ဤဆောင်းပါး၌ ကျွန်တော်ရေးလိုသည့် အကြောင်းအရာမှာ မြန်မာနိုင်ငံတွင် မည်ကဲ့သို့ မတရားမှုတွေ ဖြစ်ခဲ့သနည်း။ ယင်းမတရားမှုများကို မည်သို့ တရားမျှတအောင် လုပ်ကြမည်ဆိုသည်ပဲ ဖြစ်ပါသည်။ တရားမျှတအောင်လုပ်သည်ဟု ဆိုရာတွင် “ဘာတွေ ဘယ်လို ဖြစ်ခဲ့သည်ဆိုသည်” ကို ပြည်သူများကို ဖွင့်ချပြီး ပြည်သူ၏အဆုံး အဖြတ်ကို ခံယူနိုင်ဖို့ လိုပါသည်။
(၁) သာသနာ့အဆောက်အအုံများကို မတရားသိမ်းပိုက်ထားခြင်း
သာသနာရေးနှင့်ပတ်သက်၍ ပြောရမည်ဆိုလျှင် ဦးနေဝင်းက ဘုန်းကြီးထုနှင့် ကျောင်းသားထုကို အလွန်ကြောက်ခဲ့သည်။ ထို့ကြောင့် ကျောင်းသားသမဂ္ဂအဆောက်အအုံကြီးကို ဖေါက်ခွဲဖျက်စီးပြီး ကျောင်းသားထုကို ဦးချိုးခဲ့သည်၊ ထို့နောက် သာသနာတော် သန့်ရှင်းရေးကို အကြောင်းပြပြီး သံဃာတော်များကို ထိန်းချုပ်ရန် သံဃာ့မဟာနာယက အဖွဲ့ကို ဖွဲ့စည်းပြီး အစိုးရက နောက်မှနေ၍ ကြိုးကိုင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မြန်မာပြည်တွင် လေးငါးသိန်းခန့် ရှိသည့် သံဃာထုကြီးသည် ညီညွတ်ခဲ့လျှင် စစ်အာဏာရှင်ကို အံ့တုနိုင်သည်အထိ အင်အားရှိသည့် အရည်အတွက်ကြောင့် ဖြစ်သည်။ ဦးသန်းရွှေနှင့် ဗိုလ်ခင်ညွန့်တို့ လက်ထက်တွင် သံဃာထုနှင့် မဟာနာယကဟု ခွဲပြီး ကစားလာခဲ့သည်။ မဟာနာယကအဖွဲ့ကို ကား၊ မြေ စသည့် လှူဘွယ်များ လှူဒါန်းပြီး အစိုးရက မြှောက်စားသည့်အခါ မဟာနယကကိုယ်တော်ကြီးအချို့ တရားမေ့ပြီး လောဘတက်ကာ အဝိဇ္ဇာဖုံးလွှမ်း သွားတော့သည်။ အစိုးရက သာသနာ့ဘွဲ့ထူးဂုဏ်ထူးဆောင်ချီးမြှောက်ပြီး လာဘ်ထိုး မြှောက်ပင့်သည့်အတွက် မဟာနာယကများသည် မိမိတို့ ရဟန်းသံဃာတော်များကို ထောင်သွင်းအကျဉ်းချခံရသော်လည်း နှုတ်ဆိတ်နေပြီး သင်္ကန်းချွတ်လည်း မသိချင်ယောင်ဆောင်ပြီး လျစ်လျူရှုခဲ့ကြသည်။ အဆိုးဆုံးမှာ ပြည်သူ့ဖက်က ရပ်တည်ပြီး ဗုဒ္ဓတရားဓမ္မကို ဟောကြားခဲ့သည့်သံဃာတော်များကို တရားဟောခွင့်ပိတ်ပင်သည့်အထိ အတင့်ရဲလာခဲ့သည်။ အစိုးရကို ဗြောင်ဖါးလာသည့် အဆင့်ရောက်လာခဲ့ခြင်းသည် သာသနာတည်တံ့ခိုင်မြဲရေးအတွက် အလွန် အန္တရာယ်ကြီး ပါသည်။
