/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, March 21, 2013

.

မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍(ယနေ့ညနေ 4း 20ထိ)

မတ်လ ၂၁ ရက် မွန်းတည့် ၁၂ နာရီ ၅၀ မိနစ်

မိတ္ထီလာ ပဋိပက္ခဖြစ်စဉ်တွင် မတ်လ ၂၁ ရက် မွန်းတည့် ၁၂ နာရီအချိန်အထိ သေဆုံးသူ ၅ ဦးနှင့် ဒဏ်ရာရသူ ၂၂ ဦး ရှိနေပြီဖြစ်ကြောင်း သိရ

မိတ္ထီလာ ပဋိပက္ခဖြစ်စဉ်တွင် မတ်လ ၂၁ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်အထိ သေဆုံးသူ ၅ ဦးနှင့် ဒဏ်ရာရသူ ၂၂ ဦး ရှိနေပြီဖြစ်ကြောင်း မိတ္ထီလာ ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြော ကြားခဲ့သည်။

အဆိုပါ တာဝန်ရှိသူက ''ကျွန်တော်တို့ဆေးရုံကို ဒီနေ့မွန်းတည့် ၁၂ နာရီအထိ ရောက်ရှိလာတဲ့သူ ၂၇ ဦး ရှိပါတယ်။ အဲဒီထဲက နှစ်ဦးက သေဆုံးခဲ့ပါတယ်။ သေဆုံးပြီး ရောက်လာသူ သုံးဦးရှိပါတယ်။ ငါးဦးက ပြင်ပလူနာအဖြစ် ဆေးကုသမှုခံယူနေပြီး ဆေးရုံတက်ရောက် ကုသနေတာက ၁၇ ဦး ရှိပါတယ်။ အများစုကတော့ ဦးခေါင်းကို တုတ်နဲ့အရိုက်ခံရထားတဲ့ ဒဏ်ရာတွေ ဖြစ်ပါတယ်။ ဆေးရုံကို ရောက်လာသူ အားလုံးကို ဆေးကုသမှု ဆောင်ရွက်ပေးနေပါတယ်'' ဟု ပြောကြားခဲ့သည်။

ပဋိပက္ခဖြစ်စဉ်အတွင်း ဒဏ်ရာရ သေဆုံးသူများအား ဆေးရုံသို့ သယ်ဆောင်မှုနှင့် ပတ်သက်ပြီး မိတ္ထီလာ ပြည်သူ့ဆေးရုံမှ လူနာတင်ယာဉ်တစ်စီး ကြက်ခြေနီအဖွဲ့မှ လူနာတင်ယာဉ် တစ်စီးနှင့် မိတ္ထီလာ မြို့ လူမှုကူညီရေးအသင်းမှ မော်တော်ယာဉ်နှစ်စီးတို့ဖြင့် အကူအညီပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိတ္တီလာမြို့ ပဋိပက္ခဖြစ်စဉ်၏ လက်ရှိအခြေအနေများနှင့် ပတ်သက်ပြီး မိတ္ထီလာ အမှတ် (၂) ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ''မီးလောင်တဲ့ဖြစ်စဉ်တွေက အရင်ကလောက် မရှိတော့ပါဘူး။ ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ အခြေအနေတွေ တည်ငြိမ်အောင် ထိန်းသိမ်းဆောင်ရွက်နေပါတယ်'' ဟု ပြောကြားခဲ့ပါသည်။
==============================================
မတ်လ ၂၁ ရက် မွန်းလွဲ ၁ နာရီ ၅ မိနစ်


ယမန်နေ့က ဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်ပြီး မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ စုံစမ်း စစ်ဆေးရေး ကော်မရှင် တစ်ရပ်ကို ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက မတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ပြောကြားခဲ့ပါသည်။

