facebook စာမျက်နှာမှာ ကိုဇာဂနာ (ကတုံးကြီး) ဘာမှမသိဘဲ ၀င်မပြောနဲ့ ဘာနဲ့ ပြောလာတော့၊ ကျနော်လဲ သူဘာတွေ များပြောလဲလို့ သွားကြည့်မိလိုက်တယ်။ ကြည့်လိုက်တော့ သူပြောတာ ဘာများမှားလဲပေါ့။ ကျနော့်အမြင်တော့ အမှား မပါပါဘူး။ ဇာဂနာဆိုတာ အမှန်တွေကို မဆလခေတ်ထဲက ဝေဖန်ပြောဆိုခဲ့သူပါ။ မြောက်ပိုင်းကိစ္စလည်း သေသေချာ ချာ စဉ်းစားကြည့်မိတော့ သူပြောတာ မမှားပါဘူး၊ မှားနေတာက အခြေအနေနဲ့ စနစ်ကြီးပါဗျာ။
မြောက်ပိုင်းမှာ ဘာတွေဖြစ်ခဲ့ကြသလဲဆိုတာကို ကျနော်က စုံထောက်ကြီး ဦးစံရှားတို့ မင်းသိင်္ခရဲ့ ဇာတ်လိုက်ကျော် ဆား ပုလင်းနှင်းမောင်တို့လို ကွင်းဆက်တွေ ချိတ်ဆက်ကြည့်လိုက်တော့ ခံခဲ့ရတဲ့သူတွေ အစွတ်စွဲခံရတဲ့သူတွေဟာ သူလျှို ဟုတ်ခြင်း မဟုတ်ခြင်းထက် facebook စာမျက်နှာတွေမှာ ဖော်ပြနေသလို သူတို့တွေပဲ သမိုင်းကိုအသတ်ခံလိုက်ရတာ မဟုတ်ဘူးဗျ။ သမိုင်းကို အသတ်ခံလိုက်ရတဲ့သူတွေထဲမှာ ခင်ဗျားတို့အော်ဆဲနေကြတဲ့ အောင်နိုင်တို့၊ သံချောင်းတို့ မျိုး ၀င်တို့ လှဆောင်တို့လည်းပါတယ်လို့ ကျနော်ကတော့မြင်တယ်ဗျ။ သူတို့တွေ ဘယ်နေရာသွားသွား လူတောတိုးဘို့ ခက် သွားကြပါပြီ။
ကဲဘာတွေဖြစ်ခဲ့သလဲ ABSDF မြောက်ပိုင်းရဲ့ သမိုင်းကြောင်းလေးကို နဲနဲကြည့်လိုက်ကြရ အောင်ဗျာ… ခင်ဗျားတို့ သိ ထားတာက မြောက်ပိုင်းမှာABSDF ဆိုပြီး စဖွဲ့တယ်လို့ ထင်နေ ကြတာက မဟုတ်ဘူးဗျ။ ၁၉၈၈ ခု စက်တင်ဘာမှာ စစ် တပ်အာဏာသိမ်းတော့ နယ်မြေခံ ကျောင်းသားတွေက နီးစပ်ရာ KIA တပ် တွေဆီရောက်သွားကြတယ်။ ရောက်သွားတဲ့ ရည်ရွယ်ချက် တွေကလဲ တမြို့နဲ့တမြို့ မတိုင်ပင်ပဲ အတူတူဖြစ်နေကြတယ်ဗျ။ KIA တပ် တွေမှာ သေနတ်ပစ်တာခတ် တာ လက်နက်အဖြုတ်အတတ်သင်မယ် (Short Training ဆိုပါတော့ဗျာ) သင်ပြီးမှ သူမြို့ကိုယ့်မြို့ပြန်ပြီး လက်နက်နဲ့ ပြန်သိမ်းယူမယ်ပေါ့ဗျာ။ အဲဒီ အချိန်တုန်းက အဲလောက်ပဲစဉ်းစားခဲ့ကြတယ်ဗျ။ မြို့လူထုတွေကလည်း သပိတ်မှောက် ကျောင်းသားတွေကို အရမ်းကူညီထောက်ခံခဲ့တော့ ဒီလိုပဲစဉ်းစားတာပေါ့။ အဖွဲ့ဖွဲ့ပြီး တော်လှန်ရေးလုပ်မယ်တွေ ဘာတွေ မစဉ်းစားခဲ့ပါဘူး။
