/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, May 15, 2012

.

ကားသစ် သွင်းတော့မည် ဆိုလျှင်

ကျွန်တော်က ကားဟောင်း အပ်ပြီး ကားသစ် ပြန်သွင်းခဲ့သူ တစ်ယောက်ပါ။ “ဇ” အက္ခရာ ကားဖြစ်လို့ ပထမဆုံး အပ်နှံရတဲ့ အုပ်စုမှာ ပါပါတယ်။ ကားသစ် သွင်းရာမှာ ဈေးနှုန်းကို ကိုယ်တိုင်လိုက် တိုးပေးရင်း လေလံ အောင်ခဲ့ပါတယ်။

ယခုတော့ “၉ဂ” အက္ခရာဖြင့် ကားသစ်စီးနေပါပြီ။ ၈-၄-၂၀၁၂ ရက်နေ့က Eleven Media Group ရဲ့ အင်တာနက် စာမျက်နှာမှာ ကားသစ်ပြန်သွင်းသူများ၊ ကိုယ်တိုင် လေလံဆွဲ ပါလျက် လွဲမှားသည့်လုပ်ထုံးလုပ်နည်း၊ မမျှတသည့်စည်းမျဉ်းအချို့ကြောင့် ပြည်ပမှကားတင်သွင်းသူကားပိုင်ရှင်များ ထိခိုက်နစ်နာရသည်ဆိုသည့် သတင်း ဖတ်ရပါတယ်။

ဒါကြောင့် ကိုယ်တိုင် ကြုံတွေ့ ခဲ့ရတာ တွေကို မျှဝေခြင်း အားဖြင့် နောင်ကားသစ် သွင်းလိုသူများ အတွက် အသုံးဝင်နိုင်စေရန် တင်ပြလိုက်ပါတယ်။ ကားသစ် သွင်းလို သူတွေ ကိုယ်တိုင် လေလံဆွဲတယ်ဆိုပေမယ့် ဂျပန်က Auction House တစ်ခုခုနဲ့ တိုက်ရိုက် ချိတ်ဆက်ပြီး လေလံဝင်ဆွဲလို့မရပါဘူး။ ကားဟောင်း အပ်ပြီးသည့် နောက် ဘဏ်မှာ မိမိနာမည်နဲ့ L.C ဖွင့်ပြီးသည့်တိုင်အောင် ဆက်လက်လုပ်ဆောင် ရမည့်အဆင့်တွေ က များပါတယ်။

ဒါကြောင့်အကျိုးဆောင် ကို အပ်နှံပြီး ကြားခံလူကတစ်ဆင့် လေလံဆွဲတာမျိုးပဲ လုပ်လို့ရပါတယ်။ အကျိုးဆောင်တွေမှာက စင်ကာပူနှင့် ဂျပန်မှာ လူခံတွေ၊ အထိုင်ကိုယ်စားလှယ် တွေရှိနေကြပါတယ်။

ဘာပဲဖြစ်ဖြစ် ကိုယ်က လေလံပစ်တဲ့အချိန်မှာ ဖုန်း အဆက်အသွယ်နဲ့ ကြားခံအထိုင် ကိုယ် စားလှယ်ကို ဈေးလိုက်တိုးပေးခိုင်းပြီး ရအောင်ဆွဲနိုင်တာကိုပဲ ကိုယ်တိုင်လေလံ ဆွဲတယ်လို့ပြောမယ်ဆိုလည်း ပြောနိုင် ပါတယ်။ (ဒီကတိုက်ရိုက် လေလံဆွဲလို့ ရတဲ့ အကျိုးဆောင်ကုမ္ပဏီကြီးတချို့ လည်း ရှိကောင်းရှိနိုင်ပါတယ်။) ကားတစ်စီးလေလံပစ်တာ နှစ်မိနစ် လောက်ပဲကြာတာပါ။ ဂျပန်မှာ ကား လေလံပွဲက တနင်္ဂနွေနေ့မှအပ နေ့စဉ်ရှိ ပါတယ်။ ကားစီးရေ သောင်းနဲ့ချီပြီး နေ့စဉ်လေလံပစ်နေတာပါ။

