/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, August 15, 2013

.

အစိုးရ၏ ပြုပြင်ပြောင်းလဲမှုနှင့် လိုအပ်ချက်များ

၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်တွင် ဦးသိန်းစိန်သမ္မတအဖြစ် နိုင်ငံ့တာဝန်ကိုစတင် ထမ်းဆောင်ကာ သမ္မတ သုံးဦးနှင့် ၀န်ကြီးဌာနပေါင်း ၃၀၊ ပြည်ထောင်စုရှေ့နေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးတို့ဖြင့် ပြည်ထောင်စု အစိုးရတစ်ရပ်ကို စတင် ဖွဲ့စည်းခဲ့သည်။ ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်မှ ၂၀၁၃ ခုနှစ် သြဂုတ်လအထိ လပေါင်း ၂၉ လ တာဝန် ထမ်းဆောင်ပြီးဖြစ်သော အစိုးရသည် သူ၏ သက်တမ်း ငါးနှစ်နှင့် ညီမျှသည့် လပေါင်း ၆၀ အတွက် တစ်ဝက်တိတိ တာဝန်ထမ်းဆောင်ပြီးဖြစ်သည်။


သက်တမ်းဝက် လပေါင်း ၂၉ လ တာဝန်ထမ်းဆောင်ပြီးဖြစ်သော အစိုးရ၏ ဖွဲ့စည်းတည်ဆောက်မှုကို ပြန်ကြည့်မည် ဆိုပါက ၀န်ကြီးဌာနများပေါင်းစည်းခြင်း၊ တိုးချဲ့ဖွဲ့စည်းခြင်း၊ ခွဲထုတ်ခြင်းတို့ကိုတွေ့ရမည် ဖြစ်သည်။ အလားတူ ၀န်ကြီးများ အပြောင်းအလဲပြုလုပ်ခြင်း၊ သမ္မတ တစ်ဦးအပါအ၀င် ၀န်ကြီးများ နုတ်ထွက်ခြင်းစသည့် ပြောင်းလဲမှုကြီး များ တွေ့ရှိရသည်။ အစိုးရအတွင်း အကြီးမားဆုံး ပြောင်းလဲမှု များအဖြစ် ဒုသမ္မတတစ်ဦးဖြစ်သည့် သီဟသူရ ဦးတင်အောင်မြင့်ဦး နုတ်ထွက်သွားခြင်း၊ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း နုတ်ထွက်ခြင်း၊ ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်း နုတ်ထွက်ခြင်းတို့အပြင် ကာကွယ်ရေး ၀န်ကြီး ဗိုလ်ချုပ် လှမင်းမှသည် ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် သို့ ပြောင်းလဲသွားသည်ကိုလည်း တွေ့ရှိရ သည်။

အလားတူထင်ရှားသည့် ၀န်ကြီးများဖြစ်သည့် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကို သမ၀ါယမ ၀န်ကြီးအဖြစ် ပြောင်းရွှေ့ပစ်လိုက်ခြင်း၊ အလုပ်သမားရေးရာဝန်ကြီး ဦးအောင်ကြည်ကို ပြန်ကြားရေး ၀န်ကြီးအဖြစ် တာဝန်ထမ်း ဆောင်စေခြင်း၊ မီးရထားဝန်ကြီး ဦးအောင်မင်းကို သမ္မတရုံးဝန်ကြီးအဖြစ် ပြောင်းရွှေ့ တာဝန်ယူစေခြင်းတို့ တွေ့ရှိရ သည်။ အစိုးရအဖွဲ့ စတင်ဖွဲ့စည်းစဉ်က သမ္မတရုံးဝန်ကြီး ဦးစိုးမောင် နှင့် ဦးသိန်းညွန့်တို့ နှစ်ဦးသာရှိသော်လည်း ယခုအချိန်တွင် သမ္မတရုံး ၆ ခု၊ ၀န်ကြီးခြောက်ဦး တိုးချဲ့ဖွဲ့စည်းထားသည်။