ဒါနဲ့ KIA တပ်ရင်းအသီးသီး ကိုရောက်သွား ကြတာပေါ့။ မြစ်ကြီးနားနဲ့ မိုးကောင်း ကျောင်းသားတွေက KIAတပ်ရင်း(၁၁) မိုးညှင်းကျောင်း သားတွေက တပ်ရင်း(၅)၊ ရွှေကူအဖွဲ့က ရင်း(၁၂) နောက်ဗန်းမော်အဖွဲ့က တပ်မဟာ(၃) လွယ်ဂျယ်ဗန်း မော် ဖက်ပေါ့။ ကချင်ပြည်နယ် မြို့နယ်အသီးသီးက တပ်ရင်းအသီးသီးကို လက်နက်တွေလာယူပြီး သူ့မြို့ကိုယ်မြို့ကို ပြန်သိမ်းယူမယ်ပေါ့ဗျာ။ KIA ဗဟိုကနေ ကျောင်းသားကိုယ်စားလှယ်တွေကို ဗဟိုကိုတက်လာဖို့ ဆင့်ခေါ်တယ် ဆွေးနွေး စရာရှိတယ်ပေါ့လေ။ ဒါကြောင့် မြစ်ကြီးနားက ကျော်ကျော်၊ မျိုးသွယ်နဲ့ ကချင်ကျောင်းသားတဦး (နာမည်တော့ မမှတ်မိ တော့ပါဘူး) မိုးကောင်းက နှစ်ဖွဲ့ဗျ ကိုလွမ်းမိုးခေါ်(ကိုမြင့်) ဦးဆောင်ခဲ့တာက မီမီခိုင်၊ ပျံလွှား ၊ဂျိုးဖြူ၊ ဘိုစော တို့က တဖွဲ့ နောက်တဖွဲ့က သန်းဇော်(မိုးကောင်း)၊ အောင်ကြီး၊ သန်းငွေ၊ မင်းဌေး တို့ဖြစ်တယ်ဗျ။ ဒါက ရင်း (၁၁) က တက်ခဲ့တဲ့ ကျောင်းသားကိုယ်စားလှယ်အဖွဲ့၊ နောက်မိုးညှင်း ကိုယ်စားလှယ်က သံချောင်းနဲ့ ထွန်းလွင်၊ ဗန်မော်က ဂမ်မလီနဲ့ တန်ဂွန်း တို့ ဖြစ်တယ်ပြောတယ်ဗျ။ အောက်တိုဘာလမှာ တရုတ်နယ်စပ် လိုင်စင်ဗဟိုမှာ သွားဆွေးနွေးကြ တယ်ဆိုပဲ။
ဟိုရောက်တော့ စားစရာသောက်စရာတွေ အရက်၊ ဘီယာ ရေနွေးကြမ်းနဲ့ စားသောက် ဖွယ်ရာအစုံအလင်နဲ့ တည်ခင်း ဧည့်ခံတယ်တဲ့။ ပြီးတော့ ကျောင်းသားကိုယ်စားလှယ်တွေကို ၀န်ဆောင်မှုပေးဖို့ ရဲမေတယောက်စီလည်း ပေးထားတယ် လို့လဲ သိရတယ်။ အိပ်တဲ့ အိပ်ယာတွေ ခေါက်သိမ်းတာတို့ ထမင်းစားရင် ထမင်းလိုက်ထည့်တာတို့ပေါ့ ကျောင်းသား ကိုယ်စားလှယ်တို့ တော်တော်ကိုကောင်းစားခဲ့ကြတယ်တဲ့။
KIA လူကြီးတွေနဲ့ ကျောင်းသား ကိုယ်စားလှယ်တွေ အစည်းဝေးစကြတာတော့ KIO ဖက်က စတင် ဆွေးနွေးတာက တော်လှန်ရေးလုပ်တာ ဒီတိုင်းလုပ်လို့မရဘူး အဖွဲ့ဖွဲ့ပါလို့ပြောတယ်တဲ့။ တောင်းပိုင်းဒေသတွေမှာလည်း ကျောင်းသားတွေ သောင်းနဲ့ချီရောက်နေကြပြီး ဒီဖက်မှာလည်း ထောင်နဲ့ချီရောက်လာနိုင်တယ် ဒါပေမဲ့ ကချင်ဒေသမှာ ကျောင်းသား တဖွဲ့ ထဲပဲ ရှိလို့ရမယ် (၂) ဖွဲ့ (၃) ဖွဲ့ဖြစ်လာရင် မောင်းထုတ်မယ်လို့ ဗိုလ်ချုပ် ဇော်မိုင်က ပြောခဲ့ဘူးတယ်လို့ ကြားဖူးတာပဲ။ မိုး ညှင်းတို့ မိုးကောင်းတို့ ဆိုတာ (ရှမ်းနီ) တွေပဲ သူလည်းရှမ်းနီသွေးစပ်တယ်လို့လဲ ပြောဖူးတယ်တဲ့ မိုးညှင်းမှာရှမ်းနဲ့ ကချင် လူမျိုးရေး အထိကရုဏ်းတွေလဲ ပြောခဲ့တယ်လို့ သိရပါတယ်။