လေလံပစ်မယ့် ကားတွေကို တစ်ကမ္ဘာလုံးက သိအောင် အင်တာနက်မှာတင် ထားပါတယ်။ လိပ်စာက http://jpcenter.ru/ ဖြစ်ပါ တယ်။ ကားတစ်စီးချင်းစီရဲ့ Lot နံပါတ်၊ Auction House အမည်၊ လေလံပစ်မယ့် နေ့၊ အချိန် (နာရီ၊ မိနစ်) ကားနဲ့ပတ် သက်တဲ့ အသေးစိတ်အချက်အလက်တွေ ကို ပြည့်ပြည့်စုံစုံ တင်ပြပေးထား ပါတယ်။

မိမိလေလံအောင်တဲ့ကား ဒီကိုရောက်ရှိ လာပြီဆိုရင် ကားမှာတပ်ဆင်ထားတဲ့ ပစ္စည်းတွေကလည်း အတိအကျ၊ အပို ပစ္စည်းတွေကလည်း အတိအကျ၊ ဒဏ်ရာ ဒဏ်ချက်တွေရဲ့ တည်နေရာနဲ့ အရွယ် အစားကလည်းအတိအကျ အင်တာနက် မှာ တင်ပြထားတဲ့အတိုင်း ဘာတစ်ခုမှ မလွဲဘဲ လက်ခံရရှိပါတယ်။

ကျွန်တော်ဆိုရင် ဂျပန်လိုရေး ထားတဲ့ Manual Book, Maintainance Note, အသစ်စက်စက်Tool Box နဲ့ CD File တွေတောင် အပိုရလိုက်ပါသေးတယ်။ ကားတင်သွင်းလိုသူတွေအနေနဲ့ မိမိကြိုက်နှစ်သက်ရာကားကို အချိန်ယူ ပြီး ရွေးချယ်ထားသင့်ပါတယ်။

အင်တာ နက်ကို တစ်ခါဖွင့်ကြည့်ပြီး၊ ပြီးစလွယ် မရွေးချယ်သင့်ပါဘူး။ တစ်ကြိမ်ဖွင့်ကြည့် လို့ ကြိုက်တာမတွေ့သေးရင် နောက် လေး၊ ငါးရက်မှာ တစ်ခါထပ်ဖွင့်ပြီး ရှာရပါတယ်။ အချိန်များများပေးနိုင်လေ ကားကောင်းရလေဖြစ်ပါတယ်။

ကျွန်တော် ကိုယ်တိုင် စိတ်ကြိုက်ကားရဖို့ ခုနစ်ပတ် လောက် အချိန်ယူခဲ့ရပါတယ်။ စိတ်ကြိုက်ကားကိုတွေ့ပြီဆိုရင် Print ထုတ်ယူထားရပါမယ်။ အဲဒီအထဲ မှာ Lot နံပါတ်၊ Auction House အမည် နဲ့ မြို့အမည်၊ လေလံပစ်မယ့်နေ့၊ အချိန် (နာရီ၊ မိနစ်) အင်ဂျင်ပါဝါ၊ Chassis Type, Chassis နံပါတ်အပြည့်အစုံ၊ ထုတ် လုပ်သည့်ခုနှစ်၊ မောင်းနှင်ပြီးခရီး(ကီလို မီတာ) ဈေးနှုန်းခန့်မှန်းခြေ၊ ကားမှာ တပ်ဆင်ထားတဲ့ပစ္စည်း၊ ဘော်ဒီအတွင်း၊ အပြင်၊ ဒဏ်ရာဒဏ်ချက်တွေတည်နေ ရာနဲ့ အရွယ်အစား၊ အရောင်၊ ထိုင်ခုံ အရေအတွက် စစ်ဆေးသူရဲ့မှတ်ချက်တွေ ပါပါတယ်။

