/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, July 3, 2014

.

ဆရာ၊ ဆရာမများ အားလပ်ချိန်တွင် အတတ်ပညာဖြင့် ကိုယ်ပိုင်ဝင်ငွေရှာနိုင်ဟု ပညာရေးဝန်ကြီးပြော

ဆရာ၊ ဆရာမများ အနေဖြင့် မိမိတို့၏ အသက်မွေးဝမ်း ကျောင်းအတတ်ပညာဖြင့် အားလပ်ချိန်တွင် ကိုယ်ပိုင်ဝင်ငွေ ဖြည့်ဆည်းခွင့် ရှိကြောင်း ပညာရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက ပြောကြားသည်။


ကျူရှင်ဈေးကွက် ကြီးထွား လာနေမှုနှင့် ဆရာ၊ ဆရာမများ ဝေဖန်ခံနေရမှု အပေါ် ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက ဆရာ၊ ဆရာမများအနေဖြင့် အားလပ်ချိန်တွင် ကိုယ်ပိုင်ဝင်ငွေ ဖြည့်ဆည်း နိုင်ကြောင်း သတင်းထောက်များအား ပြောကြားသည်။

‘‘ဆရာတွေအနေနဲ့လည်း ကိုယ့်အသက်မွေးဝမ်းကျောင်း၊ ကိုယ့်အတတ်ပညာနဲ့ လုပ်ကိုင် စားနိုင်တယ်။ ကျောင်းမှာလည်း ကောင်းကောင်းသင်ပြီးတော့ ကိုယ်ရဲ့ အားလပ်ချိန်မှာလည်း ကိုယ်ရဲ့ဝင်ငွေကို ဖြည့်ဆည်းနိုင်တယ်ဆိုတဲ့ အမြင်ကိုလည်း ရှိအောင်လုပ်ရမယ်။ ဘာမှမလုပ်ရ ဆိုတဲ့အခါကြတော့ အကုန်လုံး ခိုးလုပ်ရောလေ။ ခိုးသင်၊ ခိုးလုပ် ဆိုတော့ ဈေးတွေတက်လာရောလေ။ အဲဒါတွေ မဖြစ်ရအောင် ပညာရှင်တွေ အားလုံး ညှိနှိုင်းပြီးတော့ ကျွန်မတို့ဆောင်ရွက်သွားမှာပါ’’ဟု ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ကျူရှင်မသင်ရန် ထုတ်ပြန်ထားသော်လည်း ဆရာ၊ ဆရာမအများစုက သင်ကြားလျက်ရှိပြီး ဆရာ၊ ဆရာမများ ပြင်ပ၀င်ငွေရှာဖွေရာတွင် အဂတိမပါရန်နှင့် ဘက်မလိုက်ရန် လိုအပ်မည်ဖြစ်ကြောင်း ဒေါက်တာဒေါ်ခင်စန်းရီကဆိုသည်။

‘‘ဆရာတွေက အနစ်နာခံတယ်ဆိုတာ အရင်တုန်းက စေတနာနဲ့လုပ်လည်း စားစရာလောက် တယ်။ အခုဆိုရင် အကုန်စရိတ် ကြီးလာတယ်။ ကြီးလာတဲ့အတွက် တစ်ခုခုတော့ ရှာရတာပဲ။ ရှာတဲ့အခါမှာ အဂတိမပါဖို့ရယ်၊ ဘက်မလိုက်ဖို့ရယ် လိုတယ်။ ကျူ ရှင်ဆိုတာက သင်ချင်တဲ့သူရယ်၊ သင်ပေးမယ့်သူရယ် လိုတာလေ။ သင်ချင်တဲ့သူကို ကြည့်လိုက်ရင် အရမ်းတော်တဲ့သူရယ်။ အရမ်းညံ့တဲ့သူရယ် ဖြစ်မှာပေါ့။ ဒါပေမဲ့ အခုက ဖက်ရှင်ဖြစ်နေပြီးမှ လူတိုင်းသင်မယ်ဆိုတာဖြစ်နေတော့ ဈေးကွက်ကြီးဖြစ်နေတယ်’’ ဟု ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။

‘‘ကျူရှင်ဆိုတာကို မိဘတိုင်းက ထောက်ပြပေမယ့် မိဘတိုင်းက ကျူရှင်မပေးဘဲ မနေနိုင်တဲ့ စိတ်ကို အရင်ဖျောက်ရဦးမယ်။ အဲဒီစိတ်သဘောထားကလည်း ကျောင်းမှာသင်တာ လုံလောက်ပါပြီဆိုတာကို ပြနိုင်မှပဲ သူတို့ရဲ့ စိတ်သဘောထားကို ပြောင်းရမယ်။ ကျူရှင်မသင်လည်း ကလေးတွေတော်တယ်ဆိုတာ ကျွန်မတို့က သက်သေပြရမှာလေ။ အဲဒါတွေအတွက် ကျွန်မတို့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတာ’’ဟု ဒေါက်တာဒေါ်ခင်စန်းရီကပြောသည်။

စစ်အစိုးရလက်ထက် မြန်မာ့ပညာရေး နိမ့်ကျသွားမှုတွင် ကျူ ရှင်စနစ် ကြီးထွားလာမှုလည်း ပါဝင်နေပြီး ကျောင်းသား၊ ဆရာ အချိုးကွာဟချက် ကြီးမားနေခြင်း နှင့် ဆရာလစာငွေ နည်းပါးနေခြင်းများကို ပြုပြင်ပြောင်းလဲရန် လိုအပ်နေသည်။

Credit: 7DAY DAILY

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။