/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, May 21, 2013

.

မြန်မာ့နွေဦး၊ ထိုင်းပေါ်လစီ အရွေ့နှင့် ဒေသတွင်း အင်အားချိန်ခွင်လျှာ

(စကားဦး- ယခုဆောင်းပါးမှာ "Bangkok Post” တွင် ဖော်ပြပါရှိသော “Thailand, Myanmar share common destiny” ဆောင်းပါးကို ဘာသာပြန်ဆို တင်ပြထားခြင်း ဖြစ်ပါသည်။ မူရင်းစာရေးသူမှာ ချူလာလောင်ကွန်းတက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံဌာန၊ လုံခြုံရေးနှင့် နိုင်ငံတကာလေ့လာရေး ညွှန်ကြားရေးမှုး၊ တွဲဖက်ပါမောက္ခ Thitinan Pongsudhirak ဖြစ်ပါသည်။ ဘာသာပြန်သူအနေနှင့် မူရင်းစာရေးသူနှင့် သဘောတူခြင်း၊ မတူခြင်းထက် မြန်မာ့နိုင်ငံရေး၊ စီးပွားရေးအပြောင်းအလဲများအပေါ် မြန်မာနိုင်ငံနှင့် ရင်းနှီးမြုပ်နှံမှု အများဆုံးပြုလုပ်ထားသည့် နိုင်ငံတစ်နိုင်ငံ၏ မူဝါဒဆိုင်ရာ တုံပြန်မှုကို ရိပ်စားမိစေလိုသည့် သဘောထားစေတနာ ရှိပါသည်။ အထူးသဖြင့် မြန်မာ့နွေဦးအပေါ် ဒေသတွင်းနိုင်ငံများ၏ ပေါ်လစီ အရွေ့ကို မြန်မာ့နိုင်ငံရေးနောက်ခံကားတွင် တင်ကြည့်နိုင်လျှင် တစုံတရာ အကျိုးရှိမည်ဟု ယူဆ ပြန်ဆို ခြင်း ဖြစ်ပါသည်။)


ထိုင်းနိုင်ငံ၏ သမိုင်းကို ပြောကြသည့်အခါတိုင်း လိုသလို ချဲ့ကားဖွင့်ဆိုကြသည့် ကိစ္စတစ်ခုမှာ ထိုစဉ်က ထိုင်းနိုင်ငံ၏ မြို့တော် အယုဒ္ဓယကို မြန်မာတပ်များ ဖျက်ဆီး ဖြိုလှဲလိုက်ပြီး ခုနှစ်လအကြာ၊ ၁၇၆၇ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ လွတ်လပ်သော နိုင်ငံတစ်နိုင်ငံအဖြစ် ထိုင်းနိုင်ငံရပ်တည်လာခဲ့သည် ဆိုသော ကိစ္စပင်ဖြစ်သည်။

