/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, July 3, 2014

.

ပုဒ်မ ၄၃၆ ပြင်ရေး ခရီးမပေါက်သေး

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှုသည် ထင်သလောက် ခရီးပေါက်ခြင်းမရှိချိန်တွင် ပီအာရ် (ရွေးကောက်ပွဲစနစ်)အရေး တင်သွင်းလာခြင်းဖြင့် နှောက်ယှက်ခံခဲ့ရသည်ဟု အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ် (NLD)နာယက ဦးတင်ဦးက သုံးသပ်လိုက်သည်။


“တချို့လည်း လက်မှတ်ထိုးဖို့ ကြောက်တာတွေ ရွံ့တာတွေ ရှိနေပါတယ်။ ဒါကြောင့် ကြောက်တာရွံ့တာ ပျောက်သွားအောင်လို့ အချင်းချင်းကူညီဖေးမပြီး တက်တက်ကြွကြွ ဆောင်ရွက်ကြပါလို့ ပြောချင်ပါတယ်”ဟု ၎င်းက ဇူလိုင် ၁ရက် တော်ဝင်နှင်းဆီ၌ ပြုလုပ်သည့် ရန်ကုန်တိုင်း ပါတီအလုပ်အမှုဆောင်များ စုံညီ အစည်းအဝေးတွင် ပြောခြင်းဖြစ်သည်။

၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှု အရှိန်ပိုမိုမြှင့်တင်ရန် လိုအပ်နေသည်ဟု ဦးတင်ဦးက တိုက်တွန်းခဲ့သည်။ လှုပ်ရှားမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)နှင့် ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ဦးဆောင်ပြုလုပ်နေခြင်းဖြစ်ပြီး ဇူလိုင် ၁၉ရက်(အာဇာနည်)နေ့တွင် အပြီး သတ်ရန် စီစဉ်ထားသည်။

၎င်းတို့က တစ်နိုင်ငံလုံးတွင်လက်မှတ်ပေါင်း ခြောက်သန်းကျော်ရရန် မျှော်မှန်းထားသော်လည်း သတ်မှတ် ရက်ပြည့်ရန် နှစ်ပတ်ကျော်သာလိုတော့ချိန်တွင် သုံးသန်းကျော်သာ ရရှိထားသေးသည်။

ရန်ကုန်တိုင်း (NLD) ဥက္ကဋ္ဌ ဦးမြင့်ဌေးကလည်း အားနည်းချက်များ ရှိနေသည်ကို ၀န်ခံခဲ့ပြီး ရန်ကုန်၌ တစ်သန်းကျော်သာ ရရှိခြင်းမှာ ကျေနပ်ဖွယ်ရာမဟုတ်ဟု ပြောသည်။

ဦးတင်ဦးကမူ ပုဒ်မ၄၃၆ ပြင်ဆင်ရေး နှင့်အပြိုင် လာမည့်ရွေးကောက်ပွဲများ၌ ပီအာရ်စနစ် ပြောင်းသုံးရန် စီစဉ်လာခြင်းသည် အချိန်ကိုက်နှောင့်ယှက်ခြင်းသာဟု သုံးသပ်ခဲ့သည်။

“၀င်ပြီးနှောက်နေတဲ့ သဘောတွေ အများကြီးပါတယ်”ဟု ၎င်းက ပြောသည်။ ပြီးခဲ့သည့် လအတွင်း ရွေးကောက် တင်မြှောက်ပုံစနစ် ပြောင်းလဲကျင့်သုံးရေး အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ထောက်ခံမှုဖြင့် အတည်ပြုခဲ့ခြင်းကို ဦးတင်ဦးက ရည်ညွှန်းခြင်းဖြစ်သည်။ လက်ရှိကျင့်သုံးနေသည့် မဲဆန္ဒနယ် တစ်ခုတွင် မဲအများဆုံးရသူ အနိုင်ရစနစ်မှ ပီအာရ် (ရရှိမဲရာခိုင်နှုန်းအလိုက် အချိုးကျ ကိုယ်စားပြုခွင့်) စနစ်ကို ပြောင်းလဲကျင့်သုံးရန် အမျိုးသားလွှတ်တော်၌ ပြင်ဆင်နေပြီ ဖြစ်သည်။

လက်တွေ့တွင်လည်း(NLD)နှင့် ၈၈ တို့ လုပ်ဆောင်နေသည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်များကို တိုက်ဆိုင်စိစစ်မှု အပိုင်းတွင် အခက်အခဲအချို့နှင့် ရင်ဆိုင်နေရသည်ဟု နှစ်ဖက်တာဝန်ရှိသူအချို့က မဇ္ဈိမကို ၀န်ခံထားသည်။ ထို့ပြင် တစ်ဦးတည်းက နေရာများစွာတွင် လက်မှတ်ရေးထိုးခြင်းကို မည်သို့ စိစစ် မည်ဆိုသည့် နှစ်ဖက်သဘောတူထားသည့် နည်းလမ်းကိုလည်း ချမပြနိုင်သေးပေ။

Mizzima

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။