ဂျပန်လိုရေးထားတာတွေ လည်းပါတော့ မဖတ်တတ်ရင် ဂျပန်စာ တတ်သူကိုရှာပြီး အကူအညီတောင်းရ ပါတယ်။ ဒါမှသာ ကိုယ်ကြိုက်တဲ့ကား နဲ့ပတ်သက်ပြီး ပြည့်ပြည့်စုံစုံသိမှာပါ။ စိတ်ကြိုက်ကားကို ရှာတွေ့ပြီး နောက် လေလံမတိုင်မီ အကျိုးဆောင် နဲ့ ဆက်သွယ်ရပါမယ်။ မိမိကိုယ်တိုင် ရွေးချယ်ထားတဲ့ကားကို လေလံပစ်ချိန် မှာ ကိုယ်တိုင်ဈေးလိုက်ပေးပြီး ဆွဲမယ်။ လေလံအောင်ရင် အဲဒီအောင်တဲ့ဈေးနဲ့ မိမိသာယူမယ်၊ တခြားသူတွေနဲ့ လိုင်း ပူးလို့မရဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြောထားရပါမယ်။

အကယ်လို့ ကိုယ် ဆက်သွယ်တဲ့ အကျိုးဆောင်ဆီမှာ တခြား သူတစ်ယောက်ကလည်း ဒီကားကိုပဲ လေလံဆွဲဖို့ ဆက်သွယ်ထားတယ်ဆိုရင် အကျိုးဆောင် နောက်တစ်ယောက်ကို ပြောင်းရပါမယ်။ ဒါ့အပြင် ပါမစ်လျှောက်ခ၊ သယ်ဆောင်ပေးခ၊ ဆိပ်ကမ်းကနေရွေး ထုတ်ပေးသည်အထိ အကျိုးဆောင်ပေးခ ကိုလည်း မေးမြန်းညှိနှိုင်းထားရပါမယ်။

ဒါမှသာ မိမိရွေးချယ်ထားတဲ့ ကားကို “ယန်း”ဘယ်လောက်အထိ ဈေးပေးပြီး လိုက်ရင် ဒီအရောက် စုစုပေါင်း ဘယ် လောက်ကျနိုင်မယ်ဆိုတာကို အကြမ်းဖျင်း ခန့်မှန်းလို့ ရမှာပါ။ လေလံအောင်ပြီဆိုရင် Auction House က ကားနဲ့ပတ်သက်သော အသေး စိတ်အချက်အလက်တွေနဲ့ အသေးစိတ် ရိုက်ထားတဲ့ ဓာတ်ပုံတွေကို E-mail နဲ့ ပို့ပေးပါတယ်။ ဓာတ်ပုံက ပုံ ၂၀ လောက် ပါပါတယ်။

ကားမှာ တပ်ဆင်ထားတဲ့ ကောင်းတဲ့အစိတ်အပိုင်းတွေကိုရော၊ ဒဏ်ရာဒဏ်ချက်တွေကိုပါ အနီးကပ် ဓာတ်ပုံ ရိုက်ထားတာပါ။ ကားအပို ပစ္စည်းတွေရဲ့ပုံလည်း ပါပါတယ်။ အကျိုး ဆောင်ဆီကိုရောက်လာတဲ့ E-mail တွေ ကို မိမိအတွက်လည်း Print တစ်စုံထုတ် ပေးဖို့ ပြောရပါမယ်။ မှန်မှန်ကန်ကန် လုပ်တဲ့အကျိုးဆောင်တွေက Print တစ်စုံ ထုတ်ပေးတဲ့အပြင် မိမိမှာ E-mail လိပ်စာ ရှိပါက မိမိ E-mail ထဲကိုလည်း ထပ်ဆင့် ပို့ပေးပါတယ်။

ရောက်လာတဲ့ E-mail နှင့် လေလံမဆွဲမီ မိမိကိုယ်တိုင်ထုတ် ထားတဲ့ Print မှာ ပါတဲ့အချက်အလက်တွေ ကိုက်ညီမှုရှိ မရှိ စစ်ဆေးဖို့လိုပါတယ်။ ဒါတွေပြည့်စုံမှ ပါမစ် လျှောက်ဖို့ ဆက် လက် လုပ်ဆောင်သင့် ပါတယ်။ ပါမစ်လျှောက်ရာမှာ Model Year အပြင် အရေးအကြီးဆုံးက မိမိလေလံ အောင်ခဲ့တဲ့ကားရဲ့ Chassis နံပါတ်ကို အတိအကျထည့်ပြီး လျှောက်ရမှာပါ။ Chassis နံပါတ်အတိအကျမပါတဲ့ ပါမစ် ဟာ ပြဿနာမျိုးစုံတက်နိုင်ပါတယ်။

