/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, March 21, 2013

.

ဟာသမင်းသားကြီးဘဲလုပ်ပါတော့ ဦးစိုးသိန်းရယ်

ကိုနစ်နေမန်းရဲ့ Blog မှာတင်ထားတဲ့ အူဝဲစကားနှင့် ၀န်ကြီးစကား နှိုင်းယှဉ် စဉ်းစားခြင်းဆိုတဲ့ Post ကို ဖတ်လိုက် ရတော့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း ရဲ့ မြန် မာနိုင်ငံစီး ပွားရေးလော က ကြီးမှာ ပုံစံအမျိုးမျိုးနဲ့ ကွက်ကျော် ရိုက် ပြောခြင်ရာပြော၊ လုပ်ချင်ရာ လုပ်ခဲ့ တာတွေကို သိရှိရပါတယ်။ ကျွန်တော့် အနေနဲ့ ဦးစိုးသိန်းရဲ့ တပ် ထဲကအကြောင်းတွေကို သိပ်မ သိပေမဲ့ မြန် မာနိုင်ငံ အပေါ် စေတနာ ဗလဖွနဲ့ ဆောင်ရွက်နေတာတွေ ကျွန်တော်သိသလောက် ထပ်မံဖြည့် စွက်၍ ဂုဏ်ပြုအားပေးလိုပါတယ်။

ဦးစိုးသိန်းဟာ အဆင့်နှင့်မလျှော်ညီစွာ လေလုံးထွားပုံများကတော့ ရွှေတောင်ကုမ္ပဏီနဲ့ပင်းပြီး ရယူ ထားတဲ့ လှည်းတန်းခုံးကျော်တံတားကို လေးလနဲ့အပြီးတည်ဆောက်မယ်လို့ ပြောခဲ့တာကတော့ အံ့သြစရာ ပါပဲဗျာ။ အင်ဂျင်နီယာတစ်ဦးတောင်မှ အာမခံမပြောနိုင်တဲ့ကိစ္စကို မသိနားမလည်စွာနဲ့ ဗိုလ်ချုပ်ကြီးဟောင်း တစ်ယောက်ဖြစ်ပြီး ရွှေတောင်အိုက်ထွန်းက မြှောက်ပင့်ပေးတဲ့အတိုင်း ပြောခဲ့ပါတယ်။ ခုတော့ မပြီးနိုင် မစီးနိုင်ဖြစ်နေတဲ့ ဂုံးကျော်တံတားကြီးကြောင့် Traffic Jamp ဖြစ်နေရတဲ့ ပြည်သူတွေရဲ့ မြို့မေတ္တာ ခံယူလို့ ကောင်းနေတုန်းပါဘဲ။ လှည်းတန်းခုံးကျော်နဲ့ပတ်သက်ပြီး ဘာတွေများ ဘယ်လောက်တောင် ရထားလို့ အာမခံရဲရဲကြီးပေးနေတယ်ဆိုတာ ပြည်သူအများစဉ်းစားကြည့် ကြပါတော့ဗျာ။

ယခင်အစိုးရလက်ထက်က ပြည်သူတွေအကျိုးမဲ့စေလို့ ခွင့်မပြုခဲ့တဲ့ ဘီယာ၊ အရက်တွေကို ရင်းနှီး မြှုပ်နှံ မှုကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းဟာ ဘီယာစက်ရုံသစ် တစ်ရုံပဲ တရားဝင်ခွင့်ပြုပေးခဲ့ကြောင်း ပြောခဲ့ပေမဲ့ တကယ်တမ်းကျတော့ ဘီယာစက်ရုံ ၆ ရုံအထိ ရင်းနှီးမြှုပ်နှံခွင့် ချထားပေးခဲ့တာကို ဂျာနယ်တွေ က ဖော်ပြပေးခဲ့လို့ တိုင်းသိပြည်သိပါပဲ။ ဘီယာစက်ရုံအပြင် အရက်စက်ရုံသစ်တစ်ရုံနဲ့ စီးကရက် စက်ရုံသစ် နှစ်ရုံကိုလည်း ခွင့်ပြုထားပါသေးတယ်။ ဒီအတိုင်းသာဆိုရင် မြန်မာနိုင်ငံမှာ ရေဆာရင် ဘီယာသောက်ဆိုတာ တကယ်ဖြစ်လာတော့မှာပါ။ မြန်မာရိုးရာ ပွဲလမ်းသဘင်တွေဟာလည်း အရက်၊ ဘီယာ၊ စီးကရက်များနဲ့ ခေတ်မီလာတော့မှာပါ။ သူ့ရဲ့သားသမီးတွေကိုတော့ နိုင်ငံခြားမှာ ထား ပြီး မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်လူရွယ် တွေကိုခေတ်မီစွာ မူးယစ်သောက်စား တတ်စေ ဖို့ နောက် ဆက်တွဲ ပြဿနာတွေဖြစ်တဲ့ ရိုက်မှု၊ နှက်မှု၊ မုဒိမ်းမှုစတဲ့ ဒုစရိုက်မှုတွေ တလှေကြီး ရစေဖို့ စေတနာ ထား လုပ်ဆောင်ပေးနေတာလား ကိုရွှေဝန်ကြီးရယ်။

