/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, October 9, 2013

.

ဆရာကြီး ဦးဂိုအင်ကာ၏ အရိုးပြာကို အိန္ဒိယမှ သယ်ဆောင်ကာ ရန်ကုန်မြစ်အတွင်း ရေမျှောခဲ့ပြီး၊ ကျန်ရှိ အရိုးပြာများကို မြစ်ကြီးနား၊ မန္တလေးတို့တွင် ဆက်လက် ရေမျှောသွားမည်



ကမ္ဘာကျော် ၀ိပဿနာတရားပြ ဆရာကြီး ဦးဂိုအင်ကာ၏ အရိုးပြာကို အိန္ဒိယနိုင်ငံမှ သယ် ဆောင်ကာ အောက်တိုဘာ ၈ ရက်၊ မွန်းလွဲ ၁ နာရီခန့်က အရိုးပြာအချို့ကို ရန်ကုန်မြစ်အတွင်း ရေမျှောခဲ့ပြီး ကျန်ရှိ နေသေးသော အရိုးပြာများကို မြစ်ကြီးနား၊ မန္တလေးတို့ရှိ ဧရာဝတီမြစ်အတွင်း ရေမျှောခြင်း ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း ဓမ္မဇောတိရိပ်သာမှ သိရသည်။


ဆရာကြီး၏ အရိုးပြာကို ရန်ကုန်မြို့၊ ဓမ္မဇောတိရိပ်သာမှ သယ်ဆောင်ကာ ဗိုလ်တထောင်ဆိပ်ကမ်းသို့ နံနက် ၁၀ နာရီခွဲတွင် ရောက်ရှိခဲ့ပြီး ဆရာကြီး၏ တပည့်များက လိုက်ပါ ပို့ဆောင်ကြည်ညိုခဲ့ကြသည်။

''ရန်ကုန်မြစ်ရဲ့ပင်လယ်ဝနားမှာ ဆရာကြီးရဲ့သားတွေက အရိုးပြာကို အလှည့်ကျ ရေမျှောခဲ့ပါတယ်။ မြေး တွေလည်းပါတယ်'' ဟု အရိုးပြာ ရေမျှောရာတွင် လိုက်ပါဆောင်ရွက်ခဲ့သူ တစ်ဦးက ပြောကြားသည်။

ကျန်ရှိနေသော အရိုးပြာကို ကချင်ပြည်နယ်၊ မြစ်ကြီးနားရှိ ဧရာဝတီမြစ်အတွင်း ဆက်လက် ရေမျှော သွား မည်ဖြစ်ပြီး ထိုမှတစ်ဆင့် မန္တလေးတိုင်းဒေသကြီး၊ ဓမ္မမဏ္ဍလ ရေတံခွန်တောင်ရိပ်သာသို့ သယ်ဆောင်သွား မည် ဖြစ်ကြောင်း သိရသည်။

ထို့နောက် သီတဂူဆရာတော် အရှင်ဉာဏိဿရ၏ စီစဉ်မှုဖြင့် ဆရာကြီး ဦးဂိုအင်ကာ၏ မွေးဖွားရာဇာတိ ဖြစ်သော မန္တလေးမြို့၊ ဧရာဝတီမြစ်အတွင်း၌ ကျန်ရှိနေသော အရိုးပြာများကို ရေမျှောသွားမည် ဖြစ်သည်။ ၀ိပဿနာနည်းပြ ဆရာပေါင်း ၈၀၀ ခန့်ကို မွေးထုတ် သင်ကြာပေးခဲ့သော ဆရာကြီး ဦးဂိုအင်ကာသည် ၂၀၀၉ ခုနှစ်က အိန္ဒိယနိုင်ငံ အနောက်ပိုင်း မွမ်ဘိုင်းမြို့တွင် ရွှေတိဂုံစေတီတော်ပုံတူ ကမ္ဘာဝိပဿနာ စေတီတော်ကို တည်ထားပူဇော်ခဲ့သည်။

၁၉၇၆ ခုနှစ်၌ အိန္ဒိယနိုင်ငံ မဟာရက်ရှပြည်နယ်တွင် ကမ္မဋ္ဌာန်းရိပ်သာ တစ်ခုကို စတင် ထူထောင်ခဲ့ပြီး ကမ္ဘာနေရာ အနှံ့အပြားတွင် ၀ိပဿနာရိပ်သာပေါင်း ၁၇၂ ခု ဖွင့်လှစ်ထားကြောင်း သိရသည်။

မန္တလေးတွင် မွေးဖွားခဲ့သော ဆရာကြီး ဦးဂိုအင်ကာသည် စက်မှုလုပ်ငန်းရှင်တစ်ဦး ဖြစ်ခဲ့ပြီး ဆရာကြီး ဦးဘခင်ထံမှ ၀ိပဿနာ တရားတော်များကို ၁၄ နှစ်ကြာ သင်ယူ ကျင့်ကြံပြီးနောက် ၁၉၆၉ ခုနှစ်မှ စ တင်ကာ အိန္ဒိယနိုင်ငံတွင် ၀ိပဿနာ တရားတော်များ ပို့ချသင်ကြားပေးခဲ့သည်။

ဆရာကြီး ဦးဂိုအင်ကာကို ၁၉၂၄ ခုနှစ်၊ ဇန်န၀ါရီ ၃၀ ရက်တွင်၊ မန္တလေးမြို့၌ မွေးဖွားခဲ့ပြီး ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၂၉ရက် ၌ အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ ကွယ်လွန်ချိန်တွင် ဆရာကြီး ဦးဂိုအင်ကာ အသက် ၉၀ နှစ်ရှိပြီ ဖြစ်သည်။

 ဆရာကြီး ဦးဂိုအင်ကာ၏ အရိုးပြာကို ရန်ကုန်မြစ်အတွင်း ရေမျှောနေစဉ်
(ဓာတ်ပုံ - ကြည်နိုင်) 

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။