OSS ကတော့ Model Year သာပါရှိပြီး Chassis နံပါတ်မပါရှိလည်း ပါမစ်ချပေး ပါတယ်။ ဒါပေမဲ့ တင်သွင်းသူအတွက် လုံခြုံစိတ်ချရဆုံးက Chassis နံပါတ် အတိအကျဖော်ပြပြီး ပါမစ်လျှောက်ပေး ဖို့ပါပဲ။ ပါမစ်ကျလာတဲ့အခါ Chassis နံပါတ်လွဲမှားပြီးပါလာရင် OSS မှာ ပြန် ပြင်ပေးဖို့ အကျိုးဆောင်ကို ပြောရပါ မယ်။ ရပါတယ်။ ကိစ္စမရှိဘူးဆိုရင် အလိမ်ခံရဖို့နီးပြီမှတ်ပါ။ ဒီနေရာမှာ ကြားဖြတ်ပြီးပြောစရာ ရှိပါတယ်။

ဆိပ်ကမ်းစစ်ဆေးရေးအဖွဲ့၊ အကောက်အခွန်ရုံးနဲ့ က.ည.န ရုံးတွေ မှာ ကားကုမ္ပဏီက ထုတ်ပြန်ထားတဲ့ Catalogue စာအုပ်တွေရှိပါတယ်။ ကား အမျိုးအစားအလိုက် ရောင်စုံဓာတ်ပုံတွေ နဲ့ Model Year, Chassis နံပါတ်အပြင် ကားနဲ့ပတ်သက်တဲ့ အသေးစိတ်အချက် အလက်တွေ အပြည့်အစုံပါပါတယ်။ တချို့ Catalogue စာအုပ်တွေက ရန်ကုန် လမ်းညွှန်စာအုပ်လောက်အရွယ်ရှိကြပါ တယ်။

စစ်ဆေးရေးအဖွဲ့တွေက အဲဒီ ကားကုမ္ပဏီတွေက ထုတ်ထားတဲ့ Catalogue ပါအတိုင်း စစ်ဆေးကြတာပါ။ ကားတစ်စီးချင်းစီရဲ့ Model Year မှန် မမှန်ဆိုတာ Chassis နံပါတ်ကိုပဲ စစ် ဆေးရတာပါ။ ကားရဲ့အရွယ်အစား၊ ပုံသဏ္ဌာန်တူညီပေမယ့် Model Year မတူရင် အသေးစိတ်တပ်ဆင်မှုတွေ ကွာ ခြားသွားပါတယ်။ ဒီကား ဘယ်တုန်းက ထုတ်လုပ်တယ်ဆိုတာ Chassis နံပါတ် က သက်သေခံပါတယ်။

ဒါကြောင့် Chassis နံပါတ်ဆိုတာ ကားတစ်စီးရဲ့ မွေးသက္ကရာဇ်ပါပဲ။ ကားတစ်စီးချင်း အလိုက် Chassis နံပါတ်က မတူကြပါ ဘူး။ ဒါကြောင့် စစ်ဆေးသူများဘက်က Model Year မှန် မမှန် Chassis နံပါတ် ကို ကြည့်တာဟာ လုပ်ထုံးလုပ်နည်း အမှန်ဖြစ်ပါတယ်။ ကားရောင်းသူက သူ့ရဲ့ကားကို 99 Model, 2002 Model ဆိုပြီး ပြောရောင်းတိုင်း၊ ဝယ်သူက ဟုတ်မှာပဲ လို့ လက်ခံလို့မရပါဘူး။ Catalogue မှာ ပါတဲ့ Chassis နံပါတ်နဲ့ တိုက်ဆိုင်စစ် ဆေးပြီးမှ အတည်ပြုရမှာပါ။

Chassis နံပါတ်ဘယ်လောက်မှ ဘယ်လောက် အထိသည် ဘယ်နှခုနှစ်က ထုတ်လုပ် တယ်ဆိုတာ Catalogue မှာပါပါတယ်။ ကားစီးသူတိုင်း မသိကြပေမယ့် ကား အကျိုးဆောင်လုပ်သူတွေနှင့် ကားရောင်း ဝယ်ရေးကုမ္ပဏီကြီးတွေက သိထားပြီး သားပါ။ ကားတင်သွင်းလိုသူဟာ လေလံ သာဝင်ဆွဲတယ်။ အဲဒီကားနဲ့ပတ်သက် တဲ့အချက်အလက်၊ အထောက်အထား တွေကို တောင်းယူထားရမှန်းမသိဘူး ဆိုရင် ဒီလူဘာမှ နားမလည်ဘူးဆိုတာ အကျိုးဆောင်က သိနေပါပြီ။