လက်ရှိ အချိန်တွင် မိထ္ထီလာမြို့ရှိ ကားကြီးဝင်း အရှေ့ဘက်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပေါ်နေပြီး လူစု လူဝေး မငြိမ်သက်မှုများနှင့် မီးလောင်းကျွမ်းမှုများ ဆက်လက် ဖြစ်ပေါ်နေကြောင်း သိရပါသည်။
==============================================
မတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်

မိတ္ထီလာမြို့တွင် လူစုလူဝေးနှင့် ဆူပူမှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရပြီး ယနေ့ မွန်းလွဲပိုင်းတွင် ဆူပူသူများက ရန်မျိုးအောင်ရပ်ကွက် တော်ဝင်နန်းအနီရှိ နေအိမ်တစ်လုံးအား လည်းကောင်း၊ ကားကြီးကွင်းအနီးမှနေအိမ်တစ်လုံးကိုလည်းကောင်း မီးရှိုဖျက်ဆီးခဲ့ပြီး၊ အောင်ဆန်း မြို့သစ် မှ ကျော်  ဓာတ်ဆီ ဆိုင် ကိုလည်း ဖျက်ဆီးခဲ့သည်ဟု သိရသည်။

လက်ရှိအချိန်တွင် နေပြည်တော်လုံခြုံရေးတပ်မှ ရဲတပ်သားအင်အား ၁၅၀ ကျော်၊ ရမည်းသင်းခရိုင်မှ ဒုရဲမှူးသောင်းကြည်ဦးဆောင်သော ရဲတပ်ဖွဲအင်အား ၅၀ ခန့်တို့သည် နယ်မြေခံရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး လုံခြုံရေးတာဝန်များဆောင်ရွက်နေကြောင်း သိရသည်။

ယခုဖြစ်ပေါ်ခဲ့သော ဆူပူမှုများကြောင့် ဥူးသောဘိတ(၄၆)နှစ် တုံကုန်းရွာ ၀မ်းတွင်း၊ သန်းနိုင်မြင့်(၂၀) နှစ် သီရိမင်္ဂလာရပ်ကွက်၊ ဦးမောင်အေး(၅၆)နှစ် ပြည်သာယာရပ်ကွက်နှင့် အမည်မသိ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့နံနက်အစောပိုင်းက ရန်မျိုးအောင်ရပ်ကွက်နှင့် လုပ်သားရပ်ကွက်အတွင်း ဖြစ်ပွားခဲ့သော ဆူပူမှု များကြောင့် သေဆုံးမှု ရှိနိုင်ကြောင်းသိရပြီး ရဲတပ်ဖွဲ့မှ ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။

လက်ရှိအချိန်တွင် မိတ္ထီလာစည်ပင်သာယာဈေးကြီး ပိတ်ထားသလို အိမ်ဆိုင်အများစုလည်း ပိတ်ထား ကြသည်ဟု သိရသည်။

မြို့ပေါ်တွင် နေထိုင်သူအများစုသည် နီးစပ်ရာသို့ ရွှေ့ပြောင်းနေမှုလည်း ရှိနေကြောင်း သတင်းရရှိပါသည်။
==============================================
မတ်လ ၂၁ ရက် မွန်းလွဲ ၃ နာရီ ၂၀ မိနစ်

မိထ္ထီလာမြို့တွင် ယနေ့ မွန်းလွဲ ၁ နာရီအချိန်က စတင် လောင်ကျွမ်းခဲ့သည့် ကားကြီးဝင်း အရှေ့ဘက် မီးလောင် ကျွမ်းမှုသည် အခြားနေရာများသို့ ကူးစက် လောင်ကျွမ်းလျက် ရှိနေပြီး သီရိမင်္ဂလာရပ်ကွက်ရှိ AGD ဘဏ်အနီးသို့ ကူးစက်လောင် ကျွမ်းနေကြောင်း သိရသည်။ မီးလောင် ကျွမ်းမှုကို ငြိမ်းသတ်နိုင်ရန်အတွက် မီးသတ်ယာဉ် အလုံအလောက် မရှိခြင်း၊ ရှိနေသော မီးသတ်ယာဉ် များမှာလည်း မီးလောင်ကျွမ်းရာ နေရာသို့ သွားနိုင်ရန်အတွက် လုံခြုံရေး အလုံအလောက် မရှိခြင်း တို့ကြောင့် မီးလောင်ကျွမ်းမှုကို ငြိမ်းသတ်မရ ဖြစ်နေကြောင်း သိရသည်။
==============================================
မတ်လ ၂၁ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်