မကြာခင်က တာမွေရှိ မဟာသန္တိသုခဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီးနှင့် ပတ်သက်သည့် သာသနာရေးဆိုင်ရာ တွေ့ဆုံရှင်းလင်းပွဲကို ၂၀၁၄ ခုနှစ်၊ ၃ လ၊ ၂၅ ရက် အင်္ဂါနေ့၌ မဟာသန္တိသုခကျောင်းအတွင်းရှိ ဆွမ်းစားဆောင်၌ ပြုလုပ်ခဲ့ပါသည်။ ထိုပွဲကို ပီနန်ဆရာတော်ကြီး၊ ဦးပါမောက္ခ၊ ဦးဝီရသူ စသည့် ဆရာတော်သံဃာတော် အပါး ၃၀၀ ခန့်နှင့် ကိုမင်းကိုနိုင်၊ ကိုဇင်ဝိုင်း၊ ကိုမိုးသီးဇွန်စသော တပည့်ဒကာ၊ ဒကာမများ တက်ရောက်ခဲ့ကြပါသည်။
ကျောင်းပိုင်မဟုတ်သော မဟနဆရာတော်ကြီးများက ပီနန်ဆရာတော်ကြီးကို မတ်လ ၃၁ ရက်နေ့တွင် ထွက်ခွာပေးရန် ခြိမ်းခြောက်နှင်ထုတ်သည့်စာကို ထုတ်ပြန်ခဲ့ခြင်းအပေါ် ပီနန်ဆရာတော်ကြီးက မဟာသန္တိသုခ ဗုဒ္ဓသာသနာပြု ကျောင်းတိုက်မှ မတ်လ ၃၁ ရက်နေ့တွင် ထွက်ခွာပေးနိုင်မည် မဟုတ်ကြောင်း၊ မတရားသော နည်းလမ်းများဖြင့် ကျောင်းတိုက်ကို သိမ်းပိုက်ပါက တစ်နိုင်လုံး အတိုင်းအတာဖြင့် ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း ဦးစန္ဒာသီရိမှ ပြောဆိုခဲ့သည်။
နောက်ခံသမိုင်း
မဟာသန္တိသုခဗုဒ္ဓစင်တာသာသနာပြုကျောင်းတော်ကြီးသည် တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက် မြေ ၂ ဧက ပေါ်တွင် တည်ရှိပြီး ၁၉၉၆ ခုနှစ်တွင်ပီနန်ဆရာတော်ကြီး၏အမည်နှင့် ဂရန်ပေါက်ပြီးဖြစ်သည်။ ဆရာတော်ကြီးမှ ဒေါ်လာတစ်သိန်း တစ်သောင်းငါးထောင်၊ စင်္ကာပူရှိ ဆရာတော်တပည့် ဦးတိလောကမှ ဒေါ်လာတစ်သိန်း၊ လော့စအိမ်ဂျယ်လစ်ရှိ တပည့် ဦးသုဒ္ဓရမှ ဒေါ်လာတစ်သိန်း၊ ပီနန်မှ ဒကာမများမှ ဒေါ်လာတစ်သိန်း ထည့်ဝင်ကြပြီး ပြည်တွင်းရှိ ဒကာ၊ ဒကာမများက ဗုဒ္ဓဘာသာကို ကမ္ဘာလှည့်သာသနာပြုနိုင်ရန်အတွက် သံဃာ့တက္ကသိုလ်ကြီး ပေါ်ပေါက်လာရန် ကျပ်သန်းနှင့် ချီ၍လှူဒါန်းကြခြင်းသည် ဗုဒ္ဓသာသနာကို ကမ္ဘာတွင် ပြန့်းပွားလာစေရန်အတွက် ဖြစ်သည်။
ထိုဆယ်ထပ်ကျောင်းကြီးတွင် ဓါတ်လှေကားနှစ်စင်းနှင့် ခေတ်မှီစွာ တည်ဆောက်ထားသည်။ မူလရည်ရွယ်ချက်မှာ သံဃာတက္ကသိုလ်ကြီးတည်ထောင်ပြီး ဗုဒ္ဓဘာသာ ရဟန်းပ်ျိုများကို ပရိယတ္တိ၊ ပရိပတ္တိတို့ကို နိုင်ငံခြားစံချိန်မှီ သင်ကြားပေးရန်နှင့် နိုင်ငံခြားဘာသာရပ်များကိုပါ သင်ကြားစေပြီး ကျောင်းသင်တန်းဆင်း သံဃာတော်များ ကမ္ဘာအနှံ့ သာသနာပြုနိုင်ရန် ရည်ရွယ်ပြီး