/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, February 24, 2012

.

ကြက်ဆူဆီမှရသော ဘိုင်အိုဒီဇယ်ဖြင့် ကျေးရွာပေါင်း ၁၀၀၀ ကို မီးပေးမည်

ကြက်ဆူပင်ကနေ ထွက်ရှိမယ့် လောင်စာဆီကို အသုံးပြုပြီး မြန်မာနိုင်ငံ ပြည်နယ်နဲ့တိုင်း ဒေသကြီးတချို့က ရွာပေါင်း ၁၀၀၀ အတွက် မီးလင်းရေး ၆ နှစ် စီမံကိန်းကို လာမယ့် မတ်လထဲမှာ စပြီး ဆောင်ရွက်မယ်လို့ သိရပါတယ်။

ဒီစီမံကိန်းကို မြန်မာနိုင်ငံက သစ်တောပညာရှင် တဦးနဲ့ ဂျပန်နိုင်ငံက ပညာရှင်တွေ ပူးပေါင်းပြီးတော့ ကြက်ဆူပင်က ရလာတဲ့ဆီနဲ့ ဘိုင်အိုဒီဇယ်လုပ်ပြီး လျှပ်စစ်မီးပေးသွားမယ်လို့ ပြည်တွင်းရုပ်သံလိုင်း MRTV-4 က ထုတ်လွှင့်သွားပါတယ်။

စီမံကိန်းကာလ ၆ နှစ် သတ်မှတ်ထားပြီး မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသက ကျေးရွာတွေ၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ် အင်းလေးဒေသက ကျေးရွာတွေ အပါအဝင် ရွာပေါင်း ၁၀၀၀ မီးလင်းဖို့ ဆောင်ရွက်ပေးသွားမယ်။ အဲဒီရွာက လူမှုစီးပွားစစ်တမ်းတွေ ကောက်ယူပြီးရင် ပထမဆုံးအနေနဲ့ ရှမ်းပြည်နယ် အင်းလေးဒေသက ရွာပေါင်း ၁၀၀ ကျော်ကို အရင် ပေးသွားမယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ် အင်းလေးဒေသက အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်က ကျေးလက်တောရွာတွေမှာ မီးရရှိရေးအတွက် ဆောင်ရွက်တာဟာ အင်မတန် ကောင်းမွန်ပေမယ့်လည်း ကုန်ကြမ်းဖြစ်တဲ့ ကြက်ဆူပင် စိုက်ပျိုးဖို့တော့ အခက်အခဲရှိမယ်လို့ ပြောပါတယ်။

“ဘိုင်အိုဒီဇယ်ဆိုတာက လက်လှမ်းမမီတဲ့ ဒေသမှာ လုပ်ပေးနိုင်ရင်တော့ ကောင်းတယ်လေ။ အဲဒီ့ ဘိုင်ဘိုဒီဇယ်ဆိုတာ ကြက်ဆူဆီက အမြဲတမ်း လုပ်ပေးနေရမယ်။ ၂၄ နာရီလုံးလည်း မီးရနေတဲ့ အနေအထားလည်း မဟုတ်ဘူးလေ။ ကြက်ဆူဆီက ပြည်သူလည်း မစိုက်ချင်ကြဘူး။ အရင်တုန်းကလည်း ကြက်ဆူဆီစိုက်တယ်ဆိုပြီး အခုထိ ဘယ်လိုမှ အကျိုးအမြတ် မရှိဘူး။ ပြည်သူတွေလည်း အချိန်ကုန် လူပမ်းငွေပမ်းသွားတဲ့ အနေအထားရှိတယ်။”

စစ်အစိုးရလက်ထက်က ၂၀၀၆ ခုနှစ်လောက်စပြီး ခြံစည်းရိုးကြက်ဆူပင် မစိုက်မနေရ စီမံကိန်းကို အကောင်အထည်ဖော်ခဲ့တုန်းက ပညာရေး၊ ကျန်းမာရေး ဝန်ထမ်းတွေပါ မကျန် အလုပ်အကိုင်ပျက် စိုက်ပျိုးခဲ့ရသလို၊ မြေသိမ်းယာသိမ်းတွေ၊ အဓမ္မခိုင်းစေမှုတွေပါ ဖြစ်ခဲ့ပြီး ရလဒ်အားဖြင့် သဲထဲရေသွန် ဖြစ်ခဲ့တဲ့ အတွေ့အကြုံကြောင့် သံသယ ရှိနေကြတာပါ။

အလားတူ စီမံကိန်း နယ်မြေတခုဖြစ်တဲ့ ဧရာဝတီတိုင်း ဘိုကလေးမြို့မှာ နေထိုင်သူ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူ ကိုဘန်ကူးကလည်း စီမံကိန်း အောင်မြင်နိုင်ခြေအပေါ် သံသယ ရှိတယ်လို့ ပြောပါတယ်။

“လက်ရှိ အခြေအနေထိတော့ မြစ်ဝကျွန်းပေါ် ကျေးလက်ဒေသမှာ လျှပ်စစ်မီး ရရှိရေးဆိုတာက အခုထိတော့ ဘာမှ မကြားရသေးဘူး။ ကြက်ဆူဆီပင်ကို သိပ်မစိုက်ကြပါဘူး။ ကြက်ဆူကနေ ဘိုင်အိုဆီပေါ့၊ လျှပ်စစ်မီးလင်းမယ်ဆိုတာ ဒါကတော့ နည်းပညာရှင်တွေ အပြောအရတော့ ဖြစ်ချင် ဖြစ်မယ်။ အဲဒါတော့ စိတ်ကူးယဉ် အိပ်မက် တခုလို့ပဲ ထင်ပါတယ်။”

မြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက် လျှပ်စစ်မီးမရတဲ့ရွာတွေ အမြောက်အမြား ရှိနေတာပါ။ လတ်တလောမှာတောင် ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်က ရွာပေါင်း ၅၀၀ ကျော်မှာ မြို့ပေါ်နဲ့ ရွာကြီးတွေလောက်ပဲ အစိုးရကပေးတဲ့ လျှပ်စစ်မီးကို ရတယ်။ ကျန်တဲ့ရွာက ဆီမီးခွက်တွေ၊ ဖယောင်းတိုင်တွေ၊ ဘတ္ထရီအိုးတွေနဲ့ မီးထွန်းနေရတုန်းပဲလို့ ကိုဘန်ကူးက ဆက်ပြောပါတယ်။

Published on February 23, 2012 by ဒီဗွီဘီ DVB

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။