အယုဒ္ဓယပျက်ပြီး ထိုင်းနိုင်ငံကို ပြန်လည်စုစည်းနိုင်ခဲ့ခြင်းမှာ တက်ဆင်ဘုရင်၏ ထူးခြားသော ရဲစွမ်းသတ္တိ၊ စစ်ရေးဆိုင်ရာ ခေါင်းဆောင်မှု၊ မဟာဗျူဟာ ကျင်လည်လိမ္မာမှုနှင့် စုစည်းနိုင်မှုကြောင့်ပင်ဖြစ်သည်ဟု ဆိုကြပါသည်။ ဤကိစ္စမှာ တစ်ပိုင်းတစ်စ မှန်သည်ဖြစ်သော်လည်း မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှာ ယခင် အတိတ်ကာလက နှစ်ဘက်အပြိုင်အဆိုင်ဖြစ်ခဲ့သော၊ နက်နက်ရှိုင်းရှိုင်း နာကြည်းမုန်းတီးမှုများ ရှိနေခဲ့ ကြသော ထီးပြိုင်နန်းပြိုင် အင်ပိုင်ယာနှစ်ခုအဖြစ် တည်ရှိရပ်တည်ခဲ့ကြသည်ဆိုသော အချက်ကို အထင် အရှား မီးမောင်းထိုးပြနေခြင်းလည်း ဖြစ်ပါသည်။ သို့သော် ယခုအချိန်ကား နှစ်နိုင်ငံစလုံးပင် အတိတ်ကာလ နှင့် မတူတော့ဘဲ ခွဲထွက်ခဲ့ကြပြီ ဖြစ်သည်။ ယခင်က မတူသော အခြေအနေ၊ မတူသောကံကြမ္မာများနှင့် ဘားမားနှင့် ဆိုင်ယမ်ဟူ၍ ယှဉ်တွဲ ရပ်တည်လာခဲ့ကြသည့်တိုင် ယခု မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့မှာမူကား ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ အောင်မြင်ရန်၊ လူမှုတည်ငြိမ်မှုရရှိစေရန်နှင့် ရေရှည် တည်တံ့သည့်စီးပွားရေးဖွံ့ဖြိုးမှု ရရှိရန်အတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရမည့် နည်းလမ်းများကို ရှာဖွေရ တော့ မည့်အချိန် ကျရောက်လာပြီ ဖြစ်သည်။

တက်ဆင်ဘုရင်အကြောင်း ပြောကြသည့်အခါတိုင်း မြန်မာတပ်များ အယုဒ္ဓယကို စစ်ချီနေဆဲ အချိန်တွင် မြန်မာနိုင်ငံသို့ မြောက်ဘက်မှ တရုတ်တပ်များ ဝင်ရောက် ကျူးကျော်လာကြသည်ဆိုသည့်အချက်ကို ယိုးဒယားရာဇဝင်တွင် တမင်ချန်လှပ်ထားလေ့ရှိပါသည်။ ဆင်ဖြူရှင်မင်းအနေဖြင့် ထိုသို့ ကျူးကျော်လာသည့် တရုတ်တပ်များကို ပြန်လည်ခုခံနိုင်ရေး အယုဒ္ဓယမှ တပ်များ ပြန်လည်ဆုတ်ခွာရန် ညွှန်ကြားခြင်းမပြုဘဲ အယုဒ္ဓယအ၇တွင်ရှိသော အလုပ်ကို လက်စသတ်ပြီးမှ ပြန်လည် ချီတက်လာရန် ညွှန်ကြားခဲ့သည်။ ဤတွင် အယုဒ္ဓယ ကျခြင်းပင်ဖြစ်သည်။ တချိန်က ရွှေထီးဆောင်းခဲ့သော အယုဒ္ဓယ နိုင်ငံတော်ကား ကျဆုံးသွားခဲ့ပြီ။ ထိုအခါမှ မြန်မာတပ်များ ပြန်လည်ထွက်ခွာ၍ တရုတ်တပ်များကို တိုက် ထုတ်ရသည်ဖြစ်ရာ အယုဒ္ဓယတွင် တပ်ငယ်တတပ်ခန့်သာ ချန်ထားနိုင်ခဲ့သည့်အတွက် နောင် ယိုးဒယား မင်း တက်ဆင်က ပြန်လည်တိုက်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုင်းမင်းတက်ဆင်မှာ ယခုလက်ရှိ ချက္ကရီ မင်းဆက်မတိုင်မီ ၁၅ နှစ်တာမျှ ယိုးဒယားနိုင်ငံ(Siam)ကို အုပ်ချုပ်မင်းလုပ်သွားခဲ့သည်။