အစိုးရ စတင်ဖွဲ့စည်းစဉ်နှင့် ယခုရောက်ရှိနေသည့် အခြေအနေကို ပြန်လည်နှိုင်းယှဉ် ကြည့်မည်ဆိုပါက ၀န်ကြီးများ ပြောင်းလဲခြင်း၊ နုတ်ထွက်ခြင်း၊ အနားပေးခြင်း၊ ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေခြင်းတို့ကို မြောက်များစွာ ပြုလုပ်ခဲ့ ပြီး နေရာတည်မြဲလျက်ရှိနေသေးသည့် ၀န်ကြီးများအဖြစ် ပြည်ထဲရေး၊ နိုင်ငံခြားရေး၊ လယ်ဆည်၊ သစ်တော၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး၊ ပို့ဆောင်ရေး၊ ပညာရေးနှင့် ကျန်းမာရေးစသည့် ၀န်ကြီး ကိုးဦးသာ ကျန်ရှိ တော့သည်။

ဦးသိန်းစိန် သမ္မတအဖြစ်တာဝန်ယူပြီးနောက် မကြာခဏ ပြောလေ့ရှိသည့် စကားများအဖြစ် ပြုပြင်ပြောင်း လဲရေး၊ နောက်ကြောင်းပြန်မလှည့်လိုမှု စသည့် စကားများကို အထက်ပါလုပ်ရပ်များက သက်သေပြ သကဲ့သို့ဖြစ်သည်။ ယင်းအပြင် အစိုးရ သက်တမ်း တစ်ဝက်ကျိုးကာလ ဇူလိုင်လ ၂၅ ရက်ကလည်း ၀န်ကြီး ၁၇ ဦးကို အပြောင်းအလဲ ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ၀န်ကြီးများ အပြောင်းအလဲပြုလုပ်ခြင်းနှင့်အတူ သမ္မတဦးသိန်းစိန်က သူ၏ အစိုးရအဖွဲ့အတွင်း အုပ်ချုပ်မှု စွမ်းဆောင်ရည် အားနည်းခြင်း၊ ပွင့်လင်း မြင်သာမှုမရှိခြင်း၊ အဂတိလိုက်စားခြင်း၊ တာဝန်ယူမှု၊ တာဝန်သိမှုတို့ မရှိခြင်းတို့ကို သြဂုတ်လ ၉ ရက်က သူ၏ အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ညည်းတွား သွားခဲ့သည်။

အလားတူ သြဂုတ်လ ၁၄ ရက် ဗဟိုဘဏ် ဒုဥက္ကဋ္ဌများ ကတိသစ္စာပြုခြင်း အခမ်းအနားတွင်လည်း အကျင့်စာရိတ္တနှင့် အဂတိတရားများ ကင်းရှင်းအောင် နေထိုင်သွားကြရန် သူ၏ အစိုးရအဖွဲ့ဝင်များကို သမ္မတက ထပ်မံသတိပေးထား သည်။ သက်တမ်း ထက်ဝက်အတွင်း ၀န်ကြီးအသစ်များ တိုးချဲ့ခန့်ခြင်း၊ ပြောင်းလဲ တာဝန်ပေးခြင်းများဖြင့် ထပ်မံ အားသစ်လောင်းထားသည့် အစိုးရသည် ပြည်သူတို့၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးမည့် အစိုးရ၊ အဂတိလိုက်စား ခြင်းမှ ကင်းဝေးသည့် အစိုးရ အမှန် တကယ်ဖြစ်ရန် လိုအပ်ပါလိမ့်မည်။

အလားတူ လျှပ်စစ်မီးရရှိရန်၊ သန့်ရှင်းသည့် သောက်သုံးရေရရှိရန်၊ စိုက်ပျိုးရေးကဏ္ဍ တိုးတက်ရန်၊ အလုပ် အကိုင် ရရှိနိုင်ရန်၊ အသေးစားအလတ်စား စက်မှုဖွံ့ဖြိုးလုပ်ငန်းများ လုပ်ဆောင်ရန် မူဝါဒများ ချမှတ် ထားပြီးဖြစ်ရာ ကျန်ရှိ သက်တမ်း လ ၃၀ အတွင်း ထိုလုပ်ငန်းများ အမှန်တကယ် ထိရောက်အောင်မြင်ရန် အစိုးရအဖွဲ့ဝင်များ အားထုတ်ရန် လိုအပ်ပါလိမ့်မည်။ ကမ္ဘာ့အလယ်တွင် နောက်ကျကျန်နေခဲ့သော မိမိတို့ မြန်မာနိုင်ငံသည် ဆက်သွယ်ရေး၊ လမ်းပန်း၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများအတွက်လည်း လိုအပ်ချက် များစွာရှိနေသေးသည်ကို မမေ့သင့်ပါ။ 

Credit : http://www.mizzimaburmese.com/edop/editorial/13232-2013-08-15-01-42-36.html 

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။