ပါဂျောင်ဒေသ လိုင်စင်မှာပဲ သူတို့နဲ့နီးတဲ့ နေရာမှာထားမယ် လက်နက်နဲ့ရိက္ခာတွေကို ကေအိုင်အိုက ထောက်ပံ့သွားမယ် လို့ သိရပါတယ်။ စစ်သင်တန်းကို လိုင်စင်စခန်းမှာပဲယူဖို့ ဆုံးဖြတ်ကြပြီး “ကျောင်းသားတော်လှန်လှုပ်ရှားမှုအဖွဲ့” (ကတ လဖ) ကို အောက်တိုဘာလကုန်ပိုင်းမှာ ဖွဲ့စည်းခဲ့ကြတယ်တဲ့ဗျ။ တောင်ပိုင်း အေဘီဗဟိုထက် (၅) ရက်စော တယ်လို့သိ ရတယ်။ စစ်သင်တန်းယူစဉ်ကာလမှာတော့ (ကတလဖ) ရဲ့ ယာယီကော်မတီ(၅) ဦးမှ တာဝန်ယူတယ် ဆိုပဲ။
အဲဒီ (၅) ဦးကတော့ ကျော်ကျော်၊ သံချောင်း၊ ဘိုစော၊ ဂျိုဖြူ၊ ဂမ်မလီ တို့ပေါ့။ ဂမ်မလီဆိုတဲ့ အထက ကျောင်းသားကို သူ တို့လူ ကိုယ့်ဖက်သားအဖြစ် ထဲ့ထားတာပေါ့။ သူတို့ငါးယောက်က အပါတ်စဉ် (၁) သင်တန်းယူနေစဉ်ကာလမှာ ကျောင်း သားထုနဲ့ KIA ကြားမှာ ဆက်ညှိနှိုင်းပေးတဲ့ အဖွဲ့ပေါ့။ တပ်ရင်းသီးသီးက ကျောင်းသားတွေ လိုင်စင်ဗဟိုမှာ စစ်သင်တန်း ယူဖို့ စုစည်းကြတယ်။ ပျံလွှားနဲ့ ထွန်းလွင်က မိုးညှင်းဖက်ကိုပြန်ဆင်းသွားတယ်။ သန်းဇော်နဲ့ မင်းဌေးက မိုးကောင်းဖက်နဲ့ မျိုးသွယ်က မြစ်ကြီးနာဖက် ပြန်ဆင်းဖို့ တာဝန်ယူကြပါတယ်။ နောက်တော့ အုပ်စုလိုက်၊ အဖွဲ့လိုက် ကျောင်းသား (၁၅၀) ခန့် ရောက်လာတယ်။ တချို့ကျောင်းသားတွေကိုလည်း ကွန်မန်ဒိုလိုလို၊ ကချင်ကျောင်းသားလိုလိုနဲ့ ခွဲထုတ်ခေါ်ယူသွား တယ်ဗျ။ ကျောင်းသားတွေရဲ့ နေရာကို သင်္ချိုင်းကုန်းနဲ့ လူသတ်ကုန်း နေရာမှာ နေရာချပေးပါတယ်။ သရဲခြောက်တာတို့ သရဲပူးတာတို့ စုံလို့ပါပဲဗျာ။ သင်တန်းကွင်း ဖောက်ရတာ တဲဆောက်ရနဲ့ ပြဿနာကတော့ မျိုးစုံပါပဲ။
နောက်ရောက်လာတဲ့သူတွေ နေဖို့တဲက မလုံလောက်တော့ အရေးပေါ်တဲထိုးရတယ် မိုးရွာထဲမှာ ညတွင်းချင်း အမိုးတွေ တက်မိုးလို့ဆိုပြီး အရက်မူးနေတဲ့ KIA အရာရှိ တယောက်နဲ့ သူ့တပည့်သုံးယောက် ရောက်လာပြီး သေနတ်နဲ့ချိန်တယ်ဗျ “မင်းတို့မြို့ထဲမှာပဲ ဆန္ဒပြလို့ရမယ် ဒီမှာမရဘူး” ဆိုပြီးလည်း ခြိမ်းခြောက်ခံခဲ့ရတယ်။ ကျောင်းသားတွေကတော့ အံကို ကြိတ်ပြီး ဒေါသတွေ မြိုသိပ်ခဲ့ရတာ ပေါ့ဗျာ။ စစ်သင်တန်းက တော်တော်နဲ့မပေးဘူး အလုပ်ပဲခိုင်းနေတော့ ကျောင်းသား တွေကြား မကျေမနပ်နဲ့ပေါ့ဗျာ “လွတ်လပ်မှုအတွက် သုံးပေပါတ်လည် အခန်းကျဉ်းလေးထဲမှာ ကင်းမီးကောက်ထောင်ရ ထောင်ရ” ဆိုသူနဲ့ “ကျောင်းသားကွ ခေါင်းပေါ်မှာ ဘယ်သူ့မှ ထားချင်တာ မဟုတ်ဘူး ဆံပင်တောင် မွေးကတည်းပါလာ လို့” ဆိုပြီး ပြောတဲ့သူကပြောပေါ့၊ မကျေနပ်ချက်တွေ တယောက်တပေါက် ပြောကြတာပေါ့။
