/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, September 12, 2013

.

စည်ပင်ခွင့်ပြုချက် မရှိဘဲ ၀ါဝါ၀င်းကုမ္ပဏီမှ အဆောက်အအုံ တည်ဆောက်မှုကြောင့် မြေပိုင်ရှင်များက ငါးကြိမ်မြောက် ဆန္ဒပြပြီး သပိတ်စခန်းပြုလုပ်၍ ကန့်ကွက်မည်ဟုဆို



မြို့တော်စည်ပင်မှ ခွင့်ပြုချက် မရရှိဘဲ ၀ါဝါ၀င်း ကုမ္ပ ဏီမှ အဆောက်အအုံ တည်ဆောက်မှုကြောင့် မြေပိုင်ရှင် ၅၀ ခန့်က စက်တင်ဘာ ၁၀ ရက်တွင် ငါးကြိမ်မြောက်အဖြစ် ဆန္ဒပြခဲ့သည့်အပြင် ယင်းမြေ နေရာပေါ် တွင် သပိတ်စခန်း တည်ဆောက်ကာ ကုမ္ပဏီ၏ တည်ဆောက်မှုများကို နေ့ရောညပါ စောင့်ကြည့်ပြီး ကန့် ကွက်ရန်အတွက် သက်ဆိုင်ရာ သို့ အသိပေး ခွင့်တောင်းစာများ ပေးပို့ထားကြောင်း သိရသည်။


ဗိုလ်တထောင်မြို့နယ်၊ ၃ ရပ်ကွက် မြေတိုင်းရပ်ကွက် ၉၊ ၅၇ လမ်း၊ ၅၈ လမ်း၊ ၅၉ လမ်း၊ လမ်း ၆၀ မြေနေ ရာတွင် ၀ါဝါ၀င်း ကုမ္ပဏီမှ မြို့တော်စည်ပင် အဆောက်အအုံ ဆောက်လုပ်ရန် ခွင့်ပြုချက် မပါဘဲ ဆောက် လုပ်ခဲ့ပြီး၊ ဆက်လက်ဆောက်လုပ်ခြင်း မပြုရန် တားမြစ်ခဲ့သော်လည်း တိုးမြှင့်ဆောက်လုပ်လာခြင်းနှင့် ခြံ စည်းရိုးများ ကာရံလိုက်မှုကြောင့် ယခုကဲ့သို့ ငါးကြိမ်မြောက် ဆန္ဒပြရခြင်းဖြစ်ပြီး ယင်းမြေကွက် အတွင်းတွင် သပိတ်စခန်း ပြုလုပ်၍ အလှည့်ကျစနစ်ဖြင့် တည်ဆောက်မှုများကို နေ့ရောညပါ စောင့်ကြည့်သွားဦးမည် ဖြစ်ကြောင်း မူလမြေကွက်ပိုင်ဆိုင်သူ တစ်ဦးဖြစ်သည့် ဦးမြင့်အောင်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

မူလမြေပိုင်ရှင်များသည် နှစ် ၉၀ ဂရန်နှင့် နှစ် ၆၀ ဂရန်ရှိသူ အများစုဖြစ်ပြီး ၁၉၄၇ ခုနှစ်က ကာကွယ်ရေး နှင့် ကုန်သွယ်ရေး ၀န်ကြီးဌာနတို့မှ ယင်းမြေကွက်များကို ယာယီငှားရမ်းခဲ့ပြီး ၁၉၉၄ ဇွန်လတွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ထိုမြေများကို နိုင်ငံတော် လိုအပ်ချက်အတွက် ဆက်လက်အလိုရှိ သည်ဟု ဆို ကာ သိမ်းယူခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် ကုမ္ပဏီများသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ယခုဆန္ဒပြသည့် အဆောက်အအုံတွင် မူလပိုင်ဆိုင်သူ ဒေါ်ခင်သန်း၏ မြေကွက်နှစ်ကွက်နှင့် အဆောက်အအုံ အနီးတွင် လည်း မြေကွက် ၆ ကွက်ခန့်မှာ မူလပိုင်ဆိုင်သူများရှိကြောင်း သိရသည်။

