/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, March 21, 2013

.

ဗိုလ်ချုပ်လွန်းမောင် ထမင်း၊ ဟင်းနဲ့ မုန့်ဟင်းခါးရောင်းနေပြီ

သမ္မတကြီးကတော်က အငြိမ်းစားယူရင် မုန့်ဟင်းခါး ရာင်းမယ်လို့ပြောတဲ့ သတင်းကိုကြားလိုက်ရ တုန်းက over ဖြစ်တယ်လို့ထင်လိုက်မိတယ်၊ဒါပေမဲ့ သမ္မတကြီးလိုဘဲ "ကင်း" တဲ့လူကြီးတစ်ယောက် မုန့်ဟင်းခါးနဲ့ထမင်း၊ဟင်းရောင်းနေတာကို ကိုယ်တိုင်တွေ့မြင်လိုက်ရတော့......................။

တစ်နေ့က သထုံဘက်ကိုခရီးထွက်ရင်း ဘီးလင်း က အောင်ပြည့်စုံ ဆိုတဲ့ ထမင်းဆိုင်မှာနေ့လည်စာ ၀င်စားဖြစ်တယ်။ ကျွန်တော်တို့အေ၇ာက်မှာ ခရီးသည်တင်ကားကြီး ၂စီးကအထွက်ပါ။ဆိုင်ထဲမှာ ခရီးသည်တွေစားသွားတဲ့ပန်းကန်တွေကိုသိမ်းခိုင်းပြီး စားပွဲတွေကို ကိုယ်တိုင်သုတ်သင်ရှင်းလင်းနေတဲ့၊ မြင်ဘူးတဲ့လူကြီးတစ်ယောက်ကိုတွေ့လိုက်ရတယ်။

ဆိုင်ကမြန်မာထမင်း၊ ဟင်းေ၇ာင်းပြီး မုန့်ဟင်းခါးလည်းတစ်နေကုန်ေ၇ာင်းပါတယ်။ကျွန်တော်တို့လည်း ထမင်း ဟင်းတွေမှာပြီး ဆိုင်အလုပ်သမားကိုသေချာအောင်မေးကြည့် လိုက်တော့"ဟုတ်ပါတယ်၊ အဲဒါဆိုင်ရှင်ပါ၊အဘလွန်းပါ"ဖြေပါတယ်။ အဲဒီအချိန်မှာ ထမင်းဆိုင်ရှင်ကြီး အငြိမ်းစားပြည်ထောင်စု စာရင်းစစ်ချုပ်၊ ဗိုလ်ချုပ်လွန်းမောင်(ငြိမ်း)ကတော့စားပွဲတွေသန့်ရှင်ရေး လုပ်ပြီးလို့ ကောင်တာမှာ ပြန်ထိုင်နေပါပြီ။

ဗိုလ်ချုပ်လွန်းမောင် ဘယ်လိုလူဆိုတာကိုသူနဲ့အတူ သိကျွမ်း၊ဆက်ဆံ၊လုပ်ကိုင်ဘူးတဲ့စစ်ဖက်၊အရပ်ဖက်က လူတွေ အားလုံးသိကြမှာပါ။ရိုးသားဖြောင့် မတ်တဲ့သူတစ်ဦးပါ။ တပ်မတော်မှာစစ်ဆေးရေးချုပ်အထိ တာဝန်ထမ်းဆောင်ပြီးမှ အရပ်ဖက်မှာ စာရင်းစစ်ချုပ်တာဝန်ထမ်းဆောင်တာပါ။လွှတ်တော်ပေါ်တော့ ဇာတိဖြစ်တဲ့ ဗန်းမော်မဲဆန္ဒနယ်ကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး ပြည်ထောင်စု စာရင်းစစ်ချုပ်အဖြစ်ဆက်လက်တာဝန်ပေးခံရတာပါ။

ရာထူးကပြုတ်သွားရတဲ့အမှုကတော့္စကြီးကျယ်တယ်ဘဲပြောရမလား၊ဘယ်လိုပြောရမယ်မှန်းတောင်မသိပါဘူး၊သေချာတာ ကတော့အကျင့်စာရိတ္တပျက်ပြားပြီးတိုင်းပြည်ငွေကြေးဥစ္စာနစ်နာစေတဲ့အလွဲသုံးစားမှု၊ခိုးမှုမဟုတ်တာပါဘဲ။ ဗိုလ်ချုပ်လွန်းမောင် ဟာယခင်ကတည်းက ဒုတိယဗိုလ်ချုပ်မှုးကြီးမောင်အေး၊ ဗိုလ်ချုပ်ကြီးရွှေမန်း၊ ဒုတိယဗိုလ်ချုပ်ကြီးတင်အေးတို့နဲ့ဂေါက်ရိုက်ဖက်ပါ၊ဒု ချုပ်ကြီးအနားယူသွားတော့လည်း သူတို့အတူတူ ဆက်လက်ပြီးဂေါက်ရိုက်နေကျပါ။