ရင်းနှီးမြှုပ်နှံမှုအတွက် ရုံးလုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာ တစ်နာရီနဲ့ပြီးအောင်လုပ်ပေး ပါမယ်လို့ အာမခံပြောကြားခဲ့ပြီး တကယ်တမ်းသွားလုပ်တော့ တစ်နေကုန်တာတောင်မပြီးခဲ့ပါဘူး။ စောင့်ရတဲ့သူသာ စိတ်ညစ်ညူးပြီး ဆံဖြူသွားကျိုး ဖြစ်ပါတော့မယ်။ ဘာပဲပြောပြော အိန္ဒြာကျော်ဇင်ရဲ့ သုံးမိနစ် ဘဲ စောင့်ဆိုတဲ့ ကြေငြာလေးကိုဘဲ သတိရမိပါတယ်။ အဲဒီလိုပြောလို့ သတ်မှတ်တဲ့အချိန်မှာ မပြီးနိုင်ဘူးလို့ မထင်လိုက်ပါနဲ့ဗျာ။ သူနဲ့အဆင်ပြေတဲ့ ကုမ္ပဏီများ၊ ပေးနိုင်ကမ်းနိုင်တဲ့သူများကျတော့ တစ်နာရီတောင် မကြာပါဘူး ရှောရှောရှူရှူနဲ့ အဆင်ပြေသွားပါတော့တယ်။ ပေးမှ၊ ကမ်းမှ ကတိတည်အောင်လုပ်တတ်တဲ့ ၀န်ကြီးကိုလည်း လေးစားပါ တယ်ဗျာ။

သူကြီးဘဲ အစွမ်းထက်တယ်လို့မထင်လိုက်ပါနဲ့ဗျာ။ သူ့ရဲ့သားတော်မောင်ကလည်း နိုင်ငံခြားမှာ ပြုလုပ်တဲ့ ဆက်သွယ်ရေးလုပ်ငန်း အစည်းအဝေးတစ်ခုကိုသွားတက်ခဲ့ပြီး သူဟာ ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း ရဲ့သား ဖြစ်တဲ့အကြောင်း၊ သူ့ရဲ့ဖခင်ဟာ ပြည်ထောင်စုဝန်ကြီး အဆင့်သာဖြစ်ပေမဲ့ ဒုတိယ သမ္မတထက် လုပ်ပိုင်ခွင့် ပိုရှိတဲ့အကြောင်း၊ မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးနဲ့ ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံမှု အားလုံးကို ရရှိဘို့ သူ့အနေနဲ့ဆောင်ရွက်ပေးနိုင်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ အဖေနဲ့သား စည်းဝါးကိုက်ပြီး အဖေ ကပြည်တွင်း၊ သားကပြည်ပ ချိတ်ဆက်ပြီးတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို လက်ဝါးကြီးအုပ် ရိုက်စားလုပ်ဖို့ ကြိုးစားနေတာကို စီးပွားရေးလောကမှာ တော်တော် များများလည်း သိနေကြပါတယ်။ သားအဖတွေပေါင်းပြီး မြန်မာပြည်ကြီးကို ရောင်းစားတော့မှာလားဗျာ။

