/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, June 5, 2013

.

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် လစဉ်ပြောကြားသည့် ရေဒီယိုမိန့်ခွန်း

မိဘပြည်သူများခင်ဗျားကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုကနေ တဆင့် အသိပေး ပြောကြားနေကြဖြစ်တဲ့အတိုင်း မေလအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှု များနှင့် ပတ်သက်ပြီး ကျွန်တော်တို့ အစိုးရရဲ့ လုပ်ဆောင်ချက်များကို မိဘ ပြည်သူများထံ ယခုကဲ့သို့ ပုံမှန်တင်ပြရခြင်း ဖြစ်ပါတယ်။

မိဘပြည်သူများ သိကြပြီးဖြစ်တဲ့အတိုင်း ကျွန်တော်ဟာ အမေရိကန်ပြည်ထောင်စုကို မေလ (၁၉) ရက်နေ့ကနေ (၂၂) ရက်နေ့အထိ အလုပ်သဘော ခရီးစဉ်အဖြစ် သွားရောက် ခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ နှစ်ပေါင်း လေးဆယ်ကျော်အကြာမှာ နိုင်ငံ့ခေါင်းဆောင် တဦးအနေနဲ့ သွားရောက်ခဲ့တဲ့ အလုပ်သဘောခရီးစဉ် တခုဖြစ်တဲ့အပြင် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးရေးနဲ့ ဆက်ဆံရေးပုံစံအသစ်ကို ပိုမိုပီပြင်စေခဲ့တာကြောင့် ကျွန်တော်တို့နှစ်နိုင်ငံ ဆက်ဆံရေး သမိုင်းမှာ ထူးခြားတဲ့ အလှည့်အပြောင်း တခုလည်း မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။

ဒီသမိုင်းဝင် ခရီးစဉ်ကနေ ရရှိလာတဲ့ ရလဒ်တွေကနေတစ်ဆင့် အနာဂတ်မှာ ပူးပေါင်း ဆောင်ရွက်နိုင်မယ့် အလားအလာများကြောင့် ဒီခရီးစဉ်ဟာ အစိုးရချင်း ဆက်ဆံရေး သာမက နှစ်နိုင်ငံ ပြည်သူချင်း ရင်းနှီးချစ်ကြည်ရေးအတွက်ပါ အရေးပါတယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။


ကျွန်တော့်အနေနဲ့ အမေရိကန်ပြည်ထောင်စု ခရီးစဉ်အတွင်းမှာ အမေရိကန်သမ္မတ အိုဘားမား အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် ခေါင်းဆောင်များနဲ့ တွေ့ဆုံပြီး ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်များအတွင်း ကြုံတွေ့နိုင်ဖွယ်ရှိတဲ့ အခက်အခဲများ၊ စိန်ခေါ်မှုများ၊ အလားအလာများနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ လုပ်ဆောင်နေတဲ့ အမျိုးသားစီးပွားရေး တစ်ရပ် တည်ဆောက်ရေးမှာ အဟန့်အတား ဖြစ်နေတဲ့ ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားနိုင်ရေးအတွက် ယုံကြည်မှု တည်ဆောက်ရေး ကိစ္စတွေကိုလည်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။

ကျွန်တော့်အနေနဲ့ အမေရိကန် ပြည်ထောင်စုရဲ့ ပညာရေးစနစ်ကို လေ့လာနိုင်ဖို့အတွက် ဂျွန်ဟော့ကင်းစ် တက္ကသိုလ်ကို သွားရောက်ပြီး ပါမောက္ခများ၊ ကျောင်းသူ ကျောင်းသားများနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ကျွန်တော့်ရဲ့ အမေရိကန် ပြည်ထောင်စု ခရီးစဉ်အတွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေကြတဲ့ မြန်မာ မိသားစုများရဲ့ နွေးထွေးတဲ့ ကြိုဆိုမှုတွေကြောင့် ဝမ်းသာပီတိ ဖြစ်ရသလို ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲမှုများအပေါ် နားလည်စာနာမှု ရှိကြတဲ့ အမေရိကန်ရောက် ကျွန်တော်တို့ ပြည်သူများကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း အလေးအနက် ပြောကြားလိုပါတယ်။

