/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, March 5, 2012

.

ပွင့်လင်းလူ့အဖွဲ့အစည်းအကြောင်း ၈၈ ကျောင်းသားတွေရှင်းလင်း

မြန်မာနိုင်ငံမှာ ငြိမ်းချမ်း ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်း ပေါ်ပေါက်လာရေး အတွက် မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ ကချင်ဒေသ တွေဆီ လှည့်လည်ပြီး လူထုကို ရှင်းလင်း ဟောပြောခဲ့ကြတဲ့ ၈၈ မျိုးဆက် ကျောင်းသား တွေက တနင်္ဂနွေနေ့မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ကြပါတယ်။ ပွင့်လင်း လူ့အဖွဲ့အစည်း မိတ်ဆက် ဆွေးနွေးပွဲ ဆိုတာကို ဟင်္သာတမှာ စလုပ်ခဲ့တာ ဖြစ်ပြီး အဲဒီကနေ နောက်ပိုင်း မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ ကချင်ဒေသတွေဆီ လှည့်လည် ရှင်းလင်း ဟောပြောခဲ့တာ ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ဦးကိုကိုကြီးက ဘီဘီစီကို ပြောပါတယ်။ ကချင်ဒေသကို ရောက်စဉ် ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ကချင်တိုင်းရင်းသားတွေနဲ့ ဆွေးနွေးပြောဆိုခဲ့တာတွေကို ၈၈ မျိုးဆက် ကျောင်းသားတွေက အခုသတင်းစာ ရှင်းလင်းပွဲမှာ ပြန်လည် ပြောပြခဲ့ကြပါတယ်။ ငြိမ်းချမ်းရေး ဖြေရှင်းရာမှာ အပစ်အခတ် ရပ်စဲရေးကို အသားပေး ဆောင်ရွက်နေတာဟာ စစ်ရေး အမြင်ကို အသားပေး ဆောင်ရွက်နေတဲ့ ပုံစံ ဖြစ်ကြောင်းနဲ့ တိုင်းရင်းသား ဒေသ ဖွံ့ဖြိုးလာရင် တိုင်းရင်းသား ပဋိပက္ခတွေ ပြေလည်သွားမှာပဲ ဆိုတဲ့ အယူအဆကလည်း စီးပွားရေး ရှုထောင့်ကနေ အရေးထား ချဉ်းကပ်နေတဲ့ ပုံစံဖြစ်ပြီး စာပေ၊ ယဉ်ကျေးမှု ရှုထောင့်၊ သမိုင်းရေး ရှုထောင့်၊ တိုင်းရင်းသား တန်းတူ ညီမျှရေး ဆိုတဲ့ နိုင်ငံရေး ရှုထောင့် တွေကိုပါ ပြည့်ပြည့်စုံစုံ ထည့်သွင်း ဆွေးနွေးနိုင်မှ ရေရှည် တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ရမှာ ဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားတွေအနေနဲ့ ယုံကြည်ကြောင်း ဦးကိုကိုကြီးက ပြောပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးရာမှာ လက်နက်ကိုင်ထားတဲ့ တိုင်းရင်းသား အဖွဲ့တွေနဲ့ အစိုးရ စစ်တပ် အကြားမှာပဲ တွေ့ဆုံ ဆွေးနွေးနေတာကြောင့် မြေစာပင် ဖြစ်တဲ့ ဒေသခံ ပြည်သူတွေ ရဲ့ ခံစားချက်တွေ အသံတွေကို မဖေါ်ထုတ်နိုင် ဖြစ်နေကြောင်း၊ ဒါ့ကြောင့် ဒီ တိတ်နေတဲ့ အသံတွေ ခံစားချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဖေါ်ထုတ်နိုင်မှ ငြိမ်းချမ်းရေး အောင်မြင်မှု ရှိမယ်လို့ ၈၈ မျိုးဆက် ကျောင်းသားတွေအနေနဲ့ ယုံကြည်ကြောင်း ဦးကိုကိုကြီးက ပြောပါတယ်။ ပွင့်လင်း လူ့အဖွဲ့အစည်းနဲ့ ပတ်သက်လို့ တရားဥပဒေ စိုးမိုးရေးကို သူတို့အနေနဲ့ ထပ်ခါ တလဲလဲ ပြောခဲ့သလို သမ္မတ ဦးသိန်းစိန်ကလည်း ပြီးခဲ့တဲ့ သူ့မိန့်ခွန်းထဲမှာ ကြိမ်ဖန်များစွာ သုံးစွဲသွားတာ တွေ့ရကြောင်း၊ လူပုဂ္ဂိုလ် တဦးတယောက် သို့မဟုတ် တစုထဲရဲ့ ဆန္ဒ သဘောထားနဲ့ တိုင်းပြည်ကို အုပ်ချုပ်လာခဲ့ရာက တရား ဥပဒေ အရ အုပ်ချုပ်တဲ့ စနစ်ကို အကောင်အထည် ဖေါ်တော့မယ် ဆိုတာကို သူတို့အနေနဲ့ ကြိုဆိုကြောင်း ပြောပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားတွေ အနေနဲ့ ထောင်ကလွတ်လာကြကတည်းက အခုလို အစုအဖွဲ့ ပုံစံမျိုးနဲ့ စလုပ်နေတာ ဖြစ်ပြီး ခုထက် ပို ကျယ်ပြန့် စနစ်ကျတဲ့ ပုံစံတခုကို ကြိုးစားသွားမှာ ဖြစ်ကြောင်းနဲ့ ရေရှည်မှာ နိုင်ငံရေးကို ထဲထဲဝင်ဝင် ဇောက်ချ လုပ်မယ့် ပါတီအဖွဲ့ တခုမျိုးကိုလည်း ဖွဲ့လာနိုင်ကြောင်း ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးက ဘီဘီစီကို ပြောပါတယ်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။