ယင်းမြေကွက်များမှာ တစ်ကွက်ပျမ်းမျှ အကျယ် ၂၅x၅၈ ပေဖြင့် စုစုပေါင်း ၇၁၃ ကွက်ရှိပြီး တည်နေရာမှာ ပျမ်းမျှအားဖြင့် (၅၇)လမ်းမှ လမ်း (၇၀)၀န်းကျင်အထိ အလျား၊ ဗန္ဓုလလမ်းမှ ကမ်းနားလမ်းအထိ အနံအ ဖြစ် တည်ရှိပြီး အဆိုပါမြေ ပိုင်ဆိုင်မှုများအတွက် ဆန္ဒပြနေသည့် မူလမြေပိုင်ရှင်များ၏ ပိုင်ဆိုင်မှုမှာ ၁၉၄၇ ခုနှစ် ကတည်းက ၀န်ကြီးဌာနများမှ ငှားရမ်းခဲ့သည့်အတွက် နှစ်ကာလ ကြာမြင့်လာမှုကြောင့် အကွက် ၁၀၀ ခန့်သာ ကျန်ရှိတော့ပြီး ယင်းမြေကွက်များတွင် ယခုဆောက်လုပ်ရေး လုပ်ကိုင်နေသည့် ကုမ္ပဏီများ မှာ ၀ါဝါ၀င်း၊ ဧဒင်၊ ပတ္တမြားနဂါးနှင့် ယုဇနကုမ္ပဏီများဖြစ်ကြောင်း သိရသည်။

"အရင်တုန်းက မြေငှားထားတဲ့ ၀န်ကြီးဌာနတွေကနေ မြေပိုင်သူ ဖြစ်တဲ့အတွက် ငှားရမ်းခတွေပေးတဲ့ပြေစာ တွေ ရှိပါတယ်။ ဂရန်တွေလည်း ရှိပါတယ်။ နောက်ပြီး အချိန်ကာလကလည်း ကြာမြင့်သွားပြီမို့ ပိုင်ရှင် ၇၀၀ ကျော်ရှိတဲ့ မြေကွက် ၇၀၀ ကျော်ကနေ ယခုဆိုရင် မြေကွက်က ၁၀၀ ကျော်လောက်ပဲ ရှိပါတော့တယ်။ ဒါပေမဲ့ ကုမ္ပဏီတွေက ပြန်မပေးသေးတဲ့အပြင် ၀ါဝါ၀င်းကုမ္ပဏီက ဥပဒေရဲ့ အထက်မှာ နေနေပြီးတော့ စည်ပင်သာယာ ခွင့်ပြုချက်မပါဘဲ ဆောက်လုပ်နေပါ သေးတယ်" ဟု မြေတိုင်းရပ်ကွက် 9L အတွင်းရှိ မူလ မြေပိုင်ဆိုင်သူ ကိုဇော်အောင်ထွန်းက ပြောကြားသည်။

ထို့ပြင် ယခုကဲ့သို့ ငါးကြိမ်မြောက် ဆန္ဒပြ ကန့်ကွက်ခဲ့သော်လည်း ၀ါဝါ၀င်းကုမ္ပဏီ အပါအ၀င် အခြား ကုမ္ပဏီ များမှလည်း မူလနှစ် ၆၀ ဂရန်၊ နှစ် ၉၀ ဂရန် ပိုင်ဆိုင်သူများနှင့် လာရောက်တွေ့ဆုံ ညှိနှိုင်းခဲ့ခြင်း တစ်ကြိမ်မျှ မရှိကြောင်း သိရသည်။

စည်ပင်ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသည့် ၀ါဝါ၀င်းကုမ္ပဏီ၏ အဆောက်အအုံရှေ့တွင် မူလမြေပိုင်ဆိုင်သူများ ဆန္ဒပြနေကြစဉ်

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။