှိနေရင်တော့ ပြန်တင်ဖြစ်မှာပါ”လို့ ထပ်လောင်း ပြောပြပါတယ်။

အဆိုပါ ဆင်ဆာပြန်လည် စိစစ်ခွင့် ပြုပေးမယ့် ကြေညာ ထုတ်ပြန်ချက် ကို ပြန်ကြားရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်း နဲ့ အသစ်ပြန်လည် ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံး အမှုဆောင် အဖွဲ့ဝင်များ မေ ၁၄ ရက်နေ့က ပထမဆုံး အကြိမ် တွေ့ဆုံအပြီး နောက်ပိုင်းမှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ထက်လူလူ

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။