/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, January 1, 2014

.

သမ္မတရဲ့ လုပ်ဆောင်မှုက အမျိုးသားရင်ကြားစေ့ရေးအတွက် ရလာဒ်ကောင်းတစ်ခု

နိုင်ငံတော်သမ္မတရုံးမှ အမိန့်အမှတ် ၅၁/ ၂၀၁၃အရ ဒီဇင်ဘာလ(၃၁)ရက်နေ့၌မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဉ်း သားများအပါအ၀င် အကျဉ်းသားအချို့ လွတ် မြောက်လာသည်ဟု သက်ဆိုင်ရာ အကျဉ်းဦးစီးဋ္ဌာန များနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ သိရှိရသည်။


ဒီဇင်ဘာလ(၃၁)ရက်နေ့ နံနက်ပိုင်းတွင် အင်းစိန် အကျဉ်းဦးစီးဋ္ဌာနမှ နိုင်ငံရေး အကျဉ်းသား(၈)ဦး လွှတ်မြောက်လာကြောင်း အင်းစိန်အကျဉ်းဦးစီးဋ္ဌာနမှ သိရှိရသလို ကသာအကျဉ်းထောင်မှ (၃)ဦး၊ခန္တီးမှ(၃)ဦး၊ ကလေးအကျဉ်းထောင်မှ(၃)ဦး၊ ရွှေဘိုထောင်မှ (၁)ဦးအစရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးရှိအကျဉ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဉ်းသား (၁၀)ဦးနှင့်အတူမော်လမြိုင်အကျဉ်းထောင်မှ ဆန်းထွေး KNUနှင့် တောင်ကြီးထောင်မှ အိုက်ပိုင် (SSA) ၊ ရဲမင်း(ခ)ကာဘရယ် (PNLO) တို့နှစ်ဦး လွတ်မြောက်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ သိရှိရသည်။ “ လွှတ်ပေးတာကို ကြိုဆိုပါတယ်၊ ဘာပဲပြောပြော တစ်သက်လုံး ကတိမတည်ခဲ့ရာက အခုလို ကတိတည်ခဲ့တဲ့ သမ္မတရဲ့ လုပ်ဆောင်မှုက အမျိုးသားရင်ကြားစေ့ရေးအတွက် ရလာဒ်ကောင်းတစ်ခုပါ၊ ဒါပေမယ့် ကျွန်တော်တို့တစ်တွေ ဆက်လက် တိုက်ပွဲဝင်နေရပါဦးမယ်၊ ပုဒ်မ (၁၈)ကို ဖျက်သိမ်းမပေးမချင်း ဒီသံသရာက လည်နေဦးမှာပဲ” ဟု ဒီဇင်ဘာလ (၃၁)ရက်နေ့ နံနက်ပိုင်းက အင်းစိန်ထောင်မှ လွတ်မြောက်လာသူ ကိုရန်နိုင်ထွန်းက ပြောသည်။ အင်းစိန်ထောင်မှ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများမှာ လိုင်ဇာငြိမ်းချမ်းရေးလမ်းလျောက်အဖွဲ့မှ ထောင်ဒဏ်(၈)လ ကျခံထားရသည့် ရန်နိုင်ထွန်း၊ အောင်မင်းနိုင်(ခ) မီးသွေးအပါအ၀င် (၈)ဦး လွတ်မြောက်ခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသားအသိုင်းအ၀ိုင်းမှ သိရှိရသည်။


ရန်ကုန်တရားရုံးအသီးသီး၌ အမှုရင်ဆိုင်နေရဆဲဖြစ်ပြီး အကျဉ်းထောင်အတွင်းကျရောက်နေသည့် အကျဉ်းသားအချို့လည်း လွတ်မြောက်ခဲ့သလို မီဒီယာအသိုင်းအ၀ိုင်းမှ နိုင်ငံတော်နှင့် ထိပ်တိုက် အမှုဖြစ်နေသူများလည်းလွတ်မြောက်လာသည်ဟု မီဒီယာအသိုင်းအ၀ိုင်းမှ သိရှိရသည်။ `ဦးမြတ်ခိုင် ရဲ့အမှုကို သမ္မတကြီးရဲ့အမိန့် ၅၃/၂၀၁၃အရအမှုကို ပိတ်ပေးလိုက်ပါပြီ။ ၂း၄၀မှ အမိန့်ချတယ်´´ဟု ဦးသိန်းညွှန့်ကမီဒီယာများသို့ ပြောကြားထားကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