တစ်ပြိုင်နက်တည်းမှာပဲ ခရီးစဉ်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အပေါ်မှာ မယုံကြည်နိုင်သေးတဲ့ သူများက သံသယနဲ့ ပြောဆိုဝေဖန် အပြစ်ရှာ ရေးသားခဲ့မှုများကိုလည်း ကြုံတွေ့ခဲ့ ရပါတယ်။ နိုင်ငံတခု ပြုပြင်ပြောင်းလဲမှုဖြစ်တိုင်းမှာ ဒီလိုသဘောထားကွဲလွဲမှုတွေ၊ မယုံကြည် မှုတွေ၊ လက်မခံနိုင်မှုတွေ၊ အငြင်းပွားမှုတွေနဲ့ ဝိဝါဒကွဲပြားမှုတွေကို ကြုံတွေ့ရတာဟာ ဖြစ်ရိုးဖြစ်စဉ် သဘာဝကျတဲ့ ကိစ္စရပ်တွေပဲ ဖြစ်ပါတယ်။

ကျွန်တော့် အတွက်ကတော့ နိုင်ငံရေးလက်တွေ့ကျမှုများက ပိုမိုအရေးကြီးတယ်လို့ အလေးအနက် ခံယူထားပါတယ်။ ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အောင်မြင်မှုများ ရရှိဖို့အတွက် မိမိတို့ မြန်မာနိုင်ငံဟာ ကမ္ဘာ့မိသားစုဝင် နိုင်ငံများနဲ့ ထဲထဲဝင်ဝင် ချိတ်ဆက်ရန်ဆိုတဲ့ ကိစ္စရပ်က အလွန်အရေးကြီးပါတယ်။ လက်ရှိ ကျွန်တော်တို့ရဲ့ ကြိုးပမ်း လုပ်ဆောင်မှုများရဲ့ အောင်မြင်မှု အသီးအပွင့်တွေကို ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအပေါ် အားပေးထောက်ခံသူ များကို သာမက မယုံကြည် နိုင်သေးသူများ၊ သံသယရှိနေသူများနဲ့ ဆန့်ကျင်နေသူများပါ ခံစားရရှိမှာ ဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ ကမ္ဘာ့မိသားစုအတွင်းမှာ မြန်မာနိုင်ငံဂုဏ်ကို ဂုဏ်သိက္ခာရှိတဲ့၊ တာဝန်သိတဲ့ နိုင်ငံတနိုင်ငံ အဖြစ် ရပ်တည်နိုင်ဖို့ ယခုလို တစိုက်မတ်မတ် ကြိုးပမ်းလုပ်ဆောင် နေရခြင်း ဖြစ်တယ်ဆိုတာ အသိပေးပြောကြား လိုပါတယ်။

မေလ (၂၄) နေ့မှာလည်း မြန်မာနိုင်ငံအပေါ်မှာ အစဉ်တစိုက် အားပေးကူညီခဲ့တဲ့ ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ နှစ်နိုင်ငံ သမိုင်းမှာ ၃၆ နှစ်အတွင်း ပထမဦးဆုံးအကြိမ် ဝန်ကြီးချုပ် ခရီးစဉ်အဖြစ် လာရောက်ပြီး ကျွန်တော်တို့ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအပေါ် ဂျပန်နိုင်ငံရဲ့ အားပေး ထောက်ခံမှုကို ပြသခဲ့ပါတယ်။ ဂျပန်နိုင်ငံ အနေနဲ့ ပေးအပ်လာမယ့် ကူညီထောက်ပံ့မှုတွေကိုလည်း ကြိုဆို လက်ခံသွားမှာ ဖြစ်သလို ဒီအကူအညီများ အားလုံးကို ပြည်သူလုထု ဗဟိုပြု ဖွံ့ဖြိုးရေး လုပ်ငန်းများမှာသာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့် ဂျပန်နိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းများဟာ ပွင့်လင်းလာမယ့် မြန်မာ့ဈေးကွက်အတွင်းမှာ ရင်းနှီးမြှုပ်နှံမှုများ၊ ကုန်သွယ်ရေးတိုးမြှင့်မှု အခွင့်အလမ်းများရရှိပြီး နှစ်ဦးနှစ်ဖက် မျှတတဲ့ အကျိုးကျေးဇူးများ ခံစားကြရမှာလည်း ဖြစ်ပါတယ်။ယခုလို နှစ်နှစ်တာအတွင်းမှာ ဖြစ်ထွန်းခဲ့တဲ့ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာ ကူးလူး ဆက်ဆံမှုများဟာ ဆိုရင် မြန်မာပြည်သူများ ကြိုးပမ်းအားထုတ်နေကြတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ထိုက်တန်တဲ့ နိုင်ငံတကာ ထောက်ခံမှု ရရှိနေခြင်းကို တနည်းအားဖြင့် ပြသနေခြင်းလည်း ဖြစ်ပါတယ်။