တည်ဆောက်ခဲ့သည်။ ကျောင်းတွင် ခေတ်မှီကွန်ပျူတာသင်တန်းများ၊ တရုတ်၊ အင်္ဂလိပ်၊ စပိန်၊ ပြင်သစ်ဘာသာများ သာသနာပြုလိုသည့် နိုင်ငံများရှိ ဘာသာရပ်များကို အမြင်ကျယ် ကျယ်ဖြင့် အမျှော်အမြင်ရှိရှိ သင်ကြားစေခဲ့ပြီး ဆွမ်းကွမ်းမှအစ အစစအရာရာ ပြည့်စုံစွာပေး ထားခဲ့သည်။ ရန်ကုန်အနီးအနားရှိ ကျောင်းတိုက်များမှ ရဟန်းပျို ၂၀၀၀ မှ ၃၀၀၀ အထိ လာရောက်ပညာသင်ကြားနေသည့် သာသနာ့တက္ကသိုလ်တွင် ခေတ်ပညာတတ်ရဟန်းပျိုများ များလာလျှင် သူတို့အစိုးရကို ခြိမ်းခြောက်မှုများ ရှိလာနိုင်သည်ဟုယူဆပြီး နိုင်ငံရေး လုပ်သည်ဟု အကြောင်းပြကာ ၂၀၀၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့တွင် ဗိုလ်ခင်ညွန့်က သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းမှာ သံဃာမဟာနာယကအဖွဲ့ကြီးသို့ ယာယီလွှဲပြောင်းပြီး ပေးခဲ့သည်။
သံဃာ့မဟာနာယကအဖွဲ့ကို ခေါင်းတပ်ပြီး သာသနာရေးဌာနအကြံပေး ဦးအံ့မောင်နှင့် သာသနာရေးဝန်ကြီး ဦးဆန်းဆင့်တို့၏ သဘောတူခွင့်ပြုချက်ဖြင့် သာသနာရေးရည်မှန်းချက်ကြီးစွာထားသည့် ထိုအဆောက်အအုံကို မင်္ဂလာဆောင်ခန်းမအဖြစ် ငှားစားခြင်း၊ ထို့ထက်ဆိုးဝါးစွာ ကာရာအိုကေ အခန်းများငှားရမ်းခြင်း အထိ အတင့်ရဲစွာ စီးပွားရေး သောင်းကျန်းလာခဲ့သည်။ ထိုငှားရမ်းခမှာ တစ်နှစ်လျှင် သိန်း ၅ ထောင်ကျပ် အထိရရှိနေသည့်အတွက် သာသနာရေးဝန်ကြီးဌာနမှ လက်မလွှတ်နိုင် ဖြစ်နေသည်ဟု ယူဆသည်။ သံဃာမဟာနာယကအဖွဲ့ကြီးမှ အချို့သံဃာများသည် လာဘ်လာဘကို မွေ့လျော်နေပြီး မူလပိုင်ရှင် ပီနန်ဆရာတော်ကြီးလက်သို့ ကျောင်းကို ပြန်လည်မပေးအပ်လိုဘဲ သာသနာရေးဝန်ကြီးရုံး၏ အလိုကိုလိုက်ပြီး သဘောတူခဲ့သည့်အတွက် ဝန်ကြီးဌာနမှ ပီနန်ဆရာတော်ကြီးအား ကျောင်းတိုက်မှ မတ်လ ၃၁ ရက်နေ့တွင် ဆင်းပေးရန် အမိန့်ထုတ်ပြီး ဆုံးဖြတ်ခဲ့သည်။ ပီနန်ဆရာတော်ကြီးသည် ငွေကြေး မပူပင်ရ လောက်အောင် လှူတန်းသည့် ဒကာဒကာမများ နှင့်ပြည့်စုံသည့် ဆရာတော်ကြီးဖြစ်သည်။ ရွှေဝါရောင် အရေးအခင်းတွင် တက်ကြွစွာအားပေးပြီး အမေရိကနိုင်ငံတွင် ကွယ်လွန်သွား ရှာပြီ ဖြစ်သည့် မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒနှင့်အတူ သာသနာ့မောလိအဖွဲ့ကြီးကို