/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, February 24, 2012

.

ပင်လုံစိတ်ဓာတ် လက်ဆင့်ကမ်းရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

စစ်မက်ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိမဲဆွယ်ပြီး သူ့ကို ဒေသခံ တိုင်းရင်းသားပြည်သူတွေက တခဲနက် ကြိုဆိုခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ကချင်ပြည်နယ်စည်းရုံးရေး ခရီးစဉ်ကို ဒီနေ့မှ စတင်တာဖြစ်ပြီး မြစ်ကြီးနားလေဆိပ်ကနေ နမ္မတီးနဲ့ မိုးကောင်းမြို့တွေကို သွားရောက် မဲဆွယ်စည်းရုံးပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ကို ထောင်သောင်းချီတဲ့ ပရိသတ်တွေက လမ်းတလျှောက် ကြိုဆိုခဲ့ကြတာပါ။ မိုးကောင်းမြို့ ဘောလုံးကွင်းမှာကျင်းပတဲ့ ဟောပြောပွဲမှာ သူက ပင်လုံသဘောတူညီချက်ရဲ့ အနှစ်သာရကို ရှင်းပြပြီး မျိုးဆက်တဆက်နဲ့တဆက် လက်ဆင့်ကမ်းကြဖို့ ထည့်သွင်း တိုက်တွန်းပါတယ်၊


“၁၉၄၇ ခုနှစ်တုန်းက ကျမတို့ မြန်မာနိုင်ငံဟာ လွတ်လပ်တဲ့ နိုင်ငံတခု ဖြစ်ဖို့ ကျမတို့တိုင်းရင်းသားတွေ စုစည်းပြီးတော့ လုပ်ခဲ့တယ်။ အရင်တုန်းကဆိုရင် ဗမာကတမျိုး၊ ရှမ်းကတဖုံ၊ ကချင်ကတလမ်း အဲဒီလို ဖြစ်နေကြတယ်။ ၁၉၄၇ ခုနှစ်ကျတော့ တိုင်းရင်းသားတွေ အများစု ဖြစ်တဲ့ ဗမာ (ဗမာဟာလည်း တိုင်းရင်းသားပါပဲ။ ဒါပေမယ့် အများစုပေါ့။) အများစုဖြစ်တဲ့ ဗမာတွေနဲ့ တခြား တိုင်းရင်းသားတွေဟာ လက်တွဲပြီး လုပ်လို့ရှိရင် လွတ်လပ်ရေးကို မြန်မြန်ဆန်ဆန် ရလိမ့်မယ်ဆိုတဲ့ သဘောတူညီချက်အရ ရှမ်းပြည်က ပင်လုံမြို့လေးမှာ လက်မှတ်ထိုးလိုက်ကြတဲ့ စာချုပ် ဖြစ်ပါတယ်။ အဲဒီတော့ ကလေးတွေကို တိုတိုနဲ့ ပြောရရင် ပင်လုံဆိုတာ မြို့လေးတမြို့ရဲ့ နာမည် ဖြစ်တယ်။ အဲဒီမြို့လေးမှာ တိုင်းရင်းသားတွေဟာ ပထမဦးဆုံးအကြိမ် နိုင်ငံရေးအရ ပူးပေါင်း ဆောင်ရွက်ဖို့ သဘောတူညီစွာ စာချုပ်တခုကို လက်မှတ်ထိုးခဲ့တဲ့ နေရာ ဖြစ်တယ်။ အဲဒီ စာချုပ်ကို ပင်လုံစာချုပ်လို့ ခေါ်တယ်။ ဒီတော့ ပင်လုံစိတ်ဓာတ်ဆိုတာ ရိုးရိုးလေးပြောရရင် ငါတို့အားလုံး လက်တွဲပြီးတော့ ငါတို့ လိုချင်တဲ့ပန်းတိုင်ကို သွားမယ်ဆိုတဲ့ ညီညွတ်တဲ့ စိတ်ဓာတ် ဖြစ်ပါတယ်။”


မိုးကောင်းမြို့နယ်မှာ အဖွဲ့ချုပ်ကိုယ်စား ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဒေါ်ခင်ကြည်ကို မဲပေးကြဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။


မိုးကောင်းမြို့နယ်မှာ ဒေါ်ခင်ကြည်ဟာ တချိန်တုန်းက ကချင်လွတ်လပ်ရေးအဖွဲ့မှ ဒု – ဥက္ကဋ္ဌတာဝန်ယူခဲ့သူ တသီးပုဂ္ဂလကိုယ်စားလှယ် ဒေါက်တာတူးဂျာ အပါအဝင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ ဒီမိုကရေစီမဟာမိတ်ပါတီက ကိုယ်စားလှယ်တွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမနက် ရန်ကုန်ကနေ မြစ်ကြီးနားကို လေယာဉ်နဲ့ လာရောက်ပြီး နမ္မတီး ဘောလုံးကွင်းမှာလည်း ဟောပြောခဲ့ပါသေးတယ်။


“မိုးကောင်းမှာလည်း ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဝင်ပြီးတော့ ယှဉ်ပြိုင်ရတဲ့ အကြောင်းရင်းတခုက ပြည်ထောင်စုကို ထူထောင်ချင်လို့၊ စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ပြန့်ပွားချင်လို့ ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က စပြီးတော့ ဖွဲ့ထားစဉ် ကာလကတည်းက တိုင်းရင်းသားများ အားလုံး သွေးစည်းညီညွတ်ရေးကို ဦးတည်ပါတယ်။”


ဒီနေ့ ညမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မြစ်ကြီးနားကို ပြန်မှာဖြစ်ပြီး မနက်ဖြန် မနက်ပိုင်း မနောကွင်းမှာ မဲဆွယ်စည်းရုံးဖို့ စီစဉ်ထားပါတယ်။

Published on February 23, 2012 by အေးနိုင် DVB

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။