/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, January 1, 2014

.

အခမဲ့ အလယ်တန်း ပညာရေး စနစ်အား တစ်နိုင်ငံလုံး အတိုင်း အတာအရ ၂၀၁၄-၂၀၁၅ ပညာ သင်နှစ်၌ အကောင် အထည်ဖော်ရန် စီစဉ်


1521966_618821298155497_1292231037_n

အခမဲ့ မသင်မနေရ အလယ်တန်း ပညာရေးစနစ်အား တစ်နိုင်ငံလုံး အတိုင်းအတာအရ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်၌ စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ပညာရေး ၀န်ကြီးဌာနမှ သိရသည်။ အဆိုပါ စနစ်မှာ အခမဲ့ မသင်မနေရ မူလတန်း ပညာရေးစနစ်အား တိုးချဲ့ဆောင်ရွက်သည့် အစီအစဉ် တစ်ရပ်ဖြစ်ပြီး ယင်းစနစ်အရ ကျောင်းအပ်ရာတွင် ကုန်ကျသည့် စရိတ်များဖြစ်သည့် အလယ်တန်းများ အတွက် ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ စာကြည့်တိုက်၊ အားကစား၊ စာရေးကိရိယာကြေး၊ ကျောင်းသုံး ဖတ်စာအုပ်ကြေး စသည်တို့ ကင်းလွတ်ခွင့် ရရှိမည်ဖြစ်သည်။


“၂၀၁၄-၂၀၁၅ ပညာသင်နှစ်ကနေစပြီး အခမဲ့ မသင်မနေရ မူလတန်း ပညာရေးစနစ်ကို တိုးချဲ့ ဆောင်ရွက် နိုင်ဖို့အတွက် ဒီစနစ်ကို စီစဉ်ဆောင်ရွက်ဖို့ လုပ်တာပါ။ အခမဲ့ မသင်မနေရ မူလတန်း ပညာရေး စနစ်ကို ဆောင်ရွက်တဲ့ အခါမှာ ကျောင်းနေမြဲနှုန်းတွေ တက်လာတယ်။ ကျောင်းထွက်မှု နှုန်းတွေလည်း လျော့နည်းသွားတဲ့ အတွက်ကြောင့်မို့ အဲဒါကို ဆက်လက်ပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ အတွက် အခမဲ့ မသင်မနေရ အလယ်တန်း ပညာရေးစနစ်ကို စီစဉ်တာ ဖြစ်ပါတယ်။ 

ဒီစနစ်အရ အလယ်တန်းတွေကို ကျောင်းလခ မကောက်တော့ဘူး။ အားကစား၊ စာရေးကိရိယာ၊ စာကြည့်တိုက်ကြေးနဲ့ မိဘဆရာ အသင်းကြေးတွေလည်း မကောက်တော့ဘူး။ ပြဋ္ဌာန်းစာအုပ် တွေကို လည်း အလယ်တန်း ကျောင်းသား ကျောင်းသူတိုင်းကို အခမဲ့ပေးသွားဖို့အတွက် ဦးတည် ဆောက်ရွက်တာပါ” ဟု အမှတ်(၁)၊ အခြေခံပညာ ဦးစီးဌာန (အောက်မြန်မာပြည်)၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသိမ်းကြီးက ဆိုသည်။ 

မသင်မနေရ အခမဲ့ အလယ်တန်း ပညာရေးစနစ်အား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက် သွားမည်ဟု သိရပြီး အဆိုပါစနစ် အောင်မြင်စေရန်အတွက် ကျောင်းများကို အထူးကြပ်မတ်မည်ဟု သိရသည်။ “မိဘတွေက ကလေးတွေ ကျောင်းပညာရေးအတွက် ကုန်ကျစရိတ်တွေ သက်သာသွားတဲ့အခါ ကလေးတွေရဲ့ ကျောင်းနေမြဲနှုန်း တက်လာပြီးနဲ့ ကျောင်းထွက်နှုန်း လျော့နည်းသွားဖို့အတွက် နိုင်ငံတော် အနေနဲ့ ဒီစနစ်ကို စီစဉ်ဆောင်ရွက်တာ ဖြစ်ပါတယ်။ 

မသင်မနေရ အခမဲ့ပညာရေး စနစ်အတွက် သတ်မှတ်ထားတဲ့ ပုံစံအတိုင်း ကျောင်းတွေလည်း လိုက်နာဆောင်ရွက်ဖို့ ကျောင်းတွေက အခကြေးငွေတွေ မကောက်ခံဖို့ အတွက်ကိုလည်း နိုင်ငံတော်က နေပြီး ကျောင်းသားဦးရေပေါ် မူတည်ပြီး ကျောင်းတွေကို ကြီးကြပ်ပံ့ပိုး ပေးသွားမှာလည်း ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။ 

အခမဲ့ မသင်မနေရ အလယ်တန်း ပညာရေးစနစ် စတင်အကောင်အထည်ဖော် ဆောင်ရွက်သည့်အချိန်၌ အလယ်တန်း အဆင့်များဖြစ်သည့် ပဉ္စမတန်းအတွက် ကျောင်းသုံး ဖတ်စာအုပ်ကြေး ကျပ် ၁၅၅၀ နှင့် ကျောင်းလခ ကျပ် ၅၀၀ ၊ ဆဋ္ဌမတန်းအတွက် ကျောင်းသုံးဖတ်စာအုပ်ကြေး ၁၅၅၀ ကျပ်နှင့် ကျောင်းလခ ကျပ် ၆၀၀၊ သတ္တမတန်းအတွက် ကျောင်းသုံး ဖတ်စာအုပ်ကြေး ကျပ် ၁၇၀၀ နှင့် ကျောင်းလခ ကျပ် ၇၀၀၊ အဌမတန်းအတွက် ကျောင်းသုံး ဖတ်စာအုပ်ကြေး ကျပ် ၂၃၀၀ နှင့် ကျောင်းလခ ကျပ် ၈၀၀ တို့အပြင် မိဘဆရာ အသင်းကြေး ကျပ် ၅၀၀ နှင့် စာကြည့်တိုက်၊ အားကစား၊ စာရေးကိရိယာကြေး စုစုပေါင်း ကျပ် ၅၀၀ တို့ လုံးဝပေးအပ်ရန် မလိုကြောင်း သိရသည်။

အခမဲ့ မသင်မနေရ မူလတန်းပညာရေး စနစ်အား ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

(မရမ်းကုန်းမြို့နယ် အတွင်းရှိ အခြေခံပညာ ကျောင်းတစ်ခုမှ ကျောင်းဆင်းလာသည့် ကျောင်းသူအချို့အား တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းထက်))

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။