တည်ထောင်ပေးခဲ့သည့် အပြင် ဗုဒ္ဓဘာသာ သံဃာတော်များဖက်မှ အမြဲရပ်တည်ပေးခဲ့သည့် ဆရာတော်ကြီး ဖြစ်သည်။ ဆရာတော်ကြီး၏ ဆန္ဒမှာသူ၏ မူလရည်ရွယ်ထားသည့် သံဃာ့တက္ကသိုလ်ကြီး ဖြစ်ပေါ်လာရေးသာဖြစ်သည်။ ထိုအဆောက် အအုံကြီးကို ကိုယ်ကျိုးရှာ စီပွားရေးလုပ်ရန်မဟုတ်ဘဲ သာသနာပြုရန်အတွက် ရည်ရွယ်ဆောက်လုပ်ထားခြင်း ဖြစ်သောကြောင့် အလွန်ကြည်ညိုလေးစားထိုက်ပါသည်။ ဆရာတော်ကြီး၏ တရားမျှတစွာတောင်းဆိုမှုကို အစိုးရက မည်သို့တုံ့ပြန်မည်ဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။
သံဃာ့မဟာနာယကအဖွဲ့ကြီးမှ အစိုးရလုပ်ရပ်ကိုဆန့်ကျင်သည့်အတွက်သိမ်းပိုက်ခဲ့သည့် ကျောင်းတိုက်များအထဲမှ ထင်းရှားသောကျောင်းတိုက်များမှာ-
ကြည့်မြင်တိုင်မြို့နယ် သာဓုပရိယတ္တိစာသင်တိုက်၊ ပန်းပဲတန်းမြို့နယ် မဟာသိမ်တော်ကြီးနှင့် ရန်ကင်းမဂ္ဂင်ကျောင်းတိုက်တို့ ဖြစ်သည်။
(၂) စက်ရုံအလုပ်ရုံ အိမ်ခြံမြေ၊ တိုက်ခန်းများကို တရားသိမ်းပိုက်မှု
တော်လှန်ရေးအစိုးရလက်ထက်၌ စစ်ဗိုလ်များက သူတို့စစ်ခေါင်းဆောင်က ဆိုရှယ်လစ်စနစ်နှင့် သွားမည်ဆိုသည့် အခါ ဘာမှန်း ညာမှန်းမသိ၊ ဘဲ “လစ်”လိုက်ကြသဖြင့် ပြည်သူပိုင်စက်ရုံအလုပ်ရုံများ ခါလီဖြစ်ပြီး အရှေ့တောင်အာရှ နိုင်ငံများဖြစ်ကြသည့် ယိုးဒယား၊ မလေးရှား၊ လာအိုနိုင်ငံများသို့ မြန်မာနိုင်ငံလုပ် အဝတ်အထည်၊ နိုင်လွန်၊ စာအုပ်စာရေးကိရိယာ တင်ပို့နေသည့် စက်ရုံအလုပ်ရုံများ ပိတ်ကုန်ကြသည်။ ယင်းခေတ်က ဟံသာအေးနိုင်လွန်၊ ကြက်ဆင်ဖဲထီးနှင့် ပိုင်းလော့ဖေါင်တိန်စက်ရုံများသည် ထုတ်ကုန်များကို ပြည်တွင်းတွင်မက ပြည်ပကိုပါ တင်ပို့ရသည့်စက်ရုံများ ဖြစ်သည်။ ထိုစက်ရုံအလုပ်ရုံများ အကုန်ပိတ်ကုန်ပြီး မလည်ပတ်နိုင်တော့ချေ။ အလုပ်သမားများ အလုပ်လက်မဲ့ ဖြစ်ကုန်ကြသည်။ အလုပ်ရှင်များကို အရင်းရှင်တံဆိပ်ကပ်ပြီး အပုတ်ချခဲ့သော မဆလပါတီ၏ တင်းပြည့်ပါတီဝင် စစ်ခေါင်းဆောင်များသည် ယနေ့တွင် သူတို့ရှုံချခဲ့သော အရင်းရှင် ကြီးတွေဖြစ်လျှင်ဖြစ် မဖြစ်လျှင်လည်း သူတို့မွေးထားသည့် ခရိုနီများ၏ဝေစုနှင့် သန်းကြွယ်သူဌေးကြီးများ ဖြစ်နေကြပြီ။
