/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, February 24, 2012

.

ဆန္ဒနှင့် အကောင်အထည်ဖော်မှု

လူတဦးချင်းစီ၏ စိတ်ကူးထဲတွင် အနာဂတ်ကာလအတွက် အကောင်အထည်ဖော်လိုသည့် ဆန္ဒများ ကိုယ်စီကိုယ်ငှ ရှိကြမည်ထင်ပါသည်။ ထိုဖြစ်လိုသည့်ဆန္ဒများသည် သူတဦးတည်းအတွက်လည်း ဖြစ်ချင်ဖြစ်မည်။ သူနေထိုင်ရာ လူ့အဖွဲ့အစည်းအတွက်လည်း ဖြစ်ချင်ဖြစ်မည်။ သို့မှမဟုတ် လူသားအားလုံးအတွက်လည်း ဖြစ်ချင်ဖြစ်မည်။ ဖြစ်ချင်သည့်ဆန္ဒ အနည်းအများသာ ကွာမည်ထင်ပါသည်။ ထိုသို့ ဖြစ်ချင်သည့်ဆန္ဒများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ...


(၁) အသိပညာဗဟုသုတနှင့် ပြည့်စုံမှု
(၂) အခြေအနေပေးမှု
(၃) အချိန်အခါနှင့် ကိုက်ညီမှု

... စသည်တို့ ညီညွတ်မျှတစွာ ပြည့်စုံမှသာ ဖြစ်လိုသည့်ဆန္ဒများကို အကောင်အထည်ဖော်ခွင့်ရမည်ဟု ထင်ပါသည်။ ထိုအထဲမှ တချက်ချက် ချွတ်ယွင်းနေလျှင် မည်မျှပင် ဆန္ဒပြင်းပြနေစေကာမူ ဖြစ်ချင်သည့်ဆန္ဒများ အကောင်အထည်ပေါ်မလာဘဲ လွဲချော်မှုနှင့်သာ ကြုံတွေ့နေမည်ဟု ထင်မိပေသည်။ မိမိ အကောင်အထည်ဖော်လိုသော ဆန္ဒတခုအတွက် လိုအပ်သည့် အသိပညာဗဟုသုတနှင့် မည်မျှပင် ပြည့်စုံနေစေကာမူ အချိန်အခါနှင့် ကိုက်ညီမှုမရှိပါကလည်း ဖန်တီးနိုင်မည့် အခြေအနေပေးမည်မဟုတ်ပေ။ ထိုလိုအပ်နေသော အချိန်အခါနှင့် အခြေအနေဟူသည် ထိုင်စောင့်နေ၍ ရတတ်လေသည်မျိုးမဟုတ်ဘဲ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ယူမှသာ လက်ဝယ်သို့ ရောက်ရှိလာတတ်သည်မျိုးလည်း ရှိပေသည်။

*****

ဘောလုံးပွဲကြည့်တတ်ခါစကာလက လူကျွံဘောဖမ်းသည်ဟူသော ဘောလုံးစည်းမျဉ်းကို အဘယ်ကြောင့် ထည့်ထားမှန်း နားမလည်ပေ။ ကြာလာသည့်အခါကျမှ လူကျွံဘောအကြောင်း နားလည်လာမိပေသည်။ တိုက်စစ်မှူး ဘောလုံးသမားတဦးသည် မည်မျှပင် ဂိုးသွင်းချင်သည့်ဆန္ဒ ပြင်းပြနေစေကာမူ မိမိဆီသို့ ဘောလုံးရောက်မလာခင် တဘက်နောက်တန်းကစားသမားများကို ကျော်၍ နေရာယူထားပါက လူကျွံဘော အဖမ်းခံရပြီး ကြိုးစားသမျှ အချည်းနှီးသာဖြစ်ပေမည်။

အခြေအနေတည်းဟူသော ဘောလုံးသည် မိမိဆီသို့ ရောက်မလာသေးဘဲ ဆန္ဒစော၍ မရသည့်သဘောဖြစ်သည်။ မိမိအသင်းသည် ခံစစ်နှင့် ကစားနေရသော အချိန်မျိုးတွင် ပို၍ ဆိုးပေသည်။ ထိုအခါမျိုးတွင် ထိုသို့ ရှေ့ကနေပြီး အဆင်သင့် ပေးပို့မည့် ဘောလုံးကို စောင့်မနေဘဲ မိမိအသင်းသားများနည်းတူ ကိုယ်တိုင်ကိုယ်ကျ အလယ်တန်း သို့မဟုတ် နောက်တန်းသို့ ဆင်း၍ ဘောလုံးကို ရအောင်ယူနိုင်မှသာ ဂိုးသွင်းခွင့်ရမည် ဖြစ်ပေသည်။ ထိုသို့ လူကျွံဘော မကြာခဏ မိတတ်သော ဘောလုံးသမားများကို နားမလည်သူများက တော်သည်၊ ကြိုးစားသည်ဟု ထင်ကြမည်ဖြစ်သော်လည်း နားလည်သည့်သူများကမူ ရေသာခိုသည့်စိတ်နှင့် အချောင်ထိုင်စောင့်နေသည် (ဘောသူခိုး) ဟု မြင်တတ်သည်ကို သတိထားမိပေသည်။

*****

ယခုအခါ စာမျက်နှာများပေါ်တွင် မြန်မာ့လူ့အဖွဲ့အစည်း ပိုမိုဖွံ့ဖြိုးတိုးတက်စေချင်သည့် ဆန္ဒများနှင့် အားထုတ် ရေးသားနေကြသော အသိပညာပေးဆောင်းပါးများကို ၀မ်းမြောက်ဖွယ် တွေ့မြင်ဖတ်ရှုနေရပေသည်။ တချို့ဆောင်းပါးများသည် လက်ရှိ အခြေအနေ အချိန်အခါနှင့် ကိုက်ညီသော အသိပညာဗဟုသုတများဖြစ်၍ အကောင်အထည်ဖော်၍ ရသော်လည်း တချို့ဆောင်းပါးရှင်များ ပေးသော အဆင့်မြင့်အသိပညာများမှာမူကား အခြေအနေ အချိန်အခါနှင့် ကိုက်ညီမှုမရှိသေးသဖြင့် အကောင်အထည်ဖော်၍ မရသေးဘဲ အချည်းနှီး ဖြစ်နေကြသည်ကို တွေ့ရပေသည်။

ထိုသို့ စေတနာကောင်းသော်လည်း ဆန္ဒစော၍ လူကျွံဘောမိသလို ဖြစ်နေသည့် ဆောင်းပါးရှင်များအနေနှင့် မိမိတို့ ပေးချင်သည့် အဆင့်မြင့်အသိပညာများကို အကောင်အထည်ဖော်ခွင့်ရရန်အတွက် အခြေအနေ တည်းဟူသော ဘောလုံးကြီး လက်ဝယ်သို့ ရောက်ရှိသော အချိန်အခါမျိုး ဖြစ်ပေါ်လာအောင် အလယ်တန်း သို့မဟုတ် နောက်တန်းသို့လည်း ဘောလုံး ဆင်း၍ ယူကြစေလိုကြောင်း အကြံပြုရသော် မိကျောင်းမင်း ရေခင်းပြသည်ဟုတော့ မထင်မှတ်ကြစေခလို …။ ။


(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ မေလ၊ ၂၀၀၀ ခုနှစ်) ဒေါက်တာလွဏ်းဆွေ

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။