/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, December 19, 2013

.

နိုင်ငံရေးပါတီငယ်များစုစည်း၍ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA) အား ဖွဲ့စည်းမည်



နိုင်ငံရေးပါတီများစုစည်း၍ ဖက်ဒရယ် ဒီမို ကရေစီမဟာမိတ် (FDA) အား ဖွဲ့စည်းမည် ဖြစ်ကြောင်း ကရင် ပြည်သူ့ပါတီ ဥက္ကဋ္ဌ ရန်ကုန် တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးစောထွန်းအောင်မြင့် က ပြောကြားသည်။


ဒီဇင်ဘာ ၁၈ ရက်က အမျိုးသားဒီမိုကရေစီ အင်အား စု ပါတီ ဌာနချုပ်၌ အဆိုပါ အဖွဲ့ ဖွဲ့စည်း ရေးကို ပါတီကိုး ပါတီမှ ကိုယ်စားလှယ်များ တက်ရောက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး (FDA) အမည်အား ရွေးချယ်အ တည်ပြုကာ မူဝါဒစည်းမျဉ်းများ ရေးဆွဲ၍ ဖွဲ့စည်းရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြပြီး အကြမ်းဖျင်းအားဖြင့် တစ်မျိုးသားလုံးသွေးစည်းညီညွတ်ရေး၊ အာဏာရှင်နိုင်ငံရေး တစ်ကျော့ တစ်ဖန်ပြန်မလာရေး၊ အမျိုးသား အကျိုးစီးပွားနှင့် အမျိုးသားလုံခြုံရေးကို ဦးထိပ်ပန်ဆင်ရေး၊ နိုင်ငံတော်၏ ဒေသအသီးသီးရှိ ပြည်သူများ လူမှုစီးပွားရေးဘ၀တစ်ပြေးညီ တိုးတက်ရေး၊ ပြည်ထောင်စုနိုင်ငံသား အားလုံးပါဝင်သည့် နည်းပညာမြင့် ခေတ်မီ အမျိုးသားတပ်မတော်တစ်ရပ် ပေါ်ထွန်းရေး တို့အား အဓိကရည်မှန်းချက်ချမှတ်ထားကြောင်း သိရသည်။

" ကျွန်တော်တို့ ပါတီငယ်လေးတွေ ပိုပြီးတော့ နိုင်ငံတော်အတွက် ဘယ်လိုများ စွမ်းဆောင်နိုင်မလဲ စဉ်း စားပြီးတော့ အကယ်၍ ကျွန်တော်တို့ ပါတီငယ်လေးတွေ စုစည်းပြီးပေါင်းပြီး လုပ်ဆောင်မယ်ဆို ရင်ပိုပြီး တော့ နိုင်ငံတော်အတွက် အကျိုးရှိမယ်။ ပိုထိရောက်မယ်ဆိုပြီး စဉ်းစားတိုင်ပင်ကြတာပါ။ ဒီနေရာကအစပဲ ရှိပါသေးတယ်။ လုပ်သင့်သလား။ မလုပ်သင့်သလား ဒါကို ကျွန်တော်တို့ ဆွေးနွေးတိုင်ပင်တယ်။ အကြမ်း ဖျင်းအားဖြင့် နာမည်လေးတစ်ခုရတယ် " ဟု တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးစောထွန်းအောင်မြင့် က ပြောကြားသည်။

ထိုကဲ့သို့ (FDA) အမည်ဖြင့် ဖွဲ့စည်းရန် အတည်ပြုခဲ့သော ကိုးပါတီမှာ အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စုဒီမိုကရေစီပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီဖြစ်ပြီး ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ ကရင်ဒီမိုကရက် တစ်ပါတီတို့မှာ တက်ရောက်ရန် ဖိတ်ကြားထားသော်လည်း ခရီးလွန်နေသဖြင့် တက်ရောက်နိုင်ခြင်းမရှိ ကြောင်း သိရသည်။

ထို့အပြင် ယခုဖွဲ့စည်းမည့် (FDA) တွင် ယခင်ဒီမိုကရေစီ မိတ်ဆွေပါတီများအစု အဖွဲ့တွင်ပါဝင်သော ပါတီ ငါးပါတီ ပြန်လည်ပါဝင်လာသော်လည်း အဆိုပါငါးပါတီကို အခြေခံ၍ ဖွဲ့စည်းခြင်းမျိုးမဟုတ်ဘဲ (FDA) သည်အဖွဲ့သစ်သာဖြစ်ပြီး ဒီမိုကရေစီမိတ်ဆွေပါတီများ အစုအဖွဲ့မှာ လုပ်ငန်းဆောင်တာများရပ်သွား သည့်သဘောဖြစ်ကာ သမိုင်းစာမျက်နှာတွင်ကျန်ခဲ့ပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။

အကယ်၍ မူဝါဒများချမှတ် ဖွဲ့စည်းပါက ယင်း ၁၁ ပါတီအပြင် အခြားပါတီသစ်များကို ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း ၀န်ကြီး ဦးစောထွန်းအောင်မြင့်က ပြောကြားသည်။

 ဒီဇင်ဘာ ၁၈ ရက်က အမျိုးသားဒီမိုကရေစီအင်အားစုပါတီဌာနချုပ်၌ နိုင်ငံရေးပါတီများ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်အဖွဲ့ဖွဲ့ရေး ဆွေးနွေးစဉ်

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။