အေးပေါ့လေ ..သူတို့က မြန်မာပြည်သားစစ်စစ်လို့ ပြောရမှာလဲ တော်တော်ခက်ပါတယ်။မြန်မာနိုင်ငံကို တိုးတက်အောင် အာနဲ့လုပ်ပေးနေတဲ့ ၀န်ကြီးဦးစိုးသိန်းဟာ သူ့ရဲ့သား/သမီး တွေကြတော့ နိုင်ငံခြားမှာ အခြေချနေခိုင်းထားပါတယ်။ သားဖြစ်သူ အေးချမ်းဆိုသူဟာ စင်္ကာပူမှာ နိုင်ငံသားခံယူပြီး မလေးရှားနိုင်ငံဖွား တရုတ်မတစ်ဦးနဲ့ အေးချမ်းစွာ အိမ်ထောင်ပြုထားပါတယ်။ သမီးအကြီးဖြစ်သူ သီတာအေးက အမေရိကန်မှာ အေးအေးဆေးဆေးနေထိုင်ကာ ပြင်သစ်နိုင်ငံသားနဲ့ အိမ်ထောင်ပြုထားပြီး သမီးအငယ် ရည်မွန်အေးက အင်္ဂလန်မှာ အင်္ဂလိပ်တစ်ဦးနှင့် အိမ်ထောင်ကျကာ နေထိုင်လျက်ရှိကြောင်း သိရပါတယ်။ မိသားစုများ တကွဲတပြားနဲ့ သနားစရာကောင်းလှပါတယ်။ ဦးစိုးသိန်းရဲ့ ဇနီး ဒေါ်အေးအေးကြင်ကလည်း ပြည်တွင်းပေါက် တိုင်းရင်းသူတရုတ်မကြီးဖြစ်ပြီး လင်တော်မောင်ရဲ့ စီးပွားရေးလုပ်ငန်းများကို မအူမလည်နဲ့ ကျွမ်းကျင်စွာ ထိန်းသိမ်းလျက်ရှိကြောင်း သိရှိရ ပါတယ်။ သြော်...သားသမီးတွေကို ကမ္ဘာအနှံ့ဖြန့်ထားပြီး တစ်ကမ္ဘာလုံးကို ချုပ်ကိုင်ဖို့ ကြိုးစား နေသလားဆိုတာကို စဉ်းစားစရာပါဘဲနော်။

ဒီလိုမျိုးရိုးစဉ်ဆက်ရှိတဲ့ အစိုးရအဖွဲ့ဝင် ၀န်ကြီးတစ်ဦးက ကိုယ့်နိုင်ငံနဲ့အမျိုးကိုမကြည့်ဘဲ ထင်ရာ လျောက်လုပ်နေတာကတော့ မထူးဆန်းတော့ပါဘူး။ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ ဟာ သားမက်ဖြစ်သူက သြဇီနိုင်ငံသားခံယူထားလို့ ဒုတိယသမ္မတမဖြစ်ခဲ့ကြောင်း ကြားဘူး ခဲ့ပါတယ်။ ခင်ဗျား ကြီးကတော့ အလွန်ကံကောင်းလို့ ရိုးရိုးဝန်ကြီးကနေ နှစ်သီးစား၊ သုံးသီးစား ၀န်ကြီးဖြစ်လိုက်၊ လုပ်ပိုင်ခွင့်အရှိဆုံး ၀န်ကြီးဖြစ်လိုက်နဲ့ သမ္မတကြီးကို ဘယ်လို ဆီမန်း ဆန်မန်းတွေနဲ့ ဖုံးဖိထားသလဲ ဆိုတာမသိလို့ လေးစားလောက်ပါတယ်ဗျာ။ သူလိုဝန်ကြီးမျိုးတွေ ထပ်မပေါ်လာအောင် ကာကွယ်နိုင်ဖို့ အခြေခံဥပဒေ ကိုတောင် ပြင်ဆင်ရမလိုဖြစ်နေပြီဗျာ။ လွှတ်တော်အမတ်မင်းတို့ရေ ကူညီပေးကြပါအုံး။