တရက်မှာ အလုပ်လုပ်ဖို့ မောင်ကျောင်းတွေကို ခေါ်သွားပါတယ်။ ဘိန်းခင်းစိုက်ဖို့တဲ့ ကျောင်းသားတွေက မလုပ်နိုင်ဘူး လို့ ငြင်းကြပါတယ်။ ကျောင်းသားဆိုတာ ပြည်သူလူထု လွတ်မြောက်ဖို့အတွက် တော်လှန်ရေးလုပ်ဖို့လာတာ ဘိန်းစိုက်ဖို့ မဟုတ်ဘူးဆိုပြီး ပြဿနာဖြစ်ကြတယ်ပေါ့ဗျာ။ ဒါဆို မင်းတို့ စိုးမြတ်သူဇာပန်းခူးရမယ်လို့ ပြောတယ်။ စိုးမြတ်သူဇာပန်းခူး ဆိုတာကို ကချင်ဒေသမှာ သင်တန်းတက်ခဲ့ဖူးသူတွေတိုင်း သိကြလိမ့်မယ်။ ခြေတဖက်မြှောက်၊ ခေါင်းကိုမော့၊ နေကို ကြည့်ပြီး ၁၅ မိနစ် ပန်းခူးတဲ့ပုံ လုပ်ခိုင်းတာပါ ဒဏ်ပေးတာပေါ့ဗျာ။ ဒါကြောင့် ယာယီကော်မတီ (၅)ယောက်က ဗိုလ်ချုပ် ဇော်မိုင်ကို သွားပြေပြတော့ “မင်းတို့စိတ်ဓါတ်တွေကို စမ်းကြည့်တာပါ” တကယ်မလုပ်ခိုင်းပါဘူးလို့ ပြောတယ်တဲ့ဗျ။ အဲဒီ ကာလတုန်းက ပါဂျောင်ဒေသမှာ တောင်တွေက တောင်ကတုံးတွေပါ တောင်တွေအားလုံးကလည်း ဘိန်းခင်းတွေပါပဲ၊ တရားဝင်ကိုခွင့်ပြုထားတာဗျ။ နောက်ပိုင်း ကျောင်းသားနဲ့ ပြဿနာတက်ပြီးမှ ဘိန်းခင်တွေပျောက်သွားပါတယ်။
သင်တန်းကာလမှာ ပါးရိုက်ခံရတာတို့ တုတ်နဲ့ရိုက်တာတို့တော့ ရိုးသွားပြီ လိုင်စင်မှာ သင်တန်းတက်တဲ့သူ အားလုံးသိပါ တယ်။ ဂျပန်စစ်သင်တန်းလို့ပဲ သေနတ်နဲ့ချိန်ပြီးလည်း ရိုက်တယ်။ KIA သင်တန်းက ဥပမာပေးတာရှိတယ် ၀ါးတရုံ ကောင်းဖို့ ၀ါးတလုံး နှစ်လုံးတော့ခုတ်ပြီးတော့မှ ၀ါးရုံကောင်းတယ်တဲ့။ သင်တန်းတက်နေတဲ့သူတွေကို စံပြသတ်ပြမယ် ဆိုတဲ့ သဘောပေါ့ဗျာ။ သင်တန်းကာလမှာ အသက်ကိုဖက်နဲ့ ထုပ်ထားရတယ်ဆိုတာ ဒါမျိုးထင်ပါရဲ့။ သင်တန်းဆင်းမှ အသက်ကို၀၀ ရှူရဲကြပါတယ်။ဒါတောင် သင်တန်းဆင်ပွဲမှာ ကျောင်းသားတွေကို နောက်မရိုက်ရမှာစိုးလို့ဆိုပြီး သင်တန်း ကာလက အညှိးနဲ့ သတိဆွဲခိုင်းပြီး ဒူးပျံတွေ လက်သီးတွေကျွေးလို့ မြင့်ဌေးဆိုတဲ့တယောက် သွားကျွတ်သွားပါတယ်။