ယခု ကျွန်တော်တို့ ကြိုးပမ်းလုပ်ဆောင်နေတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများနဲ့ ပတ်သက်လို့ အနည်းငယ် ရှင်းလင်းပြောကြားလိုပါတယ်။ နိုင်ငံရေးနဲ့ တိုက်ရိုက် ချိတ်ဆက် နေတဲ့ အမျိုးသားစီးပွားရေး ပြန်လည် ပုံစံချ သတ်မှတ်မှုနဲ့ ပတ်သက်လို့ လိုအပ်တဲ့ အစီအမံများ၊ မဟာဗျူဟာများ၊ စီမံချက်များ ရေးဆွဲနေသည့် နည်းတူ တတွဲတည်း လိုအပ်လာမယ့် အင်စတီကျူးရှင်းများကို ပြောင်းလဲဖွဲ့စည်းခြင်း၊ အသွင် ကူးပြောင်းခြင်း၊ အသစ်ထူထောင်ရန် ပြင်ဆင်ခြင်းများကို လုပ်ဆောင်နေရပါတယ်။ ကာလကြာရှည် ပြုလုပ်နိုင်ခြင်း မရှိခဲ့တဲ့ ကိစ္စရပ်တွေကို လုပ်ဆောင်ရတာ ဖြစ်တဲ့အတွက် ထင်ရှားမြင်သာ ရှိတဲ့ အပြောင်းအလဲတွေထက် ဆုပ်ကိုင် မှုပြနိုင်တဲ့ အပြောင်းအလဲ များသည်လည်း အရှိန်အဟုန် တခုဖြင့် ရွေ့လျားနေတယ် ဆိုတာကိုလည်း မီးမောင်းထိုးပြလိုပါတယ်။

ဒီအပြောင်းအလဲများ ထင်ရှားမြင်သာရှိလာချိန်မှာ ကျွန်တော်တို့ အမျိုးသားစီးပွားရေး ဟာလည်း အရှိန်အဟုန် ရလာမှာ ဖြစ်ပါတယ်။ တောင်သူလယ်သမား တဦးချင်းအတွက် စိုက်ပျိုးစရိတ် အထောက် အကူ ဖြစ်စေဖို့နဲ့ အသေးစားနဲ့ အလတ်စားလုပ်ငန်းရှင်များ အရင်းအနှီး စုဆောင်းရာမှာ အထောက်အကူ ဖြစ်စေဖို့အတွက် အသေးစားနှင့် အလတ်စားချေးငွေများရရှိရန်ကိုလည်း ကျွန်တော့် အနေနဲ့ အာရုံစိုက် လုပ်ဆောင်လျက်ရှိပါတယ်။ကျွန်တော်တို့ အစိုးရအနေနဲ့ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးကို ရည်သန်ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ လွတ်မြောက်ရေးအတွက် အစဉ်အမြဲ အာရုံစိုက် လုပ်ဆောင်လျက်ရှိပါတယ်။

ကျွန်တော့်အနေနှင့် အမှန်တကယ် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား တစ်ဦးတစ်ယောက်မျှ အကျဉ်းထောင်ထဲမှာ ရှိနေစေလိုခြင်းမရှိပါဘူး။ သို့သော်လည်း ယခင်ခေတ် အဆက်ဆက်က ရှုပ်ထွေးခဲ့တဲ့ ရာဇဝတ်မှုနဲ့ နိုင်ငံရေးပြစ်မှု မကွဲပြားတဲ့ ကိစ္စရပ်တွေကို စိစစ်ဆောင်ရွက် နေရတဲ့အတွက် အချိန်ယူလုပ်ဆောင်နေရတာ ဖြစ်ပါတယ်။ ယခုအခါမှာ ဒီကိစ္စရပ်တွေကို ရှင်းလင်းနိုင်ဖို့ အတွက် လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီကို ကျယ်ပြန့်တဲ့ ပါဝင်မှုနဲ့ ဖွဲ့စည်းပြီး ဆောင်ရွက်နေပြီ ဖြစ်တဲ့အတွက် မကြာခင်မှာအမှန်တကယ် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများ အားလုံး လွတ်မြောက်တော့မှာ ဖြစ်ပါတယ်။ သို့သော်လည်းပဲ နိုင်ငံရေးနဲ့ ရောယှက်ပြီး အကြမ်းဖက်မှုများ၊ လူသတ်မှုများ၊ မုဒိန်းမှု အစရှိတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့ သူတွေကတော့ ထိုက်တန်တဲ့ အပြစ်ဒဏ်ကို ခံယူရမှာ ဖြစ်ပါတယ်။ ဒီကိစ္စကို ကျွန်တော် အမေရိကန် ပြည်ထောင်စုကို ရောက်ရှိစဉ်ကာလမှာ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်များကို ရှင်းလင်း ပြောကြားခဲ့ရာမှာ ကျွန်တော်တို့နဲ့ သဘောထား တူညီတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ကျွန်တော်တို့ အစိုးရအနေနဲ့ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးကို ရှေးရှုတဲ့ စေတနာသက်သက်နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကိုလုပ်ဆောင်နေတာဖြစ်ပြီး အချိန်အတိုင်းအတာ တစ်ခုယူရတာကလွဲပြီး အခြားနိုင်ငံရေး အမြတ်ထုတ်လိုမှု မရှိကြောင်း အလေးအနက် ပြောကြားလိုပါတယ်။

