/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, January 24, 2014

.

ဖက်ဒရယ်စနစ် ဗမာလူမျိုးများ မထောက်ခံလျှင် ဖြစ်မလာနိုင်ဟု ဗိုလ်ချုပ်ကြီး အင်ဘန်လ ပြော


တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ညီလာခံ, အပစ်အခတ် ရပ်စဲရေး, NCCT, လောခီးလာ, ကရင်ပြည်နယ်, KNU,  UNFC

တိုင်းရင်းသား အများစု တောင်းဆိုနေသည့် ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို ဗမာလူမျိုးများ ပါဝင် ထောက်ခံမှု မရှိပါက ဖြစ်ထွန်း လာနိုင်မည် မဟုတ်ကြောင်း ကချင် တိုင်းရင်းသား ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြား လိုက်သည်။


ကရင်ပြည်နယ် ကရင်အမျိုးသား အစည်းအရုံး (KNU) ဌာနချုပ် လောခီးလာတွင် ဇန်န၀ါရီ ၂၀ ရက်က စတင် ကျင်းပနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ညီလာခံ စတုတ္ထနေ့ ဖြစ် သော ယနေ့တွင် ပြောကြားခြင်း ဖြစ်သည်။

“အစိုးရဘက်က အားသာမှုက များနေတယ်။ ဒီတော့ ကျနော်တို့ဘက်က အားသာမှု ရလာအောင်ဆိုရင် ကျနော်တို့က စည်းလုံးမှုကို ပိုပြီးတော့ ကြိုးစားလုပ်ရမှာ ဖြစ်ပါတယ်။ ဗမာလူမျိုးတွေကိုယ်နှိုက်က ကျနော်တို့ လိုချင်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု၊ အမျိုးသားကို အခြေခံတဲ့ ပြည်ထောင်စုကြီး ဖြစ်လာအောင် ဗမာလူမျိုးတွေက ထောက်ခံပေးရမှာ ဖြစ်တယ်။ ဗမာလူမျိုးတွေ မထောက်ခံလို့တော့ မရဘူး။ ဘယ်လိုမှ ဖြစ်လာမှာ မဟုတ်ဘူး။ ဒါကြောင့်မို့ ကျနော်တို့က ရှေ့ဆက်ပြီးတော့ တော်တော်ပဲ ကြိုးစား ရဦးမှာ ဖြစ်တယ်။ ကျနော်တို့ ပေါ့ပေါ့ဆဆ လုပ်လို့ မရဘူး”ဟု တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC) ဥက္ကဌ လည်း ဖြစ်သည့် ဗိုလ်ချုပ်ကြီး အင်ဘန်လ က ပြောသည်။

လက်ရှိတွင် ဗမာလူမျိုးများသာမက ပြည်သူလူထု ပါဝင်မှုမှာပါ အားနည်းနေသေးကြောင်း၊ စုစုစည်းစည်း ပါဝင်မှု မရှိသေးကြောင်း၊ သို့အတွက် စည်းရုံးမှုနှင့် စည်းလုံးမှုကို ပိုမိုလုပ်ဆောင် သင့်ပြီဖြစ်ကြောင်းလည်း ၎င်းက တိုက်တွန်းသည်။

“ဖက်ဒရယ်စနစ်ကို တိုင်းရင်းသားတွေ တောင်းနေတာ နှစ် ၆၀ ကျော်ပြီ။ ပြည်သူတွေဘက်က အားပေးတာ လိုသေးတယ်။ ဒီအခြေ အနေ ဆိုရင် အစိုး ရဘက်က သာသွားဖို့ များနေတယ်။ အားသာဖို့ရဖို့ စည်းရုံးမှု တွေ ပိုလုပ်ဖို့လိုတယ်”ဟု ဗိုလ်ချုပ်ကြီး အင်ဘန် လ က ပြောသည်။

ထို့အပြင် လက်ရှိအခြေအနေတွင် အစိုးရပိုင်းမှ အပစ်အခတ်ရပ်စဲရေး သဘောသာရှိကြောင်း၊ နိုင်ငံရေး ဆွေးနွေးရန် သဘောထား မရှိသေး၍ စည်းလုံးကြရန်လိုကြောင်းလည်း ၎င်းက ဆိုသည်။

ဗိုလ်ချုပ်ကြီး အင်ဘန်လက ဆက်လက်ပြီး“တောင်းဆိုရင်လည်း စုစုစည်းစည်း ခိုင်မာအောင် လုပ်ရမယ်။ ဒါမျိုးပြောလို့ အစိုးရကကြိုက်ပါ့မလားလို့ တွေးနေပြီး မပြောရဲရင် လိုချင်တာကိုရမှာ မဟုတ်ဘူး။ လိုချင်တာ ကို ပြတ်ပြတ်သားသား တောင်းဆိုရမယ်။ ပွင့်ပွင့်လင်းလင်း တောင်းဆိုရမယ်။ အခုအချိန် ထိတောင်းဆိုတာ မရဲသေးဘူး။ သမ္မတကြီး မကြိုက်မှာ၊ ကာချုပ် မကြိုက်မှာ ကြောက် နေတုန်းပဲ။ ပင်လုံစာချုပ် ခိုင်ခိုင်မာမာ မရှိလို့ အခုလိုဖြစ်တာ။ ဒီနေ့လည်း ခိုင်ခိုင်မာမာဖြစ်အောင် မလုပ်ရင်ရှေ့ဆက်လည်း ဒီလိုဖြစ် နေမယ်”ဟု ပြောဆိုသည်။