သင်တန်းပြီးတော့ ဗဟိုမှာလဲ ABSDF အဖြစ်ဖွဲ့လိုက်တော့ ကချင်ဖက်က ကျောင်းသားတွေကလည်း ABSDF ဗဟိုရဲ့ ဦး ဆောင်မှုအောက်မှာ ABSDF (ကချင်) ကို စတင်ဖွဲ့စည်းခဲ့ကြတယ်။ ကိုယ့်ကျောင်းသား ကော်မတီကို ကိုယ့်ဟာကိုယ် ရွေး ရမယ်ဆိုတော့ သူ့မြို့နယ် ကိုယ့်မြို့နယ် ရွေးချယ်ကြတယ်ပေါ့။ ဖွဲ့စည်းပုံတော့ ဘယ်သူချပေးလဲမသိ အဲဒီတုန်းက ကော် မတီ ဖြစ်ခဲ့ကြတဲ့သူတွေတော့ သိကြမှာပါ။ ရွေးချယ်တင်မြှောက်မှုနဲ့ ကိုယ်ပိုင်နံပါတ်တွေကိုတော့ KIO က ကမကထ ပြု လုပ်ပေးခဲ့ပါတယ်။ ဖွဲ့စည်းပုံက ထိပ်ဆုံးမှာ ဗဟိုဦးစီး (၃) ယောက် သူ့အောက်မှာ ဗဟိုကော်မတီ (၇) ယောက် အဲဒါပြီး ရင် ခရိုင်ကော်တီ (၅) ယောက်၊ အဲဒီတုန်းက ခရိုင်က (၅) ခရိုင် မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်း၊ ဗန်မော်၊ ရွှေကူခရိုင်တို့ ဖြစ်ပါတယ်။
ကျောင်းသားကော်မတီ တာဝန်ယူသူ တွေရဲ့ Bio တယောက်ချင်းစီရဲ့ အချက်အလက်တွေကို ကေအိုင်အို ထောက်လှမ် ရေးက လိုက်ပြီးသားပါ။ သံချောင်းဟာ စစ်ဗိုလ်ဖြစ်ချင်သူ (ဗိုလ်ရူး) တယောက်ဆိုတာကအစ ဆယ်တန်း အောင်တဲ့အခါ DSA ကို မန္တလေးဖြေတာမရလို့ ရန်ကုန်ကနေ နောက်တခါသွား ဖြေဖူးတာကအစ၊ မျိုးဝင်းဆိုတာ ထောက်လှမ်းရေးနဲ့ ပါတ်သက်ရင် သံသယကြီးသူ နမ္မားနမ့်စလော်ရွာက ကေအိုင်အေကို ဆပ်ကြေးမပေးဘဲ အမြဲခံတိုက်နေတဲ့ရွာက ကချင် ကိုမုန်းတီးသူ ဆိုတာလဲ သိတယ်။ ဒါပေမဲ့ ကျောင်းသားတွေကို ကိုင်တွယ်တာ သိပ်သိမ်မွေ့တယ်။ ကျောင်းသား မြောက် ပိုင်းကော်မတီကို ကေအိုင်အိုက လိုသလိုပုံသွင်းပြီး ကောက်စားထားတယ်လို့ ပြောလို့ရပါတယ်။
အဲဒီတော့ တာဝန်ယူသူတွေကလည်း ခေါင်းဆောင်တွေဆိုပြီး မြှောက်ကားဖြစ်တော့တာပေါ့ အောက်ခြေရဲဘော် တချို့နဲ့ လည်း သိပ်အဆင်မပြေ ဖြစ်လာပါတယ်။ဒါပေမဲ့အောက်ခြေက ကိုယ်တင်ထားတဲ့လူကြီးဆိုတော့ ဘာမှ စောဒက မတက် ခဲ့ကြဘူး။ န၀တ ကို တိုက်ရရင် ကျေနပ်နေကြသူတွေပါဗျာ။ နောက်ပိုင်း မြို့ပေါ်နိုင်ငံရေးမှာ အဖမ်းအဆီးတွေများလာ တော့ တောထဲကို ကျောင်းသားတွေ တဖွဲဖွဲရောက်လာပါတယ်။ စစ်ကိုင်းတိုင်းနဲ့ ရန်ကုန်၊ မန္တလေးဘက်တွေက ရောက် လာတာ များပါတယ်။