ဒါကြောင့် ကျွန်တော်တို့ အစိုးရ လက်ထက်မှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တဲ့ နိုင်ငံရေးနဲ့ ဆက်နွယ် အကျဉ်းကျခံခဲ့ ရသူများနဲ့ ပတ်သက်လို့ ပုဒ်မ ၄၀၁ ကို နိုင်ငံရေးလက်နက်တစ်ခု အနေနဲ့ အသုံးချပြီး အရေး ယူခြင်း ပြုလုပ်ဖို့ အစီအစဉ်မရှိကြောင်း တပါတည်း ပြောကြားလိုပါတယ်။

ပဋိပက္ခများ ဖြစ်ပွားခဲ့ရာဒေသဖြစ်တဲ့ မိတ္ထိလာမြို့မှာ တည်ငြိမ်အေးချမ်းရေးကို ဆက်လက် ထိန်းသိမ်းထားနိုင်ရေးအတွက် နိုင်ငံတော်သမ္မတရဲ့ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၃) အရေးပေါ်အခြေအနေ ကြေညာခြင်းကို လွှတ်တော်မှ အတည်ပြုပေးရန် အဆိုအား ပထမဦးဆုံး အကြိမ် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးကို ခေါ်ယူပေးတဲ့အတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များ အားလုံးကို ကျေးဇူး တင်ရှိပါကြောင်း ပြောကြားလိုပါတယ်။

မေလအတွင်းမှာ ကျွန်တော်တို့ ပြည်သူများဟာ မဟာစင်မုန်တိုင်း သတင်းကြောင့် စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီနဲ့ အမျိုးသားသဘာဝကာကွယ် စောင့်ရှောက်ရေး စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီများကို အလျင်အမြန် ဖွဲ့စည်းပြီး မုန်တိုင်းဝင်ရောက်နိုင်တဲ့ ဒေသများက ဒေသခံများကို လူမျိုးဘာသာ ခွဲခြားခြင်းမရှိဘဲ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် ကာကွယ်စောင့်ရှောက်မှုများ ပြုလုပ်နိုင်ဖို့ ကြိုတင် ပြင်ဆင်နိုင်ခဲ့ပါတယ်။ ကော်မတီများအနေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တပ်မတော် အင်အားစုများနဲ့ ပူးပေါင်းညှိနှိုင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့ကြ ပါတယ်။ ကျွန်တော်တို့ ပြည်သူများ စိုးရိမ်ပူပန်ခဲ့သလို မုန်တိုင်းဒဏ်ကို ခံခဲ့ရခြင်းမရှိပေမယ့် ဘေးအန္တရယ်တွေ ကြုံတွေ့လာတဲ့အခါမှာ ရင်ဆိုင်ကျော်လွှားနိုင်ဖို့ အတွက် အစိုးရ၊ ပြည်သူနဲ့ တပ်မတော်တို့ အကောင်းဆုံး ပူးပေါင်းလုပ်ဆောင်နိုင်တဲ့ အနေအထားရှိနေပြီဆိုတာကို ဝမ်းမြောက်ဖွယ်ရာ တွေ့ရှိရပါတယ်။