ယခုအခါ သူတို့ အပုတ်ချထားသည့် ပြည်ပအရင်းရှင်တွေကို “လာပါယူပါ” နှင့် နိုင်ငံတွင်း၌ စက်ရုံအလုပ်ရုံများကို တည်ဆောက်ဖို့ လက်ယပ်ခေါ်နေကြသော်လည်း တချိန်က သူတို့မတရား သိမ်းပိုက် ထားခဲ့သော ပြည်တွင်းစက်မှုလုပ်ငန်းပိုင်ရှင်များ၏ ပိုင်ဆိုင်မှုများကိုမူ ယနေ့အထိ ပြန်မပေးသေးချေ။ ပြန်မပေးသည့်အပြင် ယင်းလုပ်ငန်းပိုင်ရှင်များထဲတွင် နိုင်ငံခြားသားများပါဝင်ပြီး ယင်းတို့သည် နိုင်ငံခြားသို့ အပြီးထွက်သွား သူများဆိုလျှင် ဗိုလ်ချုပ်များက ခွဲဝေယူကြ အောက်ဈေးနှင့် ဖြတ်ယူပြီး ပေါက်ဈေးနှင့် ပြန်ရောင်းကြပြီး ဝေစားမျှစား လုပ်ခဲ့ကြသည် လုပ်နေစဲဖြစ်သည်။ နိုင်ငံခြားသား ပြန်သွားသူများ၏ခြံမြေများသည် ယနေ့အချိန်၌ အချောင်ရခဲ့ရင် နေ့ချင်းညချင်းသန်းကြွယ်သူဌေးကြီးတွေဖြစ်သွားနိုင်သည်ကို အများအသိပင်ဖြစ်သည်။ စက်ရုံအလုပ်ရုံ ပိုင်ရှင်များက အလုပ်သမားတွေကို ဂုတ်သွေးစုပ်နေကြသည်ဟု ဝေဖန်အပုတ်ချခဲ့သည့် စစ်ဗိုလ်ချုပ်များက ယနေ့အချိန်၌ စက်ရုံအလုပ်ရုံများသာမက လယ်သမားများပင် အတင်းအဓမ္မ ရွှေ့ပြောင်းပေးရသည့် အခြေအနေဖြစ်အောင် ပြည်သူများကို ဂုတ်သွေးတင်မက ခြေထောက်သွေးပါ ဖေါက်ပြီး ညှစ်ထုတ်ယူ နေကြခြင်းသည် အလွန်မတရားသည့်လုပ်ရပ်ဖြစ်သည်။
ယင်းမတရားမှုများကို တရားမျှတမှုရှိအောင် လုပ်နိုင်ခြင်းက အများပြည်သူမြင်နိုင်အောင် အစုလိုက် အထောက်အထားများနှင့် အမှုတစ်ခုချင်း ဖွင့်ချပြပြီး အစိုးရကို အများရှေ့၌ ဆုံးဖြတ်စေခြင်းသည် အကောင်းဆုံးဖြစ်မယ်ဟု ထင်သည်။ ဖြစ်သင့်သည်မှာ ပြည်ပက နိုင်ငံခြားသား လုပ်ငန်းရှင်များကိုတော့ လက်ယပ်ခေါ်နေခဲ့လျှင် ပြည်တွင်းလုပ်ငန်းရှင်တွေထံမှ မတရားသိမ်းထားသည့် ခြံမြေနှင့် စက်ရုံများကိုလည်း အရင်ဦးစားပေး ပြန်လည်ပေးဖို့ ဖြစ်သည်။ ကိုယ့်ပစ္စည်းလည်း မဟုတ်သလို ယခင် မဆလလက်ထက်က မတရားလုပ်ထားသည်ကို သိလျက်နှင့် မသိချင်ယောင်ဆောင်နေခြင်းသည် မဖြစ်သင့်သည့် ကိစ္စ ဖြစ်သည်။
ထို့ကြောင့် ငယ်ငယ်ကထည်းက ခင်မင်ရင်းနှီးခဲ့သည့်သူငယ်ချင်းတစ်ဦး၏ အဖြစ်အပျက်မှန်တခုကို အများပြည်သူ ဆုံးဖြတ်နိုင်ရန် တင်ပြလိုက်ပါသည်။ တချိန်က ပိုင်းလော့ဖေါင်တိန် အလုပ်စက်ရုံကြီးသည် ဂျမားလမ်းတွင်ရှိပြီး အလုပ်သမားများစွာနှင့်လည်ပတ်နေသောဖေါင်တိန်နှင့်မှင်ထုတ်လုပ်သည့်စက်ရုံကြီးဖြစ်သည်။ မြန်မာအမျိုးသမီးကြီး ဒေါ်ခင်ပြုံးက ပိုင်ဆိုင်ပြီး တော်လှန်ရေးကောင်စီစစ်အစိုးရက ၁၉၆၉ ခုနှစ်တွင် စက်ရုံကြီးကို ပြည်သူပိုင်သိမ်းခဲ့သည်။