မိတ္ထီလာတွင် ဖြစ်ပွားနေသော ပဋိပက္ခများကို ဖြေရှင်းရန် ကြားဝင်ညှိနှိုင်းပေးနိုင်ရန်အတွက်ဟု ဆိုကာ မတ်လ ၂၀ ရက်နေ့က ရန်ကုန်မြို့မှ ထွက်ခွာသွားခဲ့သော ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့သည် မတ်လ ၂၁ရက်နေ့ နံနက် ၁၁ နာရီခန့်က ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာလာခဲ့သည်။

၎င်းတို့ ကြုံတွေခဲ့ရသော အခြေအနေများနှင့် ပတ်သက်၍ "ကျွန်တော်တို့ ဒုက္ခသည် စခန်းတွေလည်း သွားတယ်။ ဆေးရုံတွေလည်း သွားတယ်။ ကျွန် တော်မြင်တာကတော့ တကယ့် ရိုးရိုးသားသား ပြည်သူတွေကတော့ မဖြစ်ချင်ကြဘူး။ လူတစ်စုက သွေးထိုးလှုံ့ဆော်နေတာ တွေ့ရတယ်။ သာမန်ပြည်သူတွေကတော့ အကြမ်းဖက်ဖို့ ရည်ရွယ်ချက်မရှိဘူး။

ဆေးရုံမှာတော့ ပစ်ခတ် နှိမ်နင်းထားလို့ ခြေထောက်၊ ပေါင်တွေမှာ ဒဏ်ရာရထားသူတစ်ချို့တွေ့ရတယ်။ သူတို့ကိုလည်း အားပေးခဲ့တယ်။ ပြီးတော့ ကျူးကျော် မတိုက်ခိုက်ကြဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ် တာလောက်ပဲ လုပ်ကြဖို့ တိုက်တွန်းခဲ့တယ်။ အခုကိစ္စမှာ လူတစ်စုက လိုသလိုဆွဲပြီး ဖန်တီးနေတဲ့ ပယော ဂတွေရှိနေတယ်။ အဲဒါကို သတိကြီးကြီး၊ ဥာဏ်အမြော်အမြင်ကြီးကြီးနဲ့ ထိန်းသိမ်းကြပါ လို့ပဲ မေတ္တာရပ်ခံချင်တယ်။ မနက်ကတော့ အကြမ်းဖက်တဲ့ နေရာတွေမှာ လုံခြုံရေးဝန်ကြီးကိုယ်တိုင် ၀င်ရောက်ဖြေရှင်းပေးလို့ နည်းနည်းငြိမ်သက်သွားတယ်။ တခြားမြို့ကြီးတွေမှာလည်း မသင်္ကာမှုတွေနဲ့ သံသယတွေ ရှိနေကြတယ်။ ရန်ကုန်က ဆက်သွယ်ရေးလမ်းကြောင်းတွေ ပိုပြီး အဆင်ပြေတယ်ထင်လို့ ကျွန်တော်တို့ ရန်ကုန်ကို ပြန်လာတာပါ" ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က မတ် ၂၁ ရက် မွန်းလွဲ ၃ နာရီကျော်ခန့်တွင် ပြောသည်။
==============================================
မတ်လ ၂၁ ရက် မွန်းလွဲ ၃ နာရီ ၄၇ မိနစ်

“မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် အိုးအိမ် ပျက်စီးမှုများအတွက် မိမိတို့ များစွာစိုးရိမ်ပူပန်မိပါသည်။ အကြမ်းဖက်တိုက်ခိုက်ခြင်းကြောင့် အသက် အိုးအိမ် စည်းစိမ် ဆုံးရှုံးသွားသူများ၏ မိသားစုများအတွက် ကျွန်တော်တို့များစွာ ဝမ်းနည်းစာနာမိပါသည်။ သံရုံးအနေဖြင့် ဖြစ်ရပ်များကို မျက်ခြေမပျက် စောင့်ကြည့်လျက်ရှိပါသည်” ဟု မြန်မာနိုင်ငံဆိုင်ရာ အမေ ရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်က ယနေ့ (မတ်လ ၂၁ ရက်)နေ့တွင် ကြေညာချက် ထုတ်ပြန်၍ ပြောကြားခဲ့သည်။
==============================================
မတ်လ ၂၁ ရက်နေ့ ညနေ ၄ နာရီ ၅ မိနစ်

၂၀၁၃ ခုနှစ် မတ်လ ၂၀ ရက် နေ့က မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်း ဖက်ဖြစ်စဉ်များနှင့် ပတ်သက်၍ အဖြစ်မှန် ဖော်ထုတ်နိုင်ရန်အတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို မတ်လ ၂၀ ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကော်မတီတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး အောင်ကျာ်မိုးက ဥက္ကဌအဖြစ် လည်းကောင်း၊ မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှုး ဦးတင်မောင်စိုးက အတွင်းရေးမှုးအဖြစ် လည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်အေး၊ မန္တလေးတိုင်းဒေသကြီး ဒုတိယတိုင်းရဲတပ်ဖွဲ့မှုး ဒုရဲမှုးကြီးထွန်းနိုင်၊ မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှုး ဒုရဲမှုးကြီး မောင်မောင်မြင့်တို့က အဖွဲ့ဝင်အဖြစ်လည်းကောင်း အသီးသီး ပါဝင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

အဆိုပါ စုံစမ်းစစ်ဆေးရေး အဖွဲ့သည် ဖြစ်စဉ်အမှန် အသေးစိတ်အား စုံစမ်းစစ်ဆေး၍ တစ်ပတ် အတွင်း ပြန်လည်တင်ပြရမည်ဖြစ်ကြောင်း သိရှိရသည်။
==============================================
မတ်လ ၂၁ ရက်နေ့ ညနေ ၄ နာရီ ၂၃ မိနစ်

"ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးပြီ ဖြစ်တဲ့အတွက် ရဲက အရေးပိုင်ပြီ။ ရဲက အရေးပိုင်ပြီဖြစ်တဲ့အတွက် တရား ဥပဒေစိုးမိုးရေးရှိဖို့ ထိထိရောက်ရောက်နဲ့ ပုဒ်မ ၁၄၄ ကို အသက်သွင်းဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုင်းဒေသကြီး ၀န်ကြီးချုပ်ကို ပြောခိုင်းတယ်။ အဲဒါကိုလည်း ကျွန်တော် ပြောပြီးပြီ။ တိုင်းဒေသကြီး ၀န်ကြီးချုပ်ကလည်း လုပ်ပေးပါမယ်လို့ ပြောတယ်။ လောလောဆယ်တော့ အခြေအနေက မတည်ငြိမ်သေး ဘူး။ တစ်ခုခုဖြစ်မှာကို ပြည်သူတွေက ကြောက်နေကြတယ်" ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က မတ် ၂၁ ရက် ညနေ ၄ နာရီခန့်က ပြောသည်။

1 comment:

  1. တံခိုးတော် ရွှေတိဂုံစေတီ လင်းတများ နားတယ်လို့
    ဆိုကတည်းက စိတ်မအေးနိုင်ကြတာ ခုတော့လက်တွေ့
    ပါလား ။

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။