မြန်မာနိုင်ငံ၏ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၉ ရက်အထိ အရန်နိုင်ငံခြားငွေ ပမာဏ အမေရိကန်ဒေါ်လာ ၈ ဒသမ ၁၃ ဘီလျံခန့်နှင့် ရွှေတန်ချိန် ၇ ဒသမ ၁၅၃၃ တန်ခန့် ပိုင်ဆိုင်ထားရှိကြောင်း သိရသည်။
ရွှေတစ်တန်လျှင် ပိဿာ ၆၀၀ ကျော်ခန့်ရှိပြီး လက်ရှိကာလ ပေါက်ဈေးမှာ တစ်ပိဿာလျှင် ကျပ်သိန်း ၆၈၀ ရှိသည်ဟု (ရွှေဆိုင်ပိုင်ရှင် အချို့၏ စကားအရ) သိရပြီး ယင်းသို့ဆိုလျှင် ရွှေ ၇ ဒသမ ၁၅၃၃ တန်၏ ကာလတန်ဖိုးမှာ ကျပ်သိန်းပေါင်း ၂၉၁၈၇၉၁ ဒသမ ၂ သိန်းခန့် ဖြစ်သည်။ ယင်းကို လက်ရှိငွေလဲနှုန်း အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ၉၇၃ ကျပ် ဖြစ်နေရာ (ဖြင့်လဲလျှင်) အမေရိကန်ဒေါ်လာ ၂၉၉၉၇၈၅၄၀ ဒသမ ၅၉၆ ဒေါ်လာ (အမေရိကန်ဒေါ်လာ ၂၉၉ ဒသမ၉၇၈၅၄၁ သန်း ) ခန့်ဖြစ်သည်။
ထို့ကြောင့် လက်ရှိ နိုင်ငံခြား အရန်ငွေ ပမာဏ ၈ ဒသမ ၁၃ ဘီလျံ အမေရိကန်ဒေါ်လာ (Billion USD) နှင့် ရွှေတန်ချိန် ၇ ဒသမ ၁၅၃၃ တန်၏ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၉၉ ဒသမ ၉၇၈၅၄၁ မီလျံ (Million USD) နှစ်ရပ်ပေါင်း တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၄၂၉၉၇၈၅၄၁ ဘီလျံ (Billion USD) ခန့် ရှိပေလိမ့်မည်။
ထို့ကြောင့် ထိုငွေပမာဏသည် လက်ရှိနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ (FDI) အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၉ ဘီလျံကျော်ခန့်နှင့် နှိုင်းယှဉ်လျှင် ၁၉ ရာခိုင်နှုန်းကျော်ခန့်သာ ရှိနေသေးသည်ကို တွေ့ရသည်။
တစ်ချိန်တည်းတွင် ၂၀၁၃ ခုနှစ် ဇွန်လအထိ ပြည်တွင်းစုဆောင်းငွေ ပမာဏမှာ ကျပ် ၈၆၉၁ ဒသမ ၁၅၈၁ ဘီလျံခန့် (လက်ရှိငွေလဲနှုန်း အမေရိကန် တစ်ဒေါ်လာလျှင် ၉၇၃ ကျပ်ဖြင့် တွက်လျှင် ၈ ဒသမ ၉၃၂၃၃၁ ဘီလျံ အမေရိကန်ဒေါ်လာ (Billion USD) ခန့်ဖြစ်ရာ ယင်းငွေပမာဏသည် FDI ၏ ရာခိုင်နှုန်း ၂၀ ကျော်ခန့်သာ ရှိနေသေးကြောင်း တွေ့ရသည်။ အရန်နိုင်ငံခြားငွေ ပမာဏ ၈ ဒသမ ၁၃ ဘီလျံ (Billion USD) ၊ရွှေတန်ချိန် ၇ ဒသမ ၁၅၃၃ တန်၏ ကာလတန်ဖိုး ၂၉၉ဒသမ ၉၇၈၅၄၁ မီလျံ (Million USD) နှင့် ပြည်တွင်းစုဆောင်းငွေ ပမာဏ (ကာလတန်ဖိုး အမေရိကန်ဒေါ်လာဖြင့်) ၈ ဒသမ ၉၃၂၃၃၁ ဘီလျံ (Billion USD) ထိုသုံးခုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၃၆၂၃၀၉ ဘီလျံ (Billion USD) ခန့်ဖြစ်ပြီး ယင်းမှာ FDI ၏တန်ဖိုး (အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၉ ဘီလျံ) ၏ ၃၉ ဒသမ ၅၄၉၆၇ ရာခိုင်နှုန်းခန့်သာရှိကြောင်း တွေ့ရသည်။ (တစ်နည်းအားဖြင့် FDI ပမာဏ၏ ထက်ဝက်မျှပင် မရှိသေးဟူသော အဓိပ္ပာယ် ဖြစ်သည်။) ဆိုလိုသည်မှာ ယနေ့မြန်မာနိုင်ငံ၏ Gross Domestic Capital Formation သည် အားနည်းနေဆဲဖြစ်ပြီး ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI) ပမာဏနှင့် နှိုင်းယှဉ်ကြည့်လျှင် သိနိုင်ပါသည်။