တစ်နေ့မှာတော့ ဦးရွှေမန်းက အစိုးရ၀န်ကြီးဌာနတွေကိုစစ်ဆေးထားတဲ့ စာရင်းစစ်အစီရင်ခံစာ ကိုတောင်းလို့ ဦးလွန်းမောင်ကပုဂိုလ်ရေးယုံကြည်မှုအရရော၊ယခင် န့.ယ.က မှာနံပါတ်(၃)ဖြစ်ခဲ့တဲ့ အရှိန်ရယ်၊ လက်ရှိမှာလည်း အလေးထားလေးစားရတဲ့ပြည်သူ့လွှတ်တော်ဥက္ကဌကြီးဖြစ်နေလို့ရယ်ဆိုပြီး စာရင်းစစ်အစီရင်ခံစာကို"အလွတ်"ပေးလိုက်မိတယ်။

ဥပဒေအရကတော့ ပြည်ထောင်စုစာရင်းစစ်ချုပ်ဟာ မိမိရဲ့လုပ်ငန်းဆောင်ရွက်ချက်ကို နိုင်ငံတော်သမ္မတ ထံမှတဆင့်သာပြည်ထောင်စုလွှတ်တော်ကိုတရားဝင်တင်ပြရမှာပါ။

ဦးရွှေမန်းကဒီလိုနည်းနဲ့တောင်းယူ ရရှိလာတဲ့စာရင်းစစ်အစီရင်ခံစာကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကိုဖြန့်ဝေလိုက်တယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေကတဆင့် မီဒီယာတွေဆီရောက် သွားပြီး ဂျာနယ်တွေမှာလည်းဖေါ်ပြခံရတော့တာဘဲ။ အဲဒီမှာ သတ္ထုတွင်းဝန်ကြီးဌာနက Voice ဂျာနယ်ကို တရားစွဲတဲ့အမှုပေါ်ပေါက်လာတယ်။ လက်ပံတောင်းတောင်စီမံကိန်းကိုလူတွေ စိတ်ဝင်စားမှုပိုလာတာ ဟာလည်း ဒီအမှုကြောင့်တစ်ချက်ပါတာပေါ့။ ဒီကီစ္စတွေဖြစ်တော့ သမ္မတကြီးက ဦးလွန်းမောင်ကို အရေးယူ၊ဖြုတ်ဖို့စီစဉ်ခဲ့ပေမယ်. ရပ်ဆိုင်းသွားပါတယ်၊ စာရင်းစစ်ချုပ်ရုံးက ၀န်ထမ်းတွေလည်း ငိုကြတာပေါ့၊ ထင်ကြတာကတော့ အဲဒီတုန်းက ဒုတိယဗိုလ်ချုပ်မှုးကြီးမောင်အေးနဲ့ ဦးရွှေမန်းတို့က ကာ တယ်လို့။ ဒါပေမဲ့ နောက်တစ်ကြိမ်လွှတ်တော်ပြန်စတော့ စာရင်းစစ်ချုပ်အစီရင်ခံစာကို သမ္မတနဲ့ တစ်ပြိုင်တည်း လွှတ်တော်ကိုလည်းတင်ပြရမယ်လို့ စာရင်းစစ်ချုပ်ဥပဒေကိုပြင်ဆင်ဖို့ လုပ်ကြပြန်တော့ သမ္မတကြီးလည်း သည်းမခံနိုင်တော့ဘဲ၊ ယခင်ဆိုင်းငံ့ထားပေမဲ့၊ ပြသ၁နာစတင်ပေါ်ပေါက် လာစေတဲ့၊ တာဝန်ရှိတဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးလွန်းမောင်ကို အနားယူခိုင်းလိုက်တော့တာပါဘဲ။