ဒီတော့ Model မြင့်တဲ့ကားကို ကိုယ်တိုင်လေလံ ဆွဲပြီး အောင်ခဲ့ပေမယ့် မိမိလက်ထဲမှာ ဘာအထောက်အထားမှမရှိရင် အဲဒီ ကားနဲ့ အမျိုးတူ၊ ပုံစံတူ၊ အရောင်တူပြီး Model နိမ့်တဲ့ကားကို မသမာတဲ့အကျိုး ဆောင်က အစားထိုးတင်သွင်းပေးလိုက် ရင်လည်း ဘာမှသိလိုက်မှာမဟုတ်ပါဘူး။

ဂျပန်မှာက ကားအမျိုးအစားတူ၊ အရွယ်တူ၊ အရောင်တူကားတွေ နှစ်စဉ် သိန်းနဲ့ သန်းနဲ့ချီပြီးထုတ်နေတာပါ။95 Model Year ကားတွေ ရောင်းကောင်း ရင် 96 မှာလည်း ဆက်ထုတ်ပါတယ်။

ဒီလောက်များတဲ့ ကားတွေ ထဲက ဆိပ်ကမ်းကို ၁၀ စီးလောက် တစ်ပြိုင်တည်း ရောက်လာရင် မိမိ ရွေးချယ်လိုက်တဲ့ ကားက ဘယ်ကားလဲဆိုတာ Chassis နံပါတ်ကို ကြည့်ပြီး ရွေးထုတ်ရမှာပါ။ Chassis နံပါတ်မတူရင် ကားမှာတပ်ဆင် ထားတဲ့ အစိတ်အပိုင်းတွေတူညီရင်တောင် မှ မောင်းနှင်ပြီးခရီး (ကီလိုမီတာ) မတူ နိုင်ပါဘူး။ ဒဏ်ရာဒဏ်ချက်တွေရဲ့ တည်နေရာနဲ့ အရွယ်အစားလည်း မတူ တော့ပါဘူး။

ယနေ့လေလံ ပေါက်ဈေး Hilux Surf လို ကားမျိုးက 96 Model Year ဆိုရင် ယန်း ခြောက်သိန်းခွဲ အထက် မှာရှိပါတယ်။ ဒါပေမဲ့ အမျိုးတူ အရွယ် တူ ပုံစံတူ 95 Model Year ကျတော့ ယန်း နှစ်သိန်းခွဲ အောက်မှာပဲ ရှိပါတယ်။ သေချာအောင် ကျွန်တော်ပြောခဲ့တဲ့ အင်တာနက် လိပ်စာမှာ ညဘက်တစ်ခါ လောက် ဖွင့်ကြည့်စေချင်ပါတယ်။

ဒီကိုရောက်လာတဲ့ ကားမှာ Model Year ကွဲလွဲတာဟာ ဂျပန် Auction House က ကားမှားပြီး ပို့လိုက်တာမဖြစ် နိုင်ဘူးလားလို့မေးစရာရှိပါတယ်။ ကား မှားပြီး ပို့တယ် ဆိုရင် လေလံအောင်တုန်းက ပေးပို့ထားတဲ့ E-mail အချက်အလက် တွေက အကျိုးဆောင်ဆီမှာရှိနေပါ တယ်။ (အတွေ့အကြုံမရှိတဲ့ တင်သွင်း သူကိုတော့ ပြချင်မှ ပြပါ လိမ့်မယ်။) အဲဒီ စာရွက်စာတမ်းတွေနဲ့ ပြန်ပြောလို့ ရပါတယ်။