ကျွန်တော့်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကိုလည်း တင်ပြလိုပါတယ်။ ပြီးခဲ့တဲ့ မေလ (၃၀) ရက် နေ့ဟာ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်မှုမှာ သမိုင်းဝင် အပြောင်းအလဲ တစ်ရပ်ဖြစ်ပြီး ပြည်သူများ အားလုံးအတွက် ဝမ်းမြောက်ဝမ်းသာ ရှိကြရမယ့် နေ့ပဲဖြစ်ပါတယ်။ မေလ (၃၀) ရက်နေ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် KIO တို့ဟာ ပစ်ခတ်တိုက်ခိုက်မှုတွေ လျော့ချ ရပ်ဆိုင်းနိုင်ဖို့ အတွက်နဲ့ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ဖို့အတွက် ငြိမ်းချမ်းရေး သဘောတူညီချက် (၇) ချက်ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။ ယခုလို လက်မှတ် ရေးထိုးနိုင်ဖို့ဟာ နှစ်ပေါင်း ခြောက်ဆယ်ကျော် ကြာခဲ့ပြီ ဖြစ်တဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ရပ်ဆိုင်း နိုင်ဖို့အတွက် ကြီးမားတဲ့ ခြေလှမ်း တစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံသား အားလုံးအတွက် ဂုဏ်သိက္ခာ ကြီးမားတဲ့ အောင်မြင်မှု တစ်ရပ်ပဲ ဖြစ်ပါတယ်။ ထာဝရ ငြိမ်းချမ်းရေးအတွက် စိတ်ရင်း စေတနာ မှန်ကန်စွာနဲ့ ကြိုးပမ်းခဲ့ကြတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့ တပ်မတော်နဲ့ KIO အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ အားလုံးကို ကျေးဇူးတင်ရှိကြောင်းနဲ့ အထူးသဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်နေစဉ်အတွင်း ငြိမ်းချမ်းရေး ရချင်ပြီဆိုတာကို လှိုက်လှိုက်လှဲလှဲ ထုတ်ဖော်ပြသခဲ့ကြတဲ့ ပြည်သူများ ကိုလည်း အလေးအနက် ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။

ကျွန်တော်တို့ နိုင်ငံဟာ ဘယ်နိုင်ငံမှာမှ မကြုံဖူးခဲ့တဲ့ အသွင်ကူးပြောင်းရေး လမ်းကြောင်း တစ်ရပ်ကို လျှောက်လှမ်းချီတက်နေရတာ ဖြစ်ပါတယ်။လက်ရှိ အခြေအနေမှာ များပြားလှတဲ့ မရေရာ မသေချာမှုများ၊ ကြီးမားတဲ့ စိန်ခေါ်မှုများ၊ အဟန့်အတားများနဲ့ ပြည့်နှက်နေတဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ဦးစီး ပဲ့ကိုင်နေရာကနေ လုပ်ကိုင်နေရတဲ့ ကျွန်တော့်အနေနှင့် ယခုအစိုးရ သက်တမ်း ကျန်ရှိနေသေးတဲ့ ကာလများမှာလည်း အစိုးရအဖွဲ့၊ လွှတ်တော်များ၊ နိုင်ငံရေး အင်အားစုများ၊ အရပ်ဘက်အဖွဲ့ အဖွဲ့အစည်းများ၊ တပ်မတော်နှင့် ပြည်သူလူထု တစ်ရပ်လုံးရဲ့ ပူးပေါင်းပါဝင်မှုကို အခြေခံပြီး မှန်ကန်သော စေတနာဖြင့် မဆုတ်မနစ် လုပ်ဆောင်သွားဖို့ သံဓိဋ္ဌဌာန်ချထားကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

မိဘပြည်သူများ ကျန်းမာကြပါစေ။

2 comments:

  1. လက်ရှိဖြစ်နေတဲ့ပြသနာကိုပဲအရင်ဆုံးဖြေရှင်းပါ။ဘာသာရေးပဋိပက ဆိုတဲ့ခေါင်းစင်ရဲ့နောက်ကွယ်မှာသေဆုံးသွားသူတွေ အိုးမဲ့အိမ်မဲ့ဖြစ်သွားသူတွေအတွက်။ဘာလုပ်ပေးနိုင်လို့လဲ။အပြစ်မဲ့တဲ့ပြည်သူတွေအတွက်ဘာလုပ်ပေးခဲ့လိုလဲ။ခေါင်းရှောင်တဲ့သမ္မကြီးလို့တော့မပြောချင်ပါဘူး။ဒါပေမယ့်ပါးစပ်ကပဲပြောနေမယ့်အစားလက်တွေ့လေးကျင့်သုံးပါဦးလို့။

    ReplyDelete
  2. တခါလာလည်းဒီစကား မစားရဝမခမ်း

    လုံးပါး ပါးနေပြီ လက်လေးတော့လှုပ်ပေးပါ

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။