ကျောင်းသားဆိုတာကလဲ ရောက်တာနဲ့ ခေါင်းဆောင်လုပ်မဲ့သူတွေဆိုတော့ ခေါင်းဆောင်မှုတွေကို တောင်းဆိုလာကြ တယ်ပေါ့ဗျာ။ ဒါကြောင့် ကေအိုင်အိုပါတီမှာ တာဝန်ယူတဲ့ ဗိုလ်မှူးလမိုင်ဘောက်က “မင်းတို့ကျောင်းသားတွေ (၁၀) ယောက်လာရင် တယောက်က ကျောင်းသားခေါင်းဆောင်၊ နောက် (၅) ယောက်လာရင်လဲ တယောက်က ကျောင်းသား ခေါင်းဆောင်၊ နောက် (၃) ယောက်လာလဲ တယောက်က ကျောင်းသား တယောက်ထဲပဲလာလဲ ကျောင်းသားခေါင်း ဆောင် ဒီလောက် ခေါင်းဆောင်များတာ တော်လှန်ရေး ဘယ်လို့လုပ်ကြမလဲ” လို့ ပြောဖူးတယ် ဆိုပဲ။
ကချင်ပြည်နယ်မှာ ကျောင်းသားတော်လှန်ရေး တဖွဲ့ပဲ ရှိရမယ်ဆိုပေမဲ့ ခေါင်းဆောင်မှုကို တောင်းဆိုမှုတွေများလာတော့ စစ်ကိုင်းတိုင်း အဖွဲ့တဖွဲ့ကို နိုင်ငံရေးအရ ဖွဲ့ပေးလိုက်ရပါတယ်။ ဒါပေမဲ့ အဲဒီအဖွဲ့က စစ်ကိုင်းတိုင်းကိုသွားဖို့ပဲ ကချင်ဒေသ မှာ ရပ်တည်ဖို့ မဟုတ်ဘူး။ နောက်ပိုင်း ရန်ကုန်နဲ့ မန္တလေးဘက်က ကျောင်းသားတွေစုပြုံ ရောက်လာကြတယ်။ တောင်း ဆိုမှုတွေနဲ့အတူ နိုင်ငံရေးအရ မြောက်ပိုင်းဗဟိုအဖြစ် တိုးချဲ့ဖွဲ့စည်းဖို့ တောင်းဆိုလာပြန်ပါတယ်။ အဲဒီအချိန်မှာ ကေအိုင် အေ တပ်မဟာ (၄) က ဦးမထုနော် “ဟာ လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်လိုက်ကြပြီး အဲဒီဒေသမှာရှိနေတဲ့ ABSDF (၄၀၁) တပ်ရင်း ရှမ်းမြောက် ကော်မတီလူတချို့ပါ ဦးမထုနော်နဲ့ လိုက်ပါသွားရတဲ့ အချိန်ပေါ့။ ဒါကြောင့် ပါဂျောင်ဒေသ ကို အေဘီရဲဘော်ရဲမေတချို့ကို လွှဲပေးခဲ့ရတယ်။
အဲဒီ အချိန်ကာလမှာ မြို့ပေါ် နိုင်ငံရေးနယ်ပယ်မှာလဲ အာဏာသိမ်း စစ်အုပ်စုက ကျောင်းသားလှုပ်ရှားမှုတွေ ဖြစ်တဲ့ ကျောင်းသား မြေအောက်လှုပ်ရှားမှုနဲ့ ကျောင်းသားပါတီတွေကို မတရားသင်းအဖြစ် ကြေငြာပြီး လိုက်လံရှင်းလင်းနေတဲ့ အချိန် ဖြစ်နေပါတယ်။ ဒါကြောင့် မြို့ပေါ်နိုင်ငံရေး လှုပ်ရှားနေတဲ့ ကျောင်းသားတွေ လွတ်မြောက်နယ်မြေတွေကို တဖွဲဖွဲ ရောက်လာကြပါတယ်။ တဖက်မှာ တိုင်းရင်းသာတွေကို လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ဖို့ဆိုတဲ့ အသံတွေကလဲ သဲ့ သဲ့ ထွက်လာတဲ့အချိန်ပါ။ နောက်ပိုင်းမှ ပြန်ကြားရတာက ၁၉၉၀ မှာထဲက KIO နဲ့ န၀တ တိုးတိုးတိတ်တိတ် စတွေ့နေကြ ပြီ သိရတယ်။ မြို့ပေါ်နိုင်ငံရေးနဲ့ တိုင်းရင်းသား အဖွဲ့တွေကို ကိုင်တွယ်နေတာက ဗိုလ်ချုပ်ခင်ညွန့် ဦးဆောင်တဲ့ ထောက် လှမ်းရေးအဖွဲ့ပါ။ အဲဒီလို န၀တနဲ့ ကမ်းလှမ်းချက်ယူနေတဲ့ ကေအိုင်အိုက သူ့ဒေသ နယ်မြေထဲမှာ နိုင်ငံရေးအရ အား ကောင်းတဲ့ ကျောင်းသားအဖွဲ့ရှိနေတာကို လိုလားပါ့မလား ခင်ဗျာတို့ စဉ်းစားကြည့်ပါ။
