/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, January 24, 2014

.

နမ့်စန်မှာ ဒေါ်အောင်ဆန်းစုကြည်လေယာဉ်ဆင်းဖို့ တပ်က ခွင့်မပြု



ရှမ်းပြည်နယ် နမ့်စန်မြို့ရှိ တပ်မတော်လေယာဉ်ကွင်းမှာ ခေတ္တ လေယာဉ်ဆင်းသက်ခွင့် မရရှိတာကြောင့် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ခရီးစဉ်ကို ပြောင်းလဲပြီး စီစဉ်ထားတယ်လို့ စီစဉ်သူ တွေက ပြောပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှမ်းပြည်နယ် ၃ မြို့နယ်ခရီးစဉ် အတွက် နေပြည်တော်ကနေ လေယာဉ်နဲ့ ထွက်ပြီး နမ့်စန်မြို့က လေယာဉ်ကွင်းမှာ ဆင်းဖို့ လွန်ခဲ့တဲ့ ရက်ပိုင်းက မေတ္တာရပ်ခံ တင်ပြထားတာဖြစ်ပြီး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံကိုပါ မေတ္တာရပ်ခံ ထားတာပါ။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံက တစုံတရာ အကြောင်း ပြန်ကြားမှု မရှိတဲ့အတွက် ဟဲဟိုးလေယာဉ်ကွင်းမှာပဲ ဆင်းပြီး ခရီးစဉ်ကို ဆက်လက်စီစဉ်လိုက်တယ်လို့  ခရီးစဉ်အတွက် ဆောင်ရွက် သူ တဦး ဖြစ်တဲ့ ဦးရဲလှိုင်က ပြောပါတယ်။


“ကာကွယ်ရေး ဦးစီးချုပ်အထိ ပို့တဲ့ဟာကို မနေ့က အထိ အကြောင်းမပြန်ဘူး။ ဒီနေ့ အချိန်အထိ အကြောင်း မပြန်သေးဘူး။”

ဌာနေပြည်သူ့စစ် ဟိုမိန်းအဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မိုးနဲအထက်ဘက် ဆိုက်ထယ်ရွာမှာ တွေ့ဆုံနိုင်ဖို့ ကနဦးပိုင်းတုန်းက စီစဉ်ထားချက်ဟာလည်း စစ်တိုင်းမှူးက တားမြစ်တဲ့အတွက် ဖျက်လိုက်ရတယ်လို့ ဦးရဲလှိုင်က ပြောပါတယ်။

“ဟိုမိန်းအဖွဲ့က ပထမ တွေ့မယ်ပြောတော့ အန်ကယ်ဦးဝင်ထိန်တို့နဲ့ တွေ့လို့ရမယ့် အစီအစဉ်တွေလုပ်တော့ နောက်တော့ စစ်တိုင်းမှူးက မင်းတို့နဲ့ မဆိုင်ဘူး မင်းတို့ မတွေ့ရဘူးပြောတော့ အဲဒီ အစီအစဉ်က ပျက်သွား တယ်။ သူတို့က တွေ့ချင်တယ် နောက်တော့ စစ်တိုင်းက ဖိအားပေးလို့ မတွေ့ရဘူးလို့ သူတို့ တာဝန်ခံက ကျနော်ကို အဲလို ပြောပါတယ်ခင်ဗျ။”


ဒေါ်အောင်ဆန်းစုကြည်က ဒီနှစ်ဆန်းကစလို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး ဟောပြောပွဲ တွေကို ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်တွေမှာ ဆောင်ရွက်ခဲ့ပြီး ရှမ်းပြည်နယ်ကို လာရောက် ဖို့ ဖြစ်ပါတယ်။ လင်းခေးမြို့မှာတော့ ဘုန်းကြီးကျောင်းကို ၀င်ရောက်ပြီး သံဃာတော်တွေ၊ လူငယ်တွေနဲ့ တွေ့ဖို့ စီစဉ်ထားပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် နိုင်ငံတော် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော် ဥက္ကဋ္ဌတွေနဲ့ လေးပွင့်ဆိုင် တွေ့ဆုံလိုကြောင်း ထပ်မံ မေတ္တာရပ်ခံခဲ့ပါတယ်။ 

http://burmese.dvb.no/?p=50704#sthash.6tKLRpJD.dpuf

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။