တစ်ချိန်တည်းတွင် ယနေ့လက်ရှိ ငွေဖောင်းပွမှုနှုန်း (Inflation Rate) မှာ ၇ ဒသမ ၃ ရာခိုင်နှုန်းခန့် ရှိလာသည်ဟု သိရပြီး Money Supply ပမာဏမှာ ၂၀၁၀-၂၀၁၁ ခုနှစ်တွင် ကျပ် ၆၃၃၁ ဒသမ ၈၀ ဘီလျံ၊ ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ကျပ် ၆၇၂၂ ဒသမ ၆၂ ဘီလျံ၊ ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ကျပ် ၉၀၄၆ ဒသမ ၁၉ ဘီလျံရှိသည် ဆိုသည်ကို တွေ့ရသည်။ ထို့ကြောင့် ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ၂၀၁၀-၂၀၁၁ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ကျပ် ၃၉၀ ဒသမ ၈၂ ဘီလျံခန့် တိုးမြင့်လာသော်လည်း ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ၂၀၁၁ - ၂၀၁၂ ခုနှစ်ထက် ကျပ် ၂၃၂၃ ဒသမ ၅၇ ဘီလျံအထိ ရုတ်ခြည်းတိုးမြင့် လာရခြင်း၏ အကြောင်းရင်းကို သိရှိရန် လိုအပ်ပေလိမ့်မည်။
မြန်မာနိုင်ငံ၏ ခန့်မှန်းဘတ်ဂျက်လို ငွေပြမှု (Budget Deficit) ပမာဏမှာ ကျပ် ၂၈၈၇ ဒသမ ၄၇၉ ဘီလျံ (အမေရိကန်ဒေါ်လာ တန်ဖိုး ၂ ဒသမ ၉၆၇၆ ဘီလျံ Billion USD) ခန့်ရှိနေပြီး ယင်းဘတ်ဂျက် လိုငွေပြမှုကို လျှော့ချရန်နှင့် တတ်နိုင်သရွေ့ ဘတ်ဂျက်လိုငွေပြမှု ကြီးမားလာခြင်းနှင့်အတူ ဖြစ်ပေါ်လာနိုင်သော ငွေဖောင်းပွမှုနှုန်း မြင့်မားခြင်းကို အမြဲမပြတ် ဂရုစိုက်ရန် လိုအပ်ပေမည်။ အကြောင်းမှာ ဘက်ဂျတ်လိုငွေပြမှု ပမာဏ ကြီးမားလာခြင်း (Increased Budget Deficit) နှင့် ယင်းကို ငွေစက္ကူထုတ်ပြီး ဖြေရှင်းခြင်း (သို့မဟုတ်) Financing လုပ်ခြင်းမှတစ်ဆင့် စီးပွားရေး အကျပ်အတည်းများ (Economic Crisis) ဖြစ်ပေါ်လာလေ့ ရှိတတ်သောကြောင့် ဖြစ်သည်။ တစ်နည်းအားဖြင့် Money Supply မြင့်မားလာလျှင် ကုန်ဈေးနှုန်းများလည်း မြင့်တက်လာပြီး နိုင်ငံတကာဈေးကွက် ဈေးနှုန်းများနှင့် ပြိုင်ဆိုင်မှုစွမ်းရည် နိမ့်ကျလာပြီး အပြည်ပြည်ဆိုင်ရာ ငွေစာရင်းရှင်းတမ်း (Balance of Payments) မှာ ဆိုးရွားလာနိုင်ပါသည်။
အခြားတစ်ဖက်တွင် ကုန်သွယ်ရေး လိုငွေပြမှု (Trade Deficit) နှင့် ဘဏ္ဍာရေး လိုငွေပြမှု (Budget Deficit) တို့သည် နိုင်ငံခြားငွေကြေး လဲလှယ်နှုန်းကို တန်ဖိုးလျော့ကျ စေနိုင်သကဲ့သို့ ပြည်တွင်းစုဆောင်းမှု နှုန်းကိုလည်း နိမ့်ကျစေနိုင် ပါသည်။
