/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, April 30, 2014

.

တောင်ကြီး ၈၈ မျိုးဆက် ငြိမ်း/ပွင့် လယ်သမားရေး တာဝန်ခံ ကို သေနတ်ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးထား

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့စည်း (တောင်ကြီး)မှ လယ်သမားရေးတာဝန်ခံ ကိုကျော်နိုင် ဦးကို သေနတ်ကိုင်ဆောင်မှုဖြင့် ဧပြီ ၂၂ ရက်တွင် ရွှေညောင်ရဲစခန်းက ဖမ်းဆီးထားကြောင်း ရှမ်းပြည် နယ် ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ထားသည်။


ဧပြီ ၂၂ ရက် ည ၉ နာရီခွဲခန့်က တောင်ကြီးမြို့ ရွှေညောင်နယ်မြေရဲစခန်း မှ ဒု-ရဲအုပ် ဇော်လင်းနိုင် ဦးစီးအဖွဲ့နှင့် သက်သေဖြစ်သူ ရေနွေးကျေးရွာအုပ်စုမှူး ဦးရွှေသင်းတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေနွေး ကျေးရွာ လွယ်မင်းဒင် ဘုရားတောင်အနီး လှည့်ကင်းဆောင်ရွက်စဉ် မင်္သကာဖွယ်ရှိသူ တစ်ဦးအား စစ် ဆေးရာ တောင်ကြီးမြို့၊ မြို့မရပ်ကွက်နေ ၈၈ မျိုးဆက် ငြိမ်း/ပွင့်မှ ကိုကျော်နိုင်ဦး (၄၄) နှစ် (တောင်သူ)၏ လွယ်အိတ်အတွင်းမှ အရှည် (၂၂) လက်မခန့်ရှိ သစ်သားဒင်ဖြင့် ပြုလုပ်ထားသော သေနတ်ရှည်တစ်လက်၊ ပွိုင့် (၂၂) ကျည် ၅ တောင့်၊ သေနတ်မောင်းသီး တစ်ခုနှင့် ခဲသီး ၄၄ လုံး ရှာဖွေ့တွေ့ရှိ သိမ်းဆည်း ရမိခဲ့ ခြင်းဖြစ်သည်ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ ဖမ်းဆီးရမိမှုနှင့် ပတ်သက်ပြီး လိုက်လံကူညီ ဆောင်ရွက်ပေး လျက်ရှိသည့် ၈၈ ငြိမ်း/ပွင့် (တောင်ကြီး) တာဝန်ခံ ဦးနေမျိုးက ကိုကျော်နိုင်ဦးသည် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းမှ လယ်သမားရေးတာဝန်ခံ အဖြစ် ဆောင်ရွက်နေခြင်း ဖြစ်သော်လည်း အဖွဲ့ အစည်းနှင့် မသက်ဆိုင်သည့် လက်လုပ် သေနတ်ဖြင့် ရွာတွင် ၀ါသနာအရ အမဲပစ်ထွက်ရာမှ ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ပြောသည်။

“ကျွန်တော်တို့ ရှမ်းပြည်ဘက်မှာ ရှမ်းသေနတ်ဆိုတာတွေ၊ တူမီးလိုသေနတ်တွေ ရွာသားတိုင်း အမဲလိုက် ဖို့ ကိုင်နေကြတာပဲ။ ရှမ်းသေနတ်ဆိုတာ ကင်းလွတ်ခွင့် ရှိပါတယ်”ဟု ဦးနေမျိုးက ထပ်မံ ပြောဆိုသည်။ကိုကျော်နိုင်ဦးသည် အမဲလိုက် ၀ါသနာပါသူ တစ်ဦးဖြစ်ပြီး သေနတ်ပစ်အသင်းဝင် တစ်ဦးလည်းဖြစ်သည် ဟု ၎င်းက ဆိုသည်။

ယင်းအပြင် ယခုကဲ့သို့ဖြစ်ပေါ်ခဲ့သည့် အတွက်လည်း မိမိတို့အနေဖြင့် ရှေ့နေ ငှားရမ်းသည့်ကိစ္စ အခြား လူမှုရေးကိစ္စများကိုလည်း ရဲဘော်ရဲဘက်စိတ်ဖြင့် ကူညီ ဆောင်ရွက်ပေးနေသည်ဟု ဦးနေမျိုးက ပြော သည်။

ကိုကျော်နိုင်ဦးထံတွင် တွေ့ရှိသိမ်းဆည်းမိခဲ့သည့် သေနတ်အမျိုးအစားနှင့် ပတ်သက်ပြီး စုံစမ်း စစ်ဆေးနေ ဆဲဖြစ်သည့်အတွက် မပြော ဆိုနိုင်သေးကြောင်း ရွှေညောင်မြို့နယ်မြေရဲစခန်းမှ တာဝန်မှူးက မဇ္ဈိမကိုပြော သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး စွပ်စွဲခံရသူ ကိုကျော်နိုင်ဦးအား ရွှေညောင်မြို့ နယ်မြေရဲစခန်းမှ (ပ)၂၉ ၂၀၁၄ ပြစ်မှု ပုဒ်မ ၁၉(စ)အရ အမှုဖွင့်ထားသည်။

#Nayt Thit

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။