/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, June 11, 2014

.

ဇုန်ထုတ် ကားများ ခြောက်လ အတွင်း အပ်နှံ ခွင့်ပြု မည်


10464233_766495763370685_154183307855333702_n

ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံခွင့် အစီအစဉ်တွင် မပါဝင်သေးသည့် စက်မှုဇုန်ထုတ် မော်တော်ယာဉ် များကို ၂၀၁၄ ခုနှစ်အတွင်း (ခြောက်လအတွင်း) စတင်အပ်နှံခွင့်ပြုမည် ဖြစ်ကြောင်း ရထား ပို့ဆောင် ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးချန်မောင်က ပြောကြားသည်။


ဇွန်လ ၁၀ ရက်နေ့က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပျော်ဘွယ်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်စိုးက စက်မှုဇုန်ထုတ် မော်တော်ယာဉ်များ အပ်နှံခွင့်နှင့် ပတ်သက်၍ မေးမြန်းမှုကို ၎င်းကအထက်ပါအတိုင်း ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

စက်မှုဇုန်ထုတ် မော်တော်ယာဉ် များသည် အရည်အသွေး နိမ့်ပါးခြင်းကြောင့် မော်တော်ယာဉ် ပိုင်ရှင်များ၏ ဆန္ဒအရ ယာဉ်အိုယာဉ်ဟောင်း အပ်နှံယာဉ်များအဖြစ် ထည့်သွင်း ဆောင်ရွက်ရေးအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆောင်ရွက်နေကြောင်း ၎င်းကပြောဆိုသည်။

ဇုန်ထုတ်ကားများ အပ်နှံခွင့်ပြုမည်ဆိုသော သတင်းများ ယခုနှစ် ဖေဖော်ဝါရီလက ထွက်ပေါ်ခဲ့ဖူးပြီး ဇုန်ထုတ်ဂျစ်ကား ဈေးနှုန်းများ ကျပ်သိန်း ၅၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ဖူးသည်။

လက်ရှိတွင် စက်မှုဇုန်ထုတ် မော်တော်ယာဉ်များအနက် ဂျစ်ကား တစ်စီးလျှင် ကျပ်သိန်း ၃၀ မှ ၃၅ သိန်း ဝန်းကျင်သာရှိ၍ အငှားယာဉ် (AA၊ BB) တစ်စီးလျှင် ကျပ် ၆၂ သိန်းခန့်ဈေးရှိပြီး နံပါတ် အနက်စလစ် တစ်စောင်လျှင် ကျပ် ၁၁၅ သိန်းအထိ ရှိကြောင်း မော်တော်ယာဉ် ဈေးကွက်အတွင်းမှ သိရသည်။

ယင်းမော်တော်ယာဉ်များ အပ်နှံခွင့်မှာ အချိန်အတိအကျ မသိရသေးခြင်းကြောင့် လတ်တလော မြင့်တက်နေသော စလစ်ဈေးနှုန်းများ ကျဆင်းဦးမည် မဟုတ်ကြောင်း မော်တော်ယာဉ် ဝယ်ရောင်းအချို့က ပြောကြားသည်။

စလစ်ဈေးနှုန်းများမှာ လတ်တလော ကျဆင်းနိုင်ဦးမည် မဟုတ်ဘဲ ဆက်လက် မြင့်တက်နေမည် ဖြစ်ပြီး စက်တင်ဘာ လကုန်ပိုင်းခန့်မှသာ ကျဆင်းနိုင်ခြေ ရှိကြောင်း မော်တော်ယာဉ် ရောင်းဝယ်သူ အချို့က ခန့်မှန်းပြောဆိုသည်။

“အခုက ‘၁က’ အက္ခရာက ကုန်သလောက် ဖြစ်နေပြီ ‘၂က’ က အောက်တိုဘာမှ အအပ်ခံမှာဆိုတော့ အဲဒီအချိန် (စက်တင်ဘာလကုန်) လောက်ရောက်မှ ဈေးကျနိုင်မှာပါ။ ဇုန်ကား အအပ်ခံမယ် ဆိုတာကလည်း အချိန်အတိအကျနဲ့ ဘယ်ကားတွေကို စလစ် အကပ်ခံမှာလဲဆိုတာ မသိသေးတဲ့အတွက် စလစ်ဈေး ကျဦးမှာ မဟုတ်ပါဘူး” ဟု မော်တော်ယာဉ် တင်သွင်းသည့် Distinct Co.Ltd မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဇေယျာကြည်က ပြောကြားသည်။

စက်မှုဇုန်ထုတ် မော်တော်ယာဉ် များကို မြန်မာ့စက်မှုလက်မှု ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီက သက်ဆိုင်ရာ စက်မှုဇုန်များတွင် ကော်မတီများ ဖွဲ့စည်းကာ ၂၀၀၁ ခုနှစ်အတွင်း စတင် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

စက်မှုဇုန်ထုတ် ယာဉ်များမှာ ၂၀၀၁ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့သည့် အတွက် မှတ်ပုံတင် သက်တမ်း ၁၃ နှစ်ခန့်သာ ရှိသေးပြီး ၂၀၁၄ ခုနှစ် မေလအထိ စက်မှုဇုန်ထုတ်ကား ၉၈,၃၀၀ ကျော်ကို မှတ်ပုံတင်ပေးပြီး ဖြစ်သည်။ ယင်းသို့ အပ်နှံခွင့်ပြုမည် ဆိုပါက ဇုန်ကားများ အရောင်းအဝယ် ပိုမိုသွက်လက် လာနိုင်ပြီး ဈေးနှုန်းများ မြင့်တက် လာနိုင်ကြောင်း ဝါရင့် မော်တော်ယာဉ် ဝယ်ရောင်း ဦးကျော်စိုးက ပြောကြားသည်။ “ဒီလိုသာဆို ဇုန်ကားတွေ စုထားတဲ့သူတွေ အတွက်တော့ အကောင်းဆုံးပဲပေါ့။ သူတို့ ဝယ်စုတာ (ကျပ်) သိန်း ၃၀ လောက်နဲ့ စုထားကြတာလေ။ အခုလို အအပ်ခံမယ်ဆို (ကျပ်) သိန်း ၆၀ လောက်အထိ ဈေးတက်လာနိုင်ခြေ ရှိပါတယ်” ဟု ၎င်းကဆိုသည်။

The Voice Weekly

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။