ဤအထက်ပါ လက်ရှိ မြန်မာ့စီးပွားရေး အနေအထားကို အိမ်နီးချင်း ထိုင်းနိုင်ငံ၏ စီးပွားရေး အခြေအနေနှင့် နှိုင်းယှဉ်သိရှိနိုင်ရန်အတွက် ထိုင်းနိုင်ငံ၏ ၁၉၈၉ ခုနှစ် အခြေအနေနှင့် နှိုင်းယှဉ်ကြည့်မိပါသည်။ ထိုင်းနိုင်ငံ၏ ၁၉၈၉ ခုနှစ်၏ GDP သည် အမေရိကန်ဒေါ်လာ ၆၄ ဒသမ ၄ ဘီလျံဖြစ်ပြီး လူတစ်ဦးချင်း GDP သည် အမေရိကန်ဒေါ်လာ ၁၇၇၀၊ နိုင်ငံခြား အရန်ငွေကြေး ပမာဏ (ရွှေမပါ ၁၉၉၂ မတ်လ) တွင် အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၉ ဘီလျံနှင့် ရွှေအောင်စ ၂ ဒသမ ၄၇ သန်းခန့် ရှိနေခဲ့သည်။
ဆိုလိုသည်မှာ ယနေ့ ၂၀၁၃-၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ၏ GDP သည် ၅၉ ဒသမ ၄ ဘီလျံ အမေရိကန်ဒေါ်လာ (IMF အရ) ခန့်မှန်းထားရှိရာ ယင်းပမာဏသည် ထိုင်းနိုင်ငံ၏ ၁၉၈၉ ခုနှစ် GDP ၏ ၆၄ ဒသမ ၄ ဘီလျံထက် အမေရိကန်ဒေါ်လာ ငါးဘီလျံ နည်းနေသေးပြီး ကာလအားဖြင့် လွန်ခဲ့သော ၂၅ နှစ်ခန့်က ထိုင်းနိုင်ငံ၏ GDP ထက်ပင် ယနေ့မြန်မာနိုင်ငံ၏ GDP က နိမ့်ကျနေသေးခြင်း ဖြစ်သည်။ ၎င်းအပြင် ထိုင်းနိုင်ငံ၏ အရန်နိုင်ငံခြားငွေ ပမာဏမှာ (၁၉၉၂ မတ်လ) တွင် အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၉ ဘီလျံနှင့် ရွှေအောင်စ ၂ ဒသမ ၄၇ သန်း ပိုင်ဆိုင်နေခြင်းကိုလည်း တွေ့ရှိရသည်။
ယနေ့ မြန်မာနိုင်ငံ၏ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် GDP မှာ အမေရိကန်ဒေါ်လာ ၅၉ ဒသမ ၄ ဘီလျံခန့်ဖြစ်ရာ ယင်းပမာဏနှင့် ယနေ့လက်ရှိ FDI ပမာဏ အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၉ ဘီလျံနှင့် အမေရိကန်ဒေါ်လာ ၁၅ ဘီလျံခန့်သာ ကွာဟ (ခြားနား) နေကြောင်း တွေ့ရသလို ပြည်တွင်းစုဆောင်းမှု ပမာဏနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ပမာဏတို့ မြင့်မားလာရန်မှာလည်း မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ် အရေးပါကြောင်း လေ့လာတွေ့ရှိရသည်။
ပြည်ပနိုင်ငံများ အပေါ်တွင် အလွန်အမင်း မှီခိုမှု အပေါ်တွင် အားပြုသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ရံဖန်ရံခါ တည်ငြိမ်မှု အားနည်းစေနိုင် ပါသလို မက်ခရို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပုံသဏ္ဌာန်ကိုလည်း ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ပါသည်။
(ဆောင်းပါးရှင် - ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေး ပေါ်လစီ)
Credit - Eleven Media
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။