အလားတူ တရုတ်နိုင်ငံအလံတော် မီးရှိုမှုကြောင့် ထောင်ဒဏ်အပြစ်ပေးခံထားရသူ တင်ထွဋ်ပိုင်တို့ လွတ်မြောက်လာပြီး ဒေါ်နော်အုန်းလှနှင့် ကိုရဲမင်းဦး၊ ကိုထင်ကျော်တို့မှာမူ သက်ဆိုင်ရာတရားရုံး အသီးသီးမှ ရင်ဆိုင်နေရသည့် အမှုများကို ပယ်ဖျက်လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့ကြောင်းကိုလည်း သိရှိ ရသည်။

အလားတူ ဇန်န၀ါရီလ (၃)ရက်နေ့တွင် ABSDF အဖွဲ့မှ ရဲဘော်သံချောင်းကိုလွတ်မြောက်ပေးမည်ဖြစ်သလို လွတ်လပ်ရေးနေ့၌ လည်း နိုင်ငံရေးအကျဉ်းသားများထပ်မံလွတ်ပေးဖွယ်ရှိကြောင်း အကျဉ်းဦးစီးမှ တာဝန်ရှိသူအချို့က ဆိုသည်။ “ သမ္မတကြီးက သူ့ရဲ့စကားကို တည်အောင်လို့ လွှတ်ပေးနေတာပါ ၊ ကျန်တဲ့ သူတွေကိုလည်း လွှတ်ဖို့နည်းလမ်း ရှာနေပါတယ် ၊ ကျန်နေသေးတဲ့သူတွေကို လာမယ့် လွတ်လပ်ရေး နေ့မှာ လွှတ်ဖို့ရှိတယ်လို့ သတင်းကြားတယ်” ဟု အိုးဘိုအကျဉ်းဦးစီးဋ္ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတထုတ်ပြန်ကြေညာခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကြေညာစာ ၅၁/၂၀၁၃ အရ လွှတ်ပေးရန် ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသားများကိုပြန်လည်လွှတ်ပေးရာ၌ မန္တလေးအိုးဘို အကျဉ်းထောင်မှအကျဉ်းသား (၉)ဦး ဒီဇင်ဘာလ(၃၁)ရက်နေ့က နေ့လည်(၂)နာရီအချိန်က လွတ်မြောက်လာသည်။ အဆိုပါလွှတ်ပေးခဲ့သူများတွင် ဘာသာရေးပဠိပက္ခများဖြစ်ပွားစဉ်က မန္တလေး မြို့တွင် ထိုသို့ဖြစ်ပေါ်ရန်ကြံစည်သည်ဟု ယူရသူများကို ဖမ်းဆည်းခဲ့စဉ်က ပါဝင်သွားသူများလည်း ပြန်လည်လွတ်မြောက်လာသည်။ “ အဲဒီတုန်းက ကျွန်ဘော်မှမသိဘူး ၊ ရဲမှူးက ခေါ်ခိုင်းတယ် ဆိုလို့လိုက်သွားတာ ၊ ပြီးတော့ အချုပ်ထဲတန်းထည့် လိုက်တယ် ၊ ကျွန်တော်က လူမှုရေးအဖွဲ့တွေကို ကူညီမှုပေးနေတဲ့သူပါ ” ဟု ပြန်လည်လွတ်မြောက်လာသည့် ကိုမြင့်အေးက ပြောသည်။ နိုင်ငံတော်သမ္မတရုံးမှထုတ်ပြန်သည့်အမိန့်ကြေညာချက်တွင် အချက်(၆)ချက်ပါဝင်ပြီး မတရားအသင်း ၊ နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှုနှင့်အကြည်အညိုပျက်စေမှု ၊ စီတန်းလှည့်လည်မှုနှင့် သက်ဆိုင်သည့် ပြစ်မှုများ ၊အများပြည်သူ အကျိုးပျက်စီးစေသည့် (၅၀၅) နှင့်ငြိစွန်း၍ ပြစ်ဒဏ်ချမှတ်ခံရသူများ၊ အမှုရင်ဆိုင်နေ ရဆဲဖြစ်သူများအား ပြန်လည်လွှတ်ပေးခဲ့ ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ အဆိုပါအမိန့်ကြေညာချက်အပေါ် နားလည်မှုမရှိသူအများပြည်သူများက ယင်းတို့နှင့်သက်ဆိုင်သည့် အခြားပြစ်ဒဏ်ကျခံ နေရသူများပါ ပြန်လည်လွတ်မြောက် လာမည့်ဟုယူဆသဖြင့် မန္တလေးဗဟို အကျဉ်းထောင် အရှေ့တွေ လွှတ်ရက်မတိုင်ခင် ကတည်းက ညအိပ်စောင့်စားခဲ့ကြသည်ဟု ပတ်ဝန်းကျင်မှ သိရှိရသည်။