ဒီအချိန်မှာတော့ ဒုတိယဗိုလ်ချုပ်မှုးကြီးမောင်အေးလည်း ကျန်းမာရေးကြောင့် ဂေါက်မရိုက်နိုင်တော့ဘဲ အိမ်မှာသူ့ကျန်းမာရေးကိုဘဲ ဂရုစိုက်နေရတဲ့အချိန် ဖြစ်သလို၊ ပြည်သူ့လွှတ်တော်ဥက္ကဌကြီးကလည်း ခုံရုံးကိစ္စတို့၊ စာရင်းစစ်ချုပ်အစီရင်ခံစာ သမ္မတနဲ့အတူတရားဝင်ရရှိရေးအလုပ်တွေရှုပ်နေချိန်ပေါ့။ ပြည်ထောင်စုစာရင်းစစ်ချုပ်ဆိုတဲ့ရာထူးဟာ သိကြတဲ့အတိုင်း လုပ်ပိုင်ခွင့်အများကြီး ရှိပါတယ်။ "၀ိုက်"မယ် ဆိုရင် အများကြီးပါ။

"စစ်တောင်း"ဆိုတဲ့စကားတောင်ရှိသေးတာဘဲ။ ဒါပေမဲ့ဦးလွန်းမောင်ကတော့ပြော လောက်အောင် ပိုင်ဆိုင်မှုမရှိပါဘူး၊ ဒီနေရာမှာတော့ သမ္မတကြီးနဲ့အတူတူပါဘဲ၊ ဒါကြောင့်မို့လည်း တခြား အငြိမ်းစား လူကြီးအချို့ကုမ္ပဏီကြီးတွေ၊ လုပ်ငန်းကြီးတွေမှာ ရှယ်ယာ/ပိုင်ဆိုင်မှုတွေနဲ့ နှပ် နေချိန်မှာ ဦးလွန်းမောင် ကတော့ ကိုယ်တိုင်ကောင်တာထိုင်၊ ကိုယ်တိုင်စားပွဲရှင်းနဲ့ လုပ်နေရတာပေါ့။ ပြီးတော့ တစ်ချို့ ဌာနဆိုင်ရာအရာရှိတွေကို "ညောင်မြစ်တူး၊ပုတ်သင်ဥပေါ်"မှာစိုးလို့ အရေးမယူရဲတဲ့အခြေအနေမှာ ပတ်သက်ရာ ပတ်သက်ကြောင်းတွေအပါအ၀င် ဌာန/တာဝန်ရှိသူအချို့ရဲ့ အားနည်းချက်၊ ချို့ယွင်းချက်တွေ ကိုအများကြီးသိရှိထားတဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရဲ့ပြန်မဖွလိုတဲ့၊ မလှန်လိုတဲ့ သဘောထားကြီးမြတ်မှု ကိုလည်းလေးစားမိပါတယ်။ ကျွန်တော့် စိတ်ထဲမှာ စွပ်ကျယ်ချိုင်းပြတ်ဝတ်ပြီး ထမင်းဆိုင်မှာလုပ်နေတဲ့ လူနဲ့ခေါင်းပေါင်းကြီးတွေ၊ တိုက်ပုံ ကြီးတွေဝတ်ပြီး မိန့်မိန့်ကြီးထိုင်နေတဲ့လူတွေ ကိုနှိုင်းယှဉ်ပြီး "ပန်ကာအောက်မှာထိုင်နေတဲ့သူခိုး"အကြောင်းစပ်ဆိုထားတဲ့ကဗျာကိုသတိရနေတုန်းမှာဘဲ၊ ဘုရားဖူး ကား၂စီး ၀င်လာလို့" ကားတွေဝင်လာပြီဟေ့၊ ခရီးသည်တွေ ဘာသုံးဆောင်မလဲမေးကြ" ဆိုတဲ့ အောင်ပြည့်စုံ ထမင်းဆိုင်ရှင်ကြီးရဲ့ အလုပ်သမားတွေကို တပ်လှန့်သံကြောင့် ကျွန်တော့် အတွေးများ ရပ်တန့်သွားပါတော့တယ်။

ကျွန်တော်ရယ်၊ဇနီးသည်ရယ်၊ အတူပါလာတဲ့အဖွဲ့တွေက သူ့အကြောင်းတော်တော်များများ ကြားသိထား တာမို့လို့ စိတ်မကောင်း၊လေးစားစွာနဲ့ဘဲ ထမင်းဆိုင်ရှင်ကြီးကို နှုတ်ဆက်ပြီး ထွက်ခွာလာခဲ့ပါတော့တယ်။

Credit : Here

1 comment:

  1. HONESTY IS THE BEST POLICY..
    UNIVERSAL THUTH
    BUT ,,
    NO MAN IS PERFECT

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။