/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, June 5, 2013

.

နိုင်ငံတကာမှ စိတ်ဝင်စားမှု များပြားနေသည့် World Economic Forum နေပြည်တော်တွင် ယနေ့ ( ဇွန် ၅ ရက်) စတင်ကျင်းပမည်



နိုင်ငံတကာမှ စိတ်ဝင်စားမှု များပြားနေသည့် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum) ကို ယနေ့ (ဇွန် ၅ ရက်) နေပြည်တော်တွင် စတင်ကျင်းပမည် ဖြစ်သည်။ (၂၂) ကြိမ် မြောက် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေး ဖိုရမ်ကို ဇွန် ၅ ရက်မှ ၇ ရက်အထိ သုံးရက်ကြာ ကျင်းပမည် ဖြစ်သည်။


ဖိုရမ်သို့ နိုင်ငံပေါင်း ၅၅ နိုင်ငံမှ ပုဂ္ဂိုလ်ပေါင်း ၉၀၀ ကျော် တက်ရောက်မည်ဖြစ်ပြီး နိုင်ငံ ၁၅ နိုင်ငံမှ ထင်ရှား ကျော်ကြားသူပေါင်း ၁၀၀ ကျော် တက်ရောက်မည် ဖြစ်သည်။ ထို့ပြင် ကမ္ဘာလုံးဆိုင်ရာ ကုမ္ပဏီကြီးများမှ စီးပွားရေး ပညာရှင်များ ၅၅၀ ကျော် ပါဝင်မည် ဖြစ်သည်။


၎င်းတို့အပြင် လူငယ်ခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများ၊ ပညာရှင်များ၊ မီဒီယာများလည်းတက်ရောက် မည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် အရှေ့အာရှတွင် ရင်ဆိုင်နေရသော ပြဿနာများနှင့် စိန်ခေါ်မှုများအကြောင်း ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်အတွက် ဆွေးနွေးရာတွင် အားလုံးပါဝင်သည့် ပြုပြင်ပြောင်းလဲမှုကို အားပေးရန်၊ ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုများကို နားလည်သဘောပေါက် စေရန်၊ ကမ္ဘာလုံးဆိုင်ရာ ပြန်လည်နိုးထနိုင်စွမ်းအတွက်ဒေသ တွင်းဆိုင်ရာ အဖြေများကို ထည့်သွင်းနှိုင်းဆရန် စသည့်မဏ္ဍိုင်ကြီး ၃ ရပ်ကို အဓိကထား ဆွေးနွေးသွား မည်ဟုလည်း သိရှိရပါသည်။

ကမ္ဘာ့စီးပွားရေးဖိုရမ် ဖွင့်ပွဲတွင် မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဖွင့်အမှာစကား ပြောကြားမည် ဖြစ်သည်။

"မြန်မာနိုင်ငံဟာ ရဲရင့်တဲ့ စီးပွားရေးနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်လုပ်ဆောင် နေရာမှာ အဲဒီပြုပြင် ပြောင်းလဲမှုကနေ အားလုံးပါဝင်နိုင်တဲ့ တိုးတက်မှု ဖြစ်ပေါ်လာဖို့နဲ့ ယုံကြည်မှု ပိုမိုခိုင်မြဲ လာစေဖို့ ကျွန်တော်တို့က ရည်ရွယ်ထားပါတယ်" ဟု ကမ္ဘာ့စီးပွားရေး ဖိုရမ်မှ အာရှဆိုင်ရာ အကြီးအကဲနှင့် စီနီယာ ဒါရိုက်တာဖြစ်သူ Sushant Palakurthi က ဆိုသည်။

ဖိုရမ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ဖိလစ်ပိုင်သမ္မတ၊ ဗီယက်နမ်ဝန်ကြီးချုပ်၊ လာအိုဝန်ကြီး ချုပ်တို့လည်း တက်ရောက်မည် ဖြစ်သည်။

ကမ္ဘာ့စီးပွားရေး ဖိုရမ်သို့ တက်ရောက်မည့် စီးပွားရေး လုပ်ငန်းရှင်များတွင် Intel Corporation၊ Unilever၊ Mitsubishi Corporation၊ Nike၊ Woodside Energy၊ Wal-Mart Stores Inc၊ Bank of Genever၊ Pepsi၊ Chevron၊ Visa၊ Microsoft Corporation၊ DHL Express တို့ အပါအ၀င် အခြားကမ္ဘာကျော် ကုမ္ပဏီများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက် ကြမည်ဖြစ်သည်။ ၂၂ ကြိမ်မြောက် ကမ္ဘာ့စီးပွားရေး ဖိုရမ်နှင့် ပတ် သက်၍ ပြည်တွင်း၌ အများစိတ်ဝင်စားမှု နည်းပါးသော်လည်း နိုင်ငံတကာတွင်မူ စိတ်ဝင်စားမှု များပြားနေ ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

ကမ္ဘာ့စီးပွားရေး ဖိုရမ်သို့ တက်ရောက်လာမည့် နိုင်ငံတကာမှ ပုဂ္ဂိုလ်များ အဆင်ပြေမှု ရှိစေရေးအတွက် MAI မှ စင်းလုံးငှား လေယာဉ်များ စီစဉ်ပေးထားကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းကောင်းများ ရရှိစေရန်နှင့် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရန် ကမ္ဘာ့စီးပွားရေး ခေါင်းဆောင်များ၏ အကြံဥာဏ်၊ အတွေ့အကြုံ နည်း လမ်းကောင်းများ ရရှိစေရန်အတွက် ကမ္ဘာ့စီးပွားရေး ဖိုရမ်ကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက် ခံကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖိုရမ် ကျင်းပနိုင်ရန်အတွက် သမ္မတရုံး ၀န်ကြီးများဖြစ်သည့် ဦးစိုးသိန်းနှင့် ဦးတင်နိုင်သိန်းတို့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ပြည်ထောင်စု ၀န်ကြီးများ၊ ဒုတိယ ၀န်ကြီးများ၊ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း ရှင်များအသင်း စသည်တို့ ပါဝင်သည့် ဦးဆောင်ကော်မတီ ဖွဲ့စည်းထားသည်။

World Economic Forum ကျင်းပမည့် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန အဆောက်အအုံကို ဇွန် ၄ ရက်က တွေ့ရစဉ် 
(ဓာတ်ပုံ- စိုးမင်းထက်)  



Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။