အစိုးရအနေဖြင့် လက်ရှိတွင် တိုင်းရင်းသားများနှင့်အတူ အပစ်အခတ်ရပ်စဲရေးကို တက်ကြွစွာ လုပ်ဆောင် နေသော်လည်း ခိုင်မာစွာ မလုပ်နိုင်ပါက ယခင်ကဲ့သို့ပင် တိုက်ပွဲများပြန်လည် ဖြစ်ပွားလာမည်ကို တိုင်းရင်း သား ခေါင်းဆောင်တချို့က စိုးရိမ်လျက် ရှိကြောင်း သိရသည်။

“အစိုးရဘက်က သူတို့လက်ရှိသက်တမ်းမှာ အပစ်ရပ်နိုင်ဖို့ တော်တော်လုပ်တယ်။ ဖက်ဒရယ် ပြည်ထောင်စု ပေါ်မပေါ်ဆိုတာ အသာ ထား။ သူတို့က သူတို့သက်တမ်းမှာ အောင်မြင်မှုရချင်လို့ကို အပစ်အခတ်ရပ်ဖို့ အရမ်း လုပ်ချင်တယ်။ ဒီဟာကို တကယ်ဆန္ဒတော့ရှိတယ်။ နိုင်ငံရေးဆွေးနွေးဖို့အထိ ဖြစ်လာနိုင်မယ်။ သူတို့က အဓိကကတော့ အပစ်ရပ်ရေးကို တဖြတ် ဖြတ်ချင်နေတာ။ ပြည် ထောင်စု ပေါ်လာရေး မပေါ်လာ ရေးကို သိပ်ပြီး ခေါင်းထဲမထားဘူး”ဟု NCCT အဖွဲ့ဝင် ဦးခွန်ဥက္ကာကလည်း ပြောသည်။

အစိုးရနှင့် အပစ်အခတ်ရပ်ရာတွင် ပိုမိုခိုင်မာစေရန် တိုင်းရင်းသားများက လိုလားလျက်ရှိပြီး ပိုမိုခိုင်မာ တိကျသည့် တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်ဖြစ်နိုင်ရန် အတွက် ပါဝင်လက်မှတ်ထိုးမည့် သူများကို ထပ်မံတိုးသွားရန် စီစဉ်ထားကြောင်း လည်း သိရသည်။

“အခု ကျနော်တို့ကို အုပ်ချုပ်နေတဲ့ အစိုးရဟာ အင်မတန်မှ ဉာဏ်များတယ်။ ဒါအားလုံး အသိဖြစ်တယ်။ ဟာကွက်လေး နည်း နည်း ရှိရင် သူက အဲဒါကို အသုံးချပြီးတော့ ကျနော်တို့ကို တိုက်ဖျက်နိုင်တယ်။ ကျနော် တို့ရဲ့ စုစည်းမှုကိုလည်း တိုက်ဖျက်နိုင် တယ်။ ဒါကြောင့်မို့ ဒါတွေမဖြစ်ရလေအောင် ကျနော်တို့ဟာ စုစုစည်းစည်းနဲ့ ခိုင်ခိုင်မာမာ ကျနော်တို့ လိုချင်တာတွေကို ပြတ်ပြတ် သားသား တောင်းဆိုဖို့ လိုတယ်”ဟု UNFC ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောသည်။

လက်ရှိအချိန်တွင် လော်ခီးလာညီလာခံ၌ ဆွေးနွေးနေသော အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းကို အစိုးရဘက်က လက်မှတ်ရေး ထိုး စေလိုနေကြောင်း၊ ထို့အပြင်၂ဘက်စလုံးကလည်း လက်မှတ်ထိုးရန် စိတ်အား သန်လျက် ရှိနေကြောင်း၊ သို့ရာတွင် တိုင်းရင်း သား အများစုမှာ မူဝါဒပိုင်းဆိုင်ရာ၊ နိုင်ငံရေးပိုင်း ဆိုင်ရာ စိုးရိမ်မှုနှင့် တင်ပြမှုများရှိနေကြောင်း သိရသည်။

လောခီးလာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ညီလာခံ စတုတ္ထနေ့ ဖြစ်သော ယနေ့တွင် ညီလာခံ တက်နေသည့် ဗိုလ်ချုပ်ကြီး အင်ဘန်လ (ညာဘက်က စာရွက်ဖတ်နေသူ) (ဓာတ်ပုံ – မေခ / ဧရာဝတီ)

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။