ဟိုတလောက မီဒီယာမေးမြန်းမှုတစ်ခုမှာလဲ GSM/WCDMA ဆင်းကဒ်များနဲ့ပတ်သက်လို့ ကျပ် ၂ သောင်းလောက်နဲ့ ရအောင်ဆောင်ရွက်ပေးမှာပါဆိုပြီး ခပ်တည်တည်နဲ့ဖြေကြားခဲ့ပါတယ်။ အခုကျတော့ မဟုတ်ပြန်ဘူး GSM/WCDMA ဆင်းကဒ်များကို ထောင်ဂဏာန်းလောက်နဲ့သာ ရောင်းချတော့မယ်လို့ သူကဘဲပြောနေပြန်ပါတယ်။ နောက်တစ်ခါဆိုရင်တော့ Red Link ကပြောသလို အလကားနဲ့ အိမ်တိုင် ရာရောက် လိုက်ပို့ပေးမယ်လို့ ပြောဦးမလားမသိတော့ပါဘူး။ ဒါဟာ ၀မ်းသာစရာဖြစ်ပေမယ့် ဆက်သွယ်ရေး ၀န်ကြီးက ပြောရမဲ့စကားကို သူ့အလုပ်မဟုတ်ဘဲ ပြောချင်သလို ပြောနေတာတော့ မဖြစ်သင့်သလို နိုင်ငံတော် အစိုးရရဲ့ အတွင်းရေးကိစ္စရပ်တွေကို သူတစ်ဦးတည်းဘဲ အားလုံးသိနေ သယောင် ပြောဆိုနေတာတွေ များနေပါပြီဗျာ။ ဒါတွေကို သမ္မတကြီးရောသိရဲ့၊ ကြားရဲ့လားဆိုတာ စဉ်းစားစရာပါဘဲ။ ခင်ဗျားကပဲ သမ္မတကြီးထက်၊ ဒုတိယသမ္မတတွေထက် ပိုပြီးသိနေတာလား ဗျာ။ ပေါ်ပြူလာဖြစ်ချင်လို့ ငါ့စကားနွားရ ပြောနေတာကတော့ မကောင်းပါဘူးဗျာ။ ကြာရင်တော့ ခင်ဗျားကြောင့် သမ္မတကြီးပါ ဒုက္ခများတော့ မယ်နဲ့တူတယ်။ ကျွန်တော့်အမြင်မှာတော့ ခင်ဗျားကြီးပြော ဆိုနေပုံက အငြိမ့်ဇာတ်ခုံပေါ်မှာ လူရွှင်တော်တွေ ပြက်လုံးထုတ်သလို လောကကြီးမှာ နှစ်မျိုးဘဲရှိတယ်။ အဲဒါကတော့ အခုတစ်မျိုး၊ တော်ကြာတစ်မျိုးဆိုတဲ့ စကားလို ဖြစ်နေပြီလား ၀န်ကြီးရယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်ကိုကျင့်သုံးပြီး စိန်ခေါ်မှုမျိုးစုံနဲ့ ရင်ဆိုင်ဆောင်ရွက် နေရတဲ့ အချိန်မှာ မှန်မှန်ကန်ကန်၊ သစ္စာရှိရှိ တိုင်းပြည်နဲ့လူမျိုးအကျိုးကို ရှေ့ရှုဆောင်ရွက်တာကိုဘဲ မြင်ချင် ပါတယ်ဗျာ။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်လာတဲ့အခါ ပြည်ပကိုအားကိုးပြီး ပြည်ပနိုင်ငံက လုပ်ငန်း ရှင် များသာ အားကိုးနေမဲ့အစား ပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားလုပ်ငန်းရှင်များကို မြေတောင် မြှောက်ပေး ဖို့နဲ့ သူတို့တွေရဲ့အသံကိုလည်း နားထောင်ပေးပါဦး။ မြန်မာပြည်သား ပီသတယ်ဆိုရင် ကျွန်တော်တို့ တိုင်းရင်းသား တွေကိုလည်း ငဲ့ကြည့်ပါဦးဗျာ။ ကတိသစ္စာတည်သောအခါဝယ် နွယ်မြက်သစ်ပင် ဆေးဘက် ၀င်၏ လို့ ငယ်ငယ် က မှတ်သားဘူးပါတယ်။ ခုတော့ ခင်ဗျားကြီးရဲ့ ချမ်းသာ ချင်တဲ့စိတ်နဲ့ လုပ်ချင်ရာလုပ်၊ ထင်ပေါ်ချင်တဲ့စိတ်နဲ့ ပြောချင်ရာပြောနေတာတွေဟာ ခေတ်စနစ်နဲ့ မလျော်ညီတော့ ပါဘူး။ ပေါ်ပြူလာဖြစ် ချင်ရင် နံမည်ကြီးချင်ရင် တော့ မကြာခင်ကမှသေသွားတဲ့ သရုပ်ဆောင် အကယ်ဒမီ ဦးမော့စ်လို ဟာသမင်းသားကြီးဘဲ လုပ်ပါတော့ဗျာ။ အဲဒါဆိုရင်တော့ အပြောအဟော အက်ရှင်ကောင်းလွန်းလို့ ထပ်ဆင့်အကယ်ဒမီပါ ချီးမြှင့်ခံရမှာ သေချာ ပါတယ်။ ကျွန်တော်တို့လည်း လက်ခုပ်သြဘာသံတွေနဲ့အတူ အားပေးချီးမြှောက်ဂုဏ်ပြုနေမှာပါလို့ တင်ပြလိုက် ပါရစေ။

တိုင်းပြည်ကောင်းစားစေချင်သူတစ်ဦး

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။