ထိုစက်ရုံတည်ရှိရာ အမှတ် (၉/စီ) ဗိုလ်ချိုလမ်း (ယခင်ဂျမားလမ်း) မြေကွက်အဆောက်အအုံသုံးလုံးကို လေလံပစ်လျှင် မူလပိုင်ရှင်ကို အသိပေး ဦးစားပေးညှိုနှိုင်းမည်ဟု မြန်မာ့အလင်း သတင်းစာထဲ၌ (၁၃- ၂- ၂၀၁၁) နေ့ ရက်စွဲဖြင့် ကြေညာခဲ့သော်လည်း မူလပိုင်ရှင်ဖြစ်သူက မိမိပိုင်မြေကို လေလံပြန်ဆွဲသည့်အခါ မပေးဘဲ ထားခဲ့ပါသည်။ ထို့ပြင် ပုဇွန်တောင်မြို့နယ် အမှတ်(၂) ရပ်ကွက် အနော်ရထာလမ်း အမှတ် ၅၅/၆၃ အဆောင်အအုံ၏ အခန်း(၇) နှင့် အခန်း (၈) တို့ကို မူလပိုင်ရှင်အား ပြန်လည်ပေးအပ်သည်ဟု ဆိုသော်လည်း သမဝါယမမှ တရားမဝင် ငှားရမ်းထားပြီး သမဝါယမဝန်ကြီးထံ ပိုင်ရှင်မှ ထပ်ခါတလဲလဲ တင်ပြသော်လည်း နောက်ဆုံးတွင် နိုင်ငံပိုင်ပစ္စည်းများအား ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်နှင့် သမ္မတရုံး၏ ခွင့်ပြုချက်ရရှိမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အကြောင်းပြန်လာသည်ဟု သိရသည်။
သို့ရာတွင် သမဝါယမဝန်ကြီးဌာနက ထိုအခန်းများကို နိုင်ငံပိုင်ပစ္စည်းများအား ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်သို့ အပ်နှံထားခြင်းမပြုဘဲထားသဖြင့် ယင်းကော်မီရှင်က မည်သို့မျှ ပါဝင်ဆုံးဖြတ်နိုင်ခြင်းမရှိဘဲ မြောနေခဲ့သည်။ ဖြစ်နိုင်ချေရှိသည့်အကြောင်းမှာ သမဝါယမ ဝန်ကြီးဌာနမှ အထက်တန်းအရာရှိကြီးတစ်ဦးဦးက မောင်ပိုင်စီးနိုင်ရန် ကြံစည်နေခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်သည်။ အထက်ပါ အကြောင်းအရာနှစ်ခုသည် စာရွက်စာတမ်းများနှင့်တကွ ပိုင်ရှင်ရှိနေပါလျက်နှင့် ပုဂ္ဂလိကပိုင်လုပ်ငန်းရှင်များထံမှ သေနတ်ပြ (ဓါးမြတိုက်) လုယူပြီးနောက် ပြန်မပေးလိုဘဲ မောင်ပိုင်စီးလိုသဖြင့် မိမိ ပစ္စည်းကို အခြားသူများနှင့် လေလံပြိုင်ဆွဲခိုင်းပြီး လေလံအများဆုံးပေးနိုင်သူထက် မူလပိုင်ရှင်မှ ပိုဆောင်းပေးလျှင် ပြန်ပေးမည်ဟု သတ်မှတ်ထားခြင်းများလည်းရှိကြောင်း သိရသဖြင့် ထိုသူများသည် လူမှဟုတ်ပါလေစဟု တွေးမိ ပါတော့သည်။
