/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, December 19, 2013

.

တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုး သတ်မှတ်ထားခြင်းအပေါ် လ၀က၀န်ကြီးနှင့် လာမည့်ဇန်န၀ါရီလအတွင်း တွေ့ဆုံဆွေးနွေးလိုဟု UNA နှင့် NBF ပူးတွဲကြေညာချက်ထုတ်ပြန်

တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုး သတ်မှတ်ထားခြင်းအပေါ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီး ဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် လာမည့်ဇန်န၀ါရီလအတွင်း တွေ့ဆုံဆွေးနွေးလိုဟု ညီနောင်တိုင်းရင်း သားများ ဖက်ဒရေးရှင်း (NBF)နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)တို့က ဒီဇင်ဘာ ၁၇ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။


ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF) နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် အဖွဲ့ (UNA) တို့သည် ဒီဇင်ဘာ ၁၇ ရက်က ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်၌ UNFPA၊ လ၀ကအရာ ရှိများနှင့် သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်အပြီး ကြေညာချက် ထုတ်ပြန်ရာ၌ ယင်းကဲ့သို့ ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းမှ ဦးဇိုဇမ်က "ကျွန်တော်တို့ ဒီနေ့ဆွေးနွေးတဲ့အထဲမှာ တိုင်း ရင်းသား ၁၃၅ မျိုးနဲ့ ပတ်သက်ပြီး အဓိကထား ဆွေးနွေးသွားတာတွေရှိတယ်။ ဒီအထဲမှာ တက်ရောက်လာ တဲ့ တိုင်းရင်းသားနိုင်ငံရေး ပါတီတွေက ကိုယ်စားလှယ်တွေအားလုံးက ဒီသန်းခေါင်စာရင်း ကောက်ယူမှုမှာ တိုင်းရင်းသား ၁၃၅ မျိုးအပေါ်မှီပြီး ကောက်မယ်ဆိုတာကို လက်မခံဘူး။ ဒီလိုကောက်ယူခြင်းအားဖြင့် ကျွန် တော်တို့ အခင်းအကျင်းတွေဟာ အများကြီး ပြောင်းလဲသွားနိုင်တယ်။ ဒါမျိုးက ကျွန်တော်တို့ တိုင်းရင်းသား ရေးရာဝန်ကြီး လျှောက်တဲ့နေရာမျိုးမှာဆို ဒီအချက်အလက်တွေတိုင်း ထားမယ်ဆိုရင် တစ်မျိုးတစ်ဖုံ ပြောင်း သွားမှာကို ကျွန်တော်တို့ စိုးရိမ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီတိုင်းရင်းသား ၁၃၅ မျိုးနဲ့ပတ်သက်ပြီး လ၀ကနဲ့ ကျွန်တော်တို့ တိုင်းရင်းသားပါတီတွေ၊ တိုင်းရင်းသားလူမျိုးတွေ၊ တိုင်းရင်းသားကိုယ်စားလှယ်တွေ အကြီးအကျယ် ညှိနှိုင်းဆွေးနွေးမှု ရှိသင့်ပါတယ်။ ဒါကြောင့် ဒီဟာနဲ့ပတ်သက်ပြီး ဘယ်ဟာက ပိုနေတယ်။ ဘယ်လူမျိုးက နှစ်ခါထပ်နေတယ်ဆိုတာ ကျွန်တော်တို့ လ၀ကကို ရှင်းပြဖို့လိုနေတယ်လို့ ထင်တယ်" ဟု ဆိုသည်။

ထို့ပြင် သန်းခေါင်စာရင်း ကောက်ယူရာ၌ ဒေသသုံးဘာသာစကား အခက်အခဲများ၊ တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးသတ်မှတ်ခြင်း ကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဆွေးနွေးရန် လိုလားခြင်းဖြစ် ပြီး အစိုးရအနေဖြင့်လည်း တိုင်းရင်းသားလူမျိုး စာရင်းအချက်အလက်များ ကောက်ယူထာခြင်းနှင့် ပတ် သက် ၍ အပြန်အလှန် ဆွေးနွေးလိုကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

"သူတို့က ဒီကိစ္စနဲ့ပတ်သက်ပြီး ရှင်းပြတာမရှင်းပြတာထက် ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ကျွန်တော်တို့ က ဆွေးနွေးပွဲ အကြီးကြီးလုပ်ဖို့ မျှော်လင့်တယ်။ ဒီလိုအပေါ်ကနေ ဆင်းလာပြီးတော့ ငါတို့က ဒီလိုလုပ် တယ် ဆိုတာကို ကျွန်တော်တို့က လက်မခံဘူး။ ဒါပေမဲ့ဒီဟာကို ကျွန်တော်တို့အခြေခံ အချက်အလက် ယူ တာကိုတော့ မှန်မှန်ကန်ကန် ဖြစ်စေချင်ပါတယ်" ဟု ဦးဇိုဇမ်ကဆိုသည်။

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရာတွင် တိုင်းရင်းသားနိုင်ငံရေး ပါတီများအနေဖြင့် ဗဟိုသန်းခေါင်စာရင်း ကော်မရှင်အပါအ၀င် သက်ဆိုင်သူအားလုံး တက်ကြွစွာပူးပေါင်းဆောင်ရွက်ရန်နှင့် တိုင်းရင်းသားပြည်သူများ အနေဖြင့် သန်းခေါင်စာရင်းကောက်ယူသည့် အချိန်တွင် မိမိတို့၏ လူမျိုး အမည် မှန်ကို တိကျစွာဖြည့်သွင်း ဖော်ပြကြရန် တိုက်တွန်းထားသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်းအား ၂၀၁၄ ခုနှစ်မတ်လမှ စတင်ကာကောက်ခံ သွားမည်ဖြစ်ပြီး ယခင် ၁၉၇၃ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၃ ခုနှစ်တွင် တစ်ကြိမ်ကောက်ယူခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။