Auction House က ကားမှား ပို့တယ်ဆိုတာ ဖြစ်ခဲပါတယ်။ ဂျပန်ဟာ သူ့ရဲ့ကုန်ပစ္စည်းကို မလိမ်ညာဘဲ မှန်မှန် ကန်ကန်ပြောပြီး ရောင်းချတဲ့နေရာမှာ ကမ္ဘာမှာစံထားရတဲ့ အဆင့်မှာ ရှိပါတယ်။ ကားလေလံ ဈေးကွက်ဆိုတာလည်း နှစ်ပေါင်းများစွာ တည်တံ့လာတာပါ။

မယုံကြည်ရရင် တစ်ကမ္ဘာလုံးက ဘယ်သူမှ ဝင်ပြီးလေလံဆွဲကြမှာ မဟုတ်ပါ ဘူး။ ဘာပဲဖြစ်ဖြစ် မိမိဆီကားမှား ရောက်လာတာကို အဓိကဖြေရှင်းဖို့တာဝန် ရှိသူကတော့ အကျိုးဆောင် တင်သွင်း ပေးသူတွေသာ ဖြစ်ပါတယ်။

ကားတစ်စီးအပေါ်မှာ အကြိုက် တူလို့ အမြတ်ထုတ်ခံ ရမှာကိုလည်း သတိပြုဖို့ လိုပါတယ်။ ကားတစ်စီး တည်းကိုပဲ အကျိုးဆောင်က လာသမျှ လူကို အင်တာနက်က ဖွင့်ပြပါတယ်။ ကြိုက်ရင် ဘယ်လောက်အထိ ဈေးပေး မလဲမေးပြီး ကိုယ်ပေးနိုင်တဲ့ဈေးကို စာရင်းပေးခဲ့ရတာပါ။ အာမခံအဖြစ် မိမိရဲ့ ကားအပ်နှံပြီးစာရွက် (စလစ်အနီ) ကို ထားခဲ့ရပါတယ်။

ဥပမာ-Caldina ဆိုပါတော့။ ပထမလူက ယန်းငါးသိန်း ထိပေးဖို့ စာရင်းပေးခဲ့မယ်။ ဒုတိယလူ ကို ပိုပေးမှရနိုင်မယ်ဆိုလို့ ဒုတိယလူက ယန်းငါးသိန်းခွဲ စာရင်း ပေးခဲ့ ပါတယ်။ ထို့အတူ တတိယလူက ယန်းခြောက်သိန်း ထိ စာရင်းပေးခဲ့တယ်ဆိုပါစို့။ အကျိုး ဆောင်က ယန်းငါးသိန်းနှင့် လေလံအောင် သွားတဲ့အခါ ပထမလူနဲ့ ဒုတိယလူတို့ မရကြပါဘူး။ သူတို့လည်း လေလံအောင် တဲ့ဈေးပေးထားနိုင်ခဲ့တာ ဖြစ်ပေမယ့် ဈေးအများဆုံး စာရင်းပေးထားသူ တတိယ လူက ရရှိပါတယ်။

ဒါပေမဲ့ အမှန်တကယ် လေလံအောင်တဲ့ဈေး ယန်းငါးသိန်းနဲ့ တော့ ရလိုက်တာမဟုတ်ပါဘူး။ စာရင်း ပေးထားခဲ့တဲ့အတိုင်း ယန်းခြောက်သိန်း ပေးလိုက်ရတာပါ။ ဒီနေရာမှာတင် အကျိုးဆောင်က ကပ်ပြီး ယန်းတစ်သိန်း အမြတ်ထုတ်လိုက်ပါပြီ။ ယန်းတစ်သိန်း ဆိုတာ ကျပ်ငွေဆယ်သိန်းဝန်းကျင်ဖြစ် ပါတယ်။

ကားသစ်တင်သွင်းမယ့် သူတွေ သတိပြုဖို့ဖြစ်ပါတယ်။ ဒါတွေကို သိထားမယ်ဆိုရင် နောက်ထပ် ကားသစ်သွင်းလိုသူတွေ ဘယ်ကစလို့ ဘယ်လိုလုပ်သင့်တယ်ဆို တာ သုံးသပ်ချင့်ချိန်လို့ ရနိုင်ပါပြီ။ ရိုးသားစွာ ကားသစ်သွင်းသူများ ခလုတ် မထိ ဆူးမငြိဘဲ ကားကောင်းကားသန့် များ ရနိုင်ကြပါစေ။

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။