/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, December 10, 2013

.

မန္တလေးအနီးဝန်းကျင်ရှိ အထင်ကရ နေရာများအား တစ်ဦးလျှင် ကျပ် ၁၆၀၀၀ နှုန်းဖြင့် ဝေဟင်မှ ကြည့်ရှုနိုင်မည့် အပျော်စီးလေယာဉ်ခရီးစဉ် မြို့ခံများ စိတ်ဝင်စားမှုများပြား



မန္တလေး ချမ်းမြသာစည်လေဆိပ်အား အခြေပြု၍ မန္တလေးအနီးဝန်းကျင်ရှိ အထင်ကရ နေရာများအား ဝေဟင်မှ ကြည့်ရှုနိုင်ရန် အပျော်စီးခရီးစဉ်များ ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။


မြန်မာ့လေကြောင်းမှ ခရီးသည် ၁၂ဦးဆံ့ 208B Grand CaravanEX (U.S.A) လေယာဉ်များ အသုံးပြုကာ အပျော်စီးခရီးစဉ်အား တစ်ဦးလျှင် ကျပ် ၁၆၀၀၀ နှုန်းဖြင့် မန္တလေးမြို့၊ ဦးပိန်၊ စစ်ကိုင်း၊ မင်းဝံတောင်၊ ဧရာဝတီ၊ မန္တလေးတောင်နှင့် ရန်ကင်းတောင်များအား ၁၅ မိနစ်ခန့် ဝေဟင်မှ လှည့်လည် ပြသ ပျံသန်းမည်ဖြစ်ရာ မြို့ခံအများစုအပြင် ဓာတ်ပုံပညာရှင်များအနေဖြင့် စိတ်ဝင်စားမှုရှိကြောင်း သိရသည်။

"လေယာဉ် အပျော်စီးခရီးစဉ်တွေကို အခြားနိုင်ငံတွေမှာလည်း ပြေးဆွဲပျံသန်းပေးနေတာတွေ ရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း အပျော်စီးခရီးစဉ်ကို မန္တလေးကနေစပြီး ပျံသန်းပြေးဆွဲဖို့ စီစဉ်နေပါတယ်။ ၁၅ မိနစ်လောက် မန္တလေးမြို့ အနီးဝန်းကျင် အထင်ကရတွေကို ကောင်းကင်ကနေ ကြည့်ရှုနိုင်မှာဖြစ်ပြီး လူတိုင်းစီးနိုင်အောင် တစ်ယောက်ကို ကျပ် ၁၆၀၀၀ လောက် သတ်မှတ်ပျံသန်းပေးသွားမှာပါ"ဟု မြန်မာ့လေကြောင်းမှ Chief Pilot ဦးထင်လင်းက ပြောသည်။

အပျော်ခရီးစဉ်အား တစ်ပတ်လျှင် နှစ်ကြိမ်ပျံသန်းပြေးဆွဲနိုင်ရန် စီစဉ်လျှက်ရှိပြီး အသေးစိတ်နှင့် အချိန်ဇယားများအား ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး Chief Pilot ဦးထင်လင်းက "လူတိုင်းစီးနင်းနိုင်မယ့် ဈေးနှုန်းဖြစ်တာကြောင့် စိတ်ဝင်စားမှုများပြီး စီးကြမယ်လို့လည်း မျှော်လင့်ပါတယ်။ ခုမှဖွင့်တာမို့ အများစုက မသိရှိနိုင်သေးလို့ ဆက်သွယ်လာတာမျိုး မရှိသေးဘူး။ နောက်နှစ်ရက်လောက်ဆိုရင်တော့ ဆက်သွယ် လာနိုင်ပါတယ်"ဟု ဆက်လက်ပြောသည်။

"ခုလိုအစီအစဉ်ကို စိတ်ဝင်စားတာပေါ့ဗျာ။ ၁၆၀၀၀ ဆိုတဲ့ ဈေးနှုန်းကလည်း သင့်တင့်ပါတယ်။ ဓာတ်ပုံ အသင်းဝင်တွေ၊ ဓာတ်ပုံဝါသနာရှင်တွေဆိုတာ မန္တလေးဝန်းကျင် နေရာတွေကို လိုက်လံပြီး ဓာတ်ပုံရိုက် တာဆိုရင်ပဲ ဒီဈေးနှုန်းမက ကုန်ကျမှုရှိတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် မန္တလေးမြို့ကို အပေါ်စီးကနေ ရိုက်ရမယ့် ပုံတွေ မြင်ရတွေ့ရမှာမို့ ဒီအစီအစဉ်ကို ကြိုဆိုပါတယ်"ဟု ဓာတ်ပုံပညာရှင် ကိုထိုက် (ခင်ဦး)က ဆိုသည်။

အဆိုပါ လေယာဉ်အသေးများအား အဓိကရည်ရွယ်ချက်အနေဖြင့် လက်ရှိဆင်းသက် ပျံသန်းနိုင်ခြင်း မရှိသည့် နယ်စပ်ဒေသများနှင့် ဝေးလံသောဒေသများတွင်ရှိသည့် ကွင်းတို၊ ကွင်းသေးများတွင် ဆင်းသက် ပျံသန်းသွားမည်ဖြစ်ပြီး ဂန့်ဂေါ၊ ကွတ်ခိုင်၊ တနိုင်း ၊ နောင်မွန်၊ လုံးခင်း၊ မန်အောင်နှင့် မြောက်ဦးဒေသများ သို့ ဆင်းသက်နိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Eleven Media Group

(မန္တလေးချမ်းမြသာစည်လေဆိပ်တွင် မြန်မာ့လေကြောင်းမှ ခရီးသည် ၁၂ဦး ဆံ့လေယာဉ်များ မိတ်ဆက်ပြသနေသည်ကို တွေ့ရစဉ်)

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။