သမိုင်းကြောင်းအရ စစ်ပွဲများ၊ အနိုင်အရှုံးများအကြောင်း ပြောဆိုကြသည့်အခါတိုင်း မြန်မာက အမြဲလို ယိုးဒယား (Siam) အပေါ် အသာစီးမှ နေခဲ့သည်ချည်းသာဖြစ်သည်။ ၁၇ ရာစုအစောပိုင်း တိုတောင်း လှသည့် ကာလတစ်ခုတွင်သာ ယိုးဒယားမင်း နရဲစွမ်၏ စစ်ရေးဆိုင်ရာ မဟာဗျူဟာ ကျွမ်းကျင်လိမ္မာမှုနှင့် ယိုးဒယားတို့ မြန်မာနိုင်ငံ အလယ်ပိုင်းသို့ စစ်ချီတက်နိုင်ခဲ့ခြင်းသာ ယိုးဒယားတို့ဘက်က ပြန်လည် ပြောဆိုချေပစရာရှိပါသည်။ အင်ပိုင်ယာနိုင်ငံနှစ်ခုအဖြစ် အပြိုင်အဆိုင် ပြုခဲ့ကြသည့်အချိန်အများစုတွင် မြန်မာကသာ ယိုးဒယားဘက်သို့ စစ်ချီတက်လာလေ့ရှိပါသည်။ မြန်မာမှာ သဘောသဘာဝအားဖြင့်ပင် စစ်တိုက်၊ စစ်ထိုးလိုသောနိုင်ငံ (warrior state) ဖြစ်ပြီး ယိုးဒယားမှာမူ ကုန်ကူးသန်းရောင်းဝယ်ရေးကိုသာ အဓိကဆောင်ရွက်လိုသောနိုင်ငံအဖြစ် အကောင်းဆုံး ဥပမာပြနိုင်သည့်နိုင်ငံဖြစ်သည်။ မြန်မာမင်းနိုင်ငံမှာ စစ်ပွဲများ၊ အောင်မြင်မှုများနှင့် ပြည့်နှက်နေခဲ့သော နိုင်ငံဖြစ်ပြီး တဖက်မှ ယိုးဒယားမင်းနိုင်ငံမှာမူ ကုန်ကူးသန်းရောင်းဝယ်ရေး၊ ကုန်သွယ်ရေးအလုပ်ကိုသာ အလေးပေးဆောင်ရွက်ခဲ့သော နိုင်ငံဖြစ်သည်။ နှစ်နိုင်ငံအကြား ပထဝီအနေအထားများ၊ သမိုင်းကြောင်းအစဉ်အလာများအရ အထက်တွင် ဖော်ပြခဲ့သော မျိုးဗီဇ (DNA) များမှာ နှစ်နိုင်ငံပြည်သူများ၊ နှစ်နိုင်ငံရပ်တည်မှုအကြား တည်ရှိနေခဲ့ပြီး ထိုမျိုးဗီဇများကပင် ယနေ့ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံရောက်ရှိနေသော အနေအထားကို ရှင်းလင်းပြသနေခြင်းဟု ဆိုနိုင် မည်ဖြစ်သည်။