“ ကျမတို့မနေ့ညကတည်းက လာစောင့်နေတာပါ ၊ ကျမသားက လူရိုက်မှုနဲ့ ထောင်ကျနေတာ(၃)လရှိပြီ ၊ နောက်လဆိုလွတ်တော့မှာဆိုပေမယ့် အခုလွတ်ငြိမ်းချမ်းသာခွင့်နဲ့ အားလုံးလွှတ်တော့မယ်ဆိုလို့ ၊ ပါမလားပြီး ညအိပ်လာစောင့်နေတာ” ဟု ပြည်ကြီးတံခွန်မြို့နယ်မှ အမျိုးသမီးတစ်ဦးက ပြောသည်။ နိုင်ငံတော် သမ္မတဦးသိန်းစိန် အစိုးရသစ်လက်ထက်တွင် နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်မှာ (၁၅)ကြိမ်ရှိပြီဖြစ်ပြီး လက်ရှိ ကျဉ်းထောင်များအတွင်းတွင် နိုင်ငံရေးပုဒ်မများနှင့် အမှုရင်ဆိုင်နေရသူ (၁၀၀)ကျော် နှင့် ထောင်ကျနေသည့် နိုင်ငံရေးအကျဉ်းသားအချို့ကျန်ရှိနေသေးသည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဒီဇင်ဘာလ(၃၀) ရက် နေ့က ပြောကြားထားသည်။

“ဇန်န၀ါရီ လဆန်းပိုင်းမှာလည်း ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဦးမယ်လို့ကြားတယ်၊ ဒီနေ့လွှတ်တဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားအရေအတွက် တော်တော်နည်းနည်းတယ်၊ သမ္မတက လွှတ်မယ်လို့ ပြောထားတာပဲ၊ အချုပ်အနှောင်ဆိုတာကောင်းတာမဟုတ်ဘူး၊ အဲ့တော့ မိသားစုဝင်တွေ ပျော်ရွင်နိုင်အောင် အကုန်လုံးလွှတ်ပေးလိုက်ပေါ့ဗျာ” ဟု ဦးထွန်းကြည်ကပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတက လက်ကျန်နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီကတင်ပြခဲ့သည့် အကျဉ်းသား ငါးဦးကို ဒီဇင်ဘာလ ၃၀ ရက်နေ့က စတင်ကာ ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတပြောရေးဆိုခွင့်ရှိသူနှင့်ပြန်ကြားရေးဝန်ကြီးဋ္ဌာနဒုတိယ၀န်ကြီး ဦးရဲထွဋ်က ၄င်းလူမှုကွန်ယက်စာမျက်နှာ၌ ထုတ်ပြန်ထားသည်။

“ အဆိုပါ အကျဉ်းသားငါးဦးဟာ နိုင်ငံတော်သမ္မတရုံးရဲ့ အမိန့်အမှတ် ( ၅၁/ ၂၀၁၃) နဲ့ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးခဲ့တဲ့ ပြစ်မှုများနဲ့ အကျုံးမ၀င်သော်လည်း ၎င်းတို့ အရေးယူခံရတဲ့ပြစ်မှုများကို ကော်မတီက စိစစ်ပြီး ထောက်ခံတင်ပြခဲ့တဲ့အတွက် ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့တာ ဖြစ်ပါတယ်” ဟု ဦးရဲထွဋ်၏ လူမှုကွန်ယက်၌ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အမိန့်အမှတ် ၅၁/ ၂၀၁၃ နှင့် ယခု ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ပြုတဲ့ အမိန့်များ ကြောင့် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများ မရှိတော့ကြောင်း၊ နိုင်ငံတော်သမ္မတဟာ ၂၀၁၃ ခုနှစ် ကုန်မှာ နိုင်ငံရေးအကျဉ်းသားများ လုံးဝ မရှိအောင် ဆောင်ရွက်မယ်လို့ ပြည်သူများကို ပေးအပ်ထားတဲ့ ကတိအတိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီ ဖြစ်ကြောင်းကိုလည်း တဆက်တည်းဖော်ပြခဲ့သည်။

အဖွဲ့ဝင် ၁၉ ဦးပါဝင်သည့် လက်ကျန်နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ စတင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါကော်မတီ၏ ထောက်ခံတင်ပြချက်အရ နိုင်ငံတော်သမ္မတက စုစုပေါင်းအကျဉ်းသား ၃၅၄ ဦးကိုပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာ ခွင့်ပြုခဲ့ပြီးဖြစ်သည်ဟု သိရှိရသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။