ဒါပေမယ့် တားမရပါဘူး တောင်းဆိုမှုတွေများလာတော့ အေဘီမြောက်ပိုင်းကို တိုးချဲ့ရပြီပေါ့။ တိုးချဲ့သာဖွဲ့လိုက်တယ် ကျေကျေလည်လည်တော့ ရှိခဲ့ပုံမပေါ်ပါဘူး။ အစောပိုင်းထဲက ကျောင်းသားထဲမှာ သံသယရှိသူတွေကို ကေအိုင်အို ထောက်လှမ်းရေးနဲ့ ကျောင်းသား ပူးတွဲစစ်ဆေးမှုတွေ လုပ်လေ့ရှိခဲ့ပါတယ်။ နောက်ပိုင်း ပြဿနာကြီးလာတော့ ဖမ်းဆီး မှုတွေ သတ်ဖြတ်မှုတွေကို ဘာဖြစ်လို့ မတားတာလဲ။ သူတို့တားရင် ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ “အေဘီ မြောက် ပိုင်းဆိုတာ KIO မှအပ ဘယ်အဖွဲ့စည်းကမှ ထောက်ပံ့ထားခြင်း မရှိပါဘူး။ မတားတဲ့အပြင် သူတို့ကိုယ်တိုင် စစ်ဆေးမှု တွေ ၀င်လုပ်ပါသေးတယ်”။ မျိုးဝင်း ရဲ့ ကျောင်းသားတွေထဲကို ထောက်လှမ်းရေးတွေ ၀င်လာနိုင်တယ်ဆိုတဲ့ သံသယကို အဆင်းမှာ ဘီးတတ်ပေးလိုက်တာ ထင်ရှားပါတယ်။
ရှေ့ပိုင်းမှာပြောခဲ့သလိုပဲ ကေအိုင်အိုနဲ့ စတွေ့ခဲ့ကတည်းက ရှမ်းနီနဲ့ကချင်ကိစ္စကို ပြောလာတယ်။ ကချင်ပြည်နယ်မှာ ရှမ်း နဲ့ ကချင် လူမျိုးရေးအထိကရုဏ်းက ဟိုတုန်းကတည်းက ဖြစ်ခဲ့ဖူးတဲ့သမိုင်းကရှိတော့ မျိုးဝင်း၊ သံချောင်းတို့လို ရှမ်းတွေ ကို ကချင်အမျိုးသားရေးအစွန်းရောက် ခေါင်းဆောင်တချို့က သိပ်ကြည်ဖြူမှာတော့ မဟုတ်ပါဘူး။ ဒါကြောင့် ရာနဲချီတဲ့ သူတွေကို ဖမ်းတာတွေ သတ်ဖြတ်တာတွေကို မသိမသာ လွှတ်ထားလိုက်တာဟာ အဲဒီကိစ္စမှာ တာဝန်ရှိသူများအဖြစ် ထိုးကျွေးလိုက်ပြီး ကချင်ပြည်နယ်မှာရှိနေတဲ့ ကျောင်းသားတော်လှန်ရေးကို ကောက်စားလိုက်တာပါပဲ။
အတွေ့အကြုံအရ နုနယ်သေးတဲ့ ကျောင်းသားတွေဟာ သူများကြိုးဆွဲရာ ကခဲ့ကြရတယ်။ နောက်ပိုင်း လူနဲနဲပဲကျန်တော့ တဲ့ ကျောင်းသားတပ်မတော် မြောက်ပိုင်းကို ဖိအားပေးပြီး နအဖနဲ့ တွေ့ခိုင်းခဲ့ပါသေးတယ်။ မရတဲ့အဆုံး မင်းတို့ ကချင် ပြည်နယ်မှာတော့ တော်လှန်ရေးလုပ်လို့မရဘူး လုပ်ချင်ရင် စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်မှာ သွားလုပ်လို့ ကလေးရန်တွေ့သ လို ပြောလာပါတယ်။ ဒါဆိုရင်တော့ ရှင်းပါတယ် ဘုရားပြီးတော့ ငြမ်းဆိုတာ မလိုတော့ဘူးလေ သံချောင်းတို့ ဦးဆောင် တဲ့အဖွဲ့လည်း နောက်ဆုံးတော့ ကချင်ဒေသက မောင်းထုတ်ခံခဲ့ရတာပါပဲ။
