/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, January 24, 2014

.

တိုင်းရင်းသား လက်နက်ကိုင်အားလုံး အပစ်ရပ်ပြီးမှ နိုင်ငံရေး ဆွေးနွေး သင့်ဟု ဗိုလ်ချုပ်ဂွမ်မော်ဆို



ပြည်တွင်း ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်မှု ပြန်လည် တည်ဆောက်ရာတွင် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အားလုံး အနေ နှင့် အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးပြီးမှသာ နိုင်ငံ ရေး ဆွေးနွေးပွဲများ ပြုလုပ်သင့်ကြောင်း KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောကြား လိုက်သည်။


ဇန်နဝါရီလ ၂၃ ရက်နေ့က ကရင်ပြည်နယ်ရှိ ကရင် အမျိုးသား အစည်းအရုံး (KNU) ဌာနချုပ် လေးဝါး စခန်းတွင် ပြုလုပ်နေသော ဒုတိယအကြိမ် တိုင်းရင်း သား လက်နက်ကိုင် ထိပ်သီးညီလာခံ (လော်ခီး လာ) စတုတ္ထနေ့ အစီအစဉ်အပြီး သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ်အတွင်း ကျင်းပသော အစိုးရနှင့် KIO/KIA အဖွဲ့တို့ဆွေးနွေးပွဲ များတွင် KIO က နိုင်ငံရေးသာ အရင်ဆုံး ဆွေးနွေး လိုကြောင်း၊ နိုင်ငံရေး ဆွေးနွေးမှု ရလဒ်ထွက်ပေါ်မှသာ အပစ်ရပ်မည် ဖြစ်ကြောင်း ပြောဆိုထားသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အများစုအကြား ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး စာချုပ်များ ချုပ်ဆိုထားသော်လည်း အဆိုပါ လက်မှတ်ထိုးပြီးသည့် အဖွဲ့များမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးသည့်အခါ ပြန်လည် ပါဝင်ရန် ရှိ မရှိကို အတိအကျ မသိရကြောင်း ၎င်းကပြောကြားသည်။

“ကေအိုင်အိုအနေနဲ့ စဉ်းစားတာက အားလုံးတစ်နေရာမှာ ဆုံကြပြီး လက်မှတ် ရေးထိုးပြီးတော့ နိုင်ငံရေး ဆွေးနွေးပွဲကို သွားသင့်တယ်ဆိုတဲ့ အယူအဆပေါ်မှာ ပြောနေတာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ် ဂွမ်မော်က ဆိုသည်။

KNU အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အများစုနှင့် အစိုးရတို့ အပစ်ရပ်စာချုပ်များ လက်မှတ် ရေးထိုးပြီး ဖြစ်သော်လည်း အစိုးရနှင့် ကေအိုင်အိုတို့ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ခြင်း မရှိသေးကြောင်း၊ နိုင်ငံလုံးအဆင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ရန် သေချာမှသာ အစိုးရနှင့် ကေအိုင်အို တို့ အပစ်ရပ် လက်မှတ်ထိုးနိုင်မည် ဖြစ်ကြောင်း ကချင် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) က ထုတ်ပြန် ထားသည်။

အစိုးရနှင့် လက်မှတ်ရေးထိုးမည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် မည်သည့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ ပါဝင်မည်ကို လော်ခီးလာ (စခန်းသာ) ညီလာခံတွင် ပြန်လည် စိစစ်မည် ဖြစ်ပြီး အစိုးရကမူ နှစ်ဖက် အပစ်ရပ်စာချုပ်တွင် တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ့ကိုသာ ပါဝင်စေလိုကြောင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ထံမှ သိရသည်။

ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အပစ်အခတ်ရပ်စဲရေး ဆွေးနွေး ရာတွင် နိုင်ငံရေး ဆွေးနွေးမှု အခန်းကဏ္ဍကို ဦးစွာဆွေးနွေး လိုကြောင်း တိုင်းရင်းသား အဖွဲ့ အချို့က ပြောဆိုထားသော်လည်း တစ်နိုင်ငံလုံး အပစ်ရပ်ပြီးမှသာ နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်နိုင်မည် ဖြစ်ကြောင်း အစိုးရက တုံ့ပြန်ထားသည်။

The Voice Weekly

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။