ဖြစ်သင့်သည်မှာ မူလပိုင်ရှင်များကို ရှောရှောရှူရှူ ပြန်ပေးလိုက်ယုံပင်ဖြစ်သည်။ မူလပိုင်ရှင်က သူ့ပစ္စည်းကိုအပေါင်ထားသည်ဆိုလျှင် ပြန်ရွေးယူရမည်မှာ သဘာဝကျသော်လည်း မိမိသဘောမတူပါဘဲလျက် လုယူသွားခံရသည့် ကိုယ်မြေကိုယ်စက်ရုံကို လေလံဆွဲ၍ ပြန်ဝယ်ယူရဦးမည်ဆိုသည်မှာ ကိုယ်ချင်းစာ စိတ်မရှိသော လူ့တိရစ္ဆန်များ၏ လုပ်ရပ်သာဖြစ်သည်။ ဤအကြောင်းအရာမှာ စာရွက်စာတမ်း အထောက်အထား ခိုင်ခိုင်လုံလုံရှိသော အမှုကိစ္စများထဲမှ ဆွဲထုတ်လိုက်သည့် မတရားမှုတစ်မှုသာ ဖြစ်သည်။ ထိုကဲ့သို့ မတရားမှုမြောက်များစွာရှိနေသေးသည်။ ထိုမတရားလုပ်ခဲ့သူများ မိမိမတော်လောဘဖြင့်ရထားသော လက်ရှိသူတို့၏ အိမ်ယာများကို သိမ်းပိုက်ပြီး လေလံပြန်ဆွဲပြီး ယူပါဆိုလျှင် မည်သို့ခံစားရမည်နည်း။
နောက်ဆုံးတင်ပြချင်သည်မှာ အမေရိကန်နားနှာခေါင်းလည်ချောင်းဆေးရုံကြီးကို စစ်ရုံးနှင့်မလွတ်၍ ဆိုပြီးစစ်တပ်မှ သိမ်းယူခဲ့မှု ဖြစ်သည်။ ထို့နောက် စစ်ရုံးချုပ်နေပြည်တော်သို့ ရွှေ့သွားသောအခါ ထိုအများပြည်သူ အားကိုးရသည့် ရန်ကုန်မြို့လည်ရှိ ဆေးရုံကြီးကို မက်စ်ဇော်ဇော်အားပေးလိုက်သည်ဟု သိရသည်။ ဆေးရုံအထူးလိုအပ်နေသော လူဦးရေတိုးလာနေသည့် ရန်ကုန်မြို့လည်ခေါင်ကြီးတွင် ယင်းကဲ့သို့ ခေတ်မှီဆေးရုံမျိုး မလိုအပ်ပေဘူးလား ပြည်သူအတွက် မရှိသင့်ပေဘူးလား၊ မူလပိုင်ရှင်များသို့ နိုင်ငံခြားသားများဖြစ်စေ ပြည်သူဝန်ဆောင်မှုအတွက် ပြန်မပေးသင့်ပေးဘူးလား။ မက်စ်ဇော်ဇော်ကို မသိပါ၊ မုန်းတီးခြင်းလည်း မရှိပါ သို့ရာတွင် ပြည်သူ့ကျန်းမာရေးသည် လူတစ်ဦးတစ်ယောက်ပိုင်ဆိုင်မှုထက်ပို၍ အရေးကြီးသဖြင့် မူလနားနှာခေါင်းဆေးရုံကြီးကို ပြန်လည်ဖွင့်လှစ်ခွင့် ပေးသင့်ကြောင်းနှင့် မတရားသိမ်းပိုက်ထားသော လယ်ယာခြံမြေ၊အိမ်ယာ၊ ကျောင်း၊စက်ရုံများကို မူလပိုင်ရှင်များသို့ တရားမျှတစွာဖြင့် ပြန်လည်ပေးအပ်ပါက အဓမ္မမှုများ ကွယ်ပျောက်ပြီး တရားဓမ္မများ ပွားများလာပါလိမ့်မည်။