ကျောင်းသားတပ်မတော် ကချင်ဒေသမှာ မရှိရေးအတွက် ကချင် အမျိုးသားရေးအစွန်းရောက်သူတွေနဲ့ နအဖတို့က နိုင်ငံ ရေး ကလားဖန်ထိုးခဲ့တာ ပါပဲ။ ဘယ်သူတွေ ဘာတွေလုပ်ခဲ့ကြသလဲ၊ အဲဒီတုန်းက တာဝန်ယူခဲ့တဲ့ ကချင်တိုင်းရင်းသား ခေါင်းဆောင်တွေ အသိဆုံးပါ။ နယ်မြေဒေသနဲ့ နိုင်ငံရေးအခင်းအကျင်း၊ ခေတ်စနစ် အခြေအနေအောက်မှာ ကျောင်း သား အချင်းချင်း ပြန်သတ်ကြတဲ့ “ဂိမ်း” တခုကို ဖန်တီးခြင်းခံခဲ့ရတာပါ။ ကစားကွင်းထဲ ရောက်သွားကြတဲ့ သူတွေဟာ အဲဒီ ဂိမ်းကို ဖန်တီးထားတဲ့သူတွေကို မမြင်တော့ဘဲ ကစားပွဲမှာအနိုင်ရဖို့အတွက်ပဲ ကြိုးစားတတ်ကြပါတယ်။
မြောက်ပိုင်းမှာဖြစ်ခဲ့ကြတဲ့ ကိစ္စအတွက် ပြုသူတွေနဲ့ ခံခဲ့ရသူတွေဟာ “အနိုင်မရနိုင်တဲ့ ဂိမ်း” တခုအတွက် အနိုင်ရဘို့ က စားကွင်းထဲ ကစားခဲ့ကြတဲ့သူတွေပါ။ တကယ်ရှာရမှာက အဲဒီစနစ်ကို ဖန်တီးခဲ့သူတွေက ဘယ်သူတွေလဲ သူတို့တွေရဲ့ နိုင်ငံရေး ကစားကွက်ထဲမှာ ကျောင်းသားတွေရဲ့ အသက်၊ သွေး၊ ချွေးတွေပေးပြီး ကစားခံခဲ့ရတယ်။ အားလုံးကို ခြုံကြည့် လိုက်တော့ အောင်နိုင်တို့ သံချောင်း တို့လဲ သမိုင်းသေ ထွန်းအောင်ကျော်တို့လဲ အသက်သေ အားလုံးအရှုံးတွေကြီးပါပဲ။ ဒီအဖြစ်အပျက်တွေဟာ ကျောင်းသားသမိုင်းနဲ့ လက်နက်ကိုင်တော်လှန်ရေးအတွက်တော့ ခါးသည်းတဲ့ အတွေ့အကြုံ သင်ခန်းစာတခု ပါပဲ။
အခုလဲ ၈၈ မျိုးဆက်တွေကြား စိတ်ဝမ်းကွဲအောင် ဂိမ်းတခု ဖန်းတီးနေပြီလား သတိထားကြပါ။
၈၈ မျိုးဆက်ဆိုရင် လက်နက်ကိုင်ထားတဲ့သူပဲ ဖြစ်ဖြစ်၊ မြေအောက်လှုပ်ရှားမှုပဲဖြစ်ဖြစ်၊ ပါတီပဲဖြစ်ဖြစ်၊ ဘုန်းကြီးပဲဖြစ်ဖြစ် သူတို့ ဖြိုမှာပဲ။ သူတို့အာဏာကို ထိပါးအောင်လုပ်နိုင်တဲ့ သူတွေက ၈၈ မျိုးဆက်တွေပဲ။ ဒါကြောင့် ၈၈ မျိုးဆက်တွေ သွေးစည်းကြပါ။ ကျောချင်းကပ်ကြပါ။
(မှတ်ချက်။ ။ ကျောချင်းကပ်ထားရန်အတွက်သာ မျက်နှာချင်းမဆိုင်မိစေနဲ့ စကားများ၊ ရန်ဖြစ်ကြမှာစိုးလို့)
အညတရရဲဘော်
ex absdf မှ ကူးယူဖော်ပြသည်။
မူရင်းလင့်က ဒီမှာပါ။
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။