နိဂုံးအားဖြင့် ပြည်တွင်းစက်မှုလက်မှုလုပ်ငန်းများကို ပြည်သူပိုင်သိမ်းခဲ့သည့် ပေါ်လစီအမှားကြောင့် တိုင်းပြည် ပြည်တွင်းကုန်ထုတ်လုပ်မှု ဇောက်ထိုးကျဆင်းခဲ့ခြင်းကို ပြင်သည့်အနေနှင့် စက်မှုလက်မှုလုပ်ငန်းများကို အားပေးလာခဲ့သည်။ ပြည်ပရင်းနှီးမြုပ်နှံမှုများကို ဖိတ်ခေါ်ခဲ့သည်။ အဓိက ပြုလုပ်ရမည်မှာ ထိုအမှားကြောင့် နစ်နာခဲ့ရသည့် ပြည်တွင်းရှိလုပ်ငန်းရှင်များ၏ ပိုင်ဆိုင်မှုများကို ပြန်လည်ဝယ်ယူစရာမလိုဘဲ ပြန်ပေးခြင်းသာ ဖြစ်သည်။ ထိုသူများကို အစိုးရက တောင်းပန်သင့်သည်။ တတ်နိုင်လျှင်လျော်ကြေးပါပြန်ပေးသင့်သည်။ အဘယ့်ကြောင့်ဆိုသော် ဦးသိန်းစိန်အစိုးရသည် စစ်အစိုးရ အသွင်ပြောင်းအစိုးရဖြစ်နေသောကြောင့် ဖြစ်သည်။ ပြည်တွင်းလုပ်ငန်းပိုင်ရှင်များ၏ ဥစ္စာပစ္စည်းများကို ပြန်မပေးဘဲ ပြည်ပမှလာရောက်သူများကိုသာ မျှော်နေခြင်းသည် အမေကျော်ဒွေးဒေါ်လွမ်းနေခြင်းသာဖြစ်သည်။ ပြည်တွင်းကိုလည်း အားပေးဖို့လိုသည်။
ထို့အတူ သာသနာရေးကိစ္စတွင်နိုင်ငံရေးလုပ်ပါသည်ဟုဆိုပြီး သံဃာ့မဟယနာယကအမည်သုံး၍ သိမ်းပိုက် ထားသော ကျောင်းများ စာသင်တိုက်များကိုလည်း ပွင့်လင်းလာသောခေတ်တွင် နိုင်ငံရေးသည်နိုင်ငံ့အရေး၊ နိုင်ငံ ကောင်းကျိုးအတွက်ဖြစ်သဖြင့် ရဟန်းတော်များလည်း ပါဝင်ဆွေးနွေးခွင့်ရှိရမည် ဖြစ်သည်။ ထိုနိုင်ငံရေးအရ ညစ်ပတ်သိမ်းဆည်းထားသောဘုန်းကြီးကျောင်းများကိုလည်း ပြန်လည်ပေးအပ်ဖို့ လိုပေသည်။ ဦးသိန်းစိန် အစိုးရသည် (Revolution) တော်လှန်ရေးဖြစ်ပြီးတက်လာသော အစိုးရမဟုတ်ချေ။ စစ်အစိုးရမှ တဖြည်းဖြည်း အသွင်ပြောင်းလဲလာနေသော (Evolution) အသွင်ပြောင်းအစိုးရသာဖြစ်သဖြင့် ယခင်စစ်အစိုးရများ၏ လုပ်ရပ်များကို တာဝန်ခံ၍ တရားမျှတစွာ ဖြေရှင်းပေးဖို့လိုသည်။ သို့မှသာ သူတို့ပေါ်လစီဖြစ်သည့် တဖြည်းဖြည်း ပြောင်းလဲခြင်း (Evolution) ပေါ်လစီအောင်မြင်နိုင်မည်ဖြစ်သည်။ သို့မဟုတ်ပါက တော်လှန်ရေး (Revolution) အသွင်ပေါ်ပေါက် လာနိုင်မည်ဖြစ်သည်ဟု သုံးသပ်သည်။ အစစ်အမှန်ငြိမ်းချမ်းရေးရချင်သလား။ တရားမျှတစွာ ပြုလုပ်ပါ။ အားလုံးအဆင်ပြေသွားပါလိမ့်မည်။
ထွန်းအောင်ကျော် (၇၄ မျိုးဆက်)
Credit : http://www.dawnmanhon.com/2014/04/blog-post_28.html#sthash.uLX307CP.dpbs
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။