ပထဝီအနေအထားသည်လဲ အထူးအရေးပါ ပါသည်။ မြန်မာမှာ ထိုစဉ်က ဗြိတိသျှ သိမ်းပိုက်ထားသော အိန္ဒိယနိုင်ငံနှင့် ကပ်လျက် တည်ရှိနေခြင်းဖြစ်ရာ၊ ၁၉ ရာစုအတွင်း ကိုလိုနီနယ်ချဲ့လိုသော ဗြိတိသျှနှင့် ဒေသတွင်း စစ်မင်းသဖွယ်ဖြစ်ခဲ့သည့၊် စစ်သွေးစစ်မာန်ကြွယ်သည့် မြန်မာတို့ သုံးကြိမ်တိုင် စစ်ပွဲများ ဆင်နွဲခဲ့ရသည်။ သုံးကြိမ်စလုံးပင် မြန်မာ စစ်ရှုံးခဲ့ရာ ၁၈၈၅ တွင် မြန်မာမင်းဆက် ပျက်သုဉ်းသွားခဲ့ပြီး မြန်မာ့ဦးစွန်း မြေသို့ယွန်းခဲ့ရသည်။ တစ်ဖက်တွင်လဲ မြန်မာနှင့် အင်္ဂလိပ်အကြား မြန်မာ တစ်ခါ စစ်ရှုံးတိုင်း ယိုးဒယားက ဗြိတိသျှကို လိုက်လျှော စေ့စပ်မှုများ ဆောင်ရွက်ခဲ့ရလေ့ရှိပါသည်။ ၁၉၀၉ ခုတွင် ယိုးဒယားပိုင် မြောက်ပိုင်း မလေးပြည်နယ်များကို အင်္ဂလိပ်လက် အပ်ခဲ့ရသလို၊ မြန်မာနိုင်ငံကို အင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီ အုပ်ချုပ်မှုအောက် သွတ်သွင်းပြီးနောက် ယိုးဒယားတို့သည်လည်း အင်ဒိုချိုင်းနားဘက်မှ ဖိအားပေးလျက်ရှိသော ပြင်သစ်ကိုလိုနီများကို လိုက်လျှောမှုများ ပြုခဲ့ရသည်။ ၁၈၉၃ တွင် ပြင်သစ်တို့သည် ယနေ့ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများကို အများစု သိမ်းပိုက်ထားပြီးဖြစ်သည်။ ဤသမိုင်းဖြစ်ရပ်တို့ကို ပြန်လည်ထောက်ရှုလျှင် စစ်သွေးစစ်မာန်ကြွယ်ဝသည့်အလျောက် အနောက် နိုင်ငံများမှ နယ်ချဲ့သမားများ၏ နယ်ချဲ့မှုကို ခံခဲ့ရသည့် မြန်မာနိုင်ငံနှင့် ထိုနယ်ချဲ့မှုကို ကြံကြံခံရင်ဆိုင် မှုမရှိဘဲ လေယူရာတိမ်း၍ လက်တွေ့အကျိုးကို မျှော်သော၊ လွတ်လပ်ရေးမဆုံးရှုံးခဲ့ဖူးဟု ဆိုနိုင်သော ယိုးဒယားနိုင်ငံတို့အကြား သမိုင်းကြောင်းဆက်စပ်မှုများကို အထင်အရှား တွေ့မြင်ရမည်ဖြစ်သည်။

နှစ်ဆယ်ရာစုတွင်လဲ ဤနိုင်ငံ နှစ်နိုင်ငံအဖို့ မတူညီသော မုန်တိုင်းများ၊ အပြောင်းအလဲများ ရိုက်ခတ် ဝင်ရောက်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ၁၉၅၀ နှစ်များတွင် မြန်မာနိုင်ငံအနေနှင့် လွတ်လပ်ရေး ပြန်လည် ရရှိလာခဲ့ပြီး ဒီမိုကရေစီစနစ် ရှင်သန်ထွန်းကားသော အခြေအနေရောက်ရှိလာသော်လည်း ၁၉၆၂ တွင်မူ စီးပွားရေးအရ မည်သူ့ကိုမျှ မှီခိုခြင်းမရှိသည့် တံခါးပိတ်၊ စစ်အုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲ သွားခဲ့သည်။ နှစ်ပေါင်း ၂၀ ကျော်ကြာ တံခါးပိတ်ဝါဒကျင့်သုံးခဲ့ပြီးနောက်တွင်မူ တုံ့ဆိုင်းသွားလိုက်၊ ပြန်လည်စတင်လာလိုက်နှင့် နိုင်ငံရေး၊ စီးပွားရေး တံခါးဖွင့်မှုများဆီ ပြန်လည်ရောက်ရှိလာခဲ့သည်။ ယခုတွင်မူ မြန်မာနိုင်ငံမှာ အတိတ်ကာလက ဝန်ထုပ်ဝန်ပိုးများ တလှေကြီးနှင့် အပြောင်းအလဲဆီ စတင်ချဉ်းနင်း ဝင်ရောက်လာခဲ့ပြီဖြစ်သည်။ မြန်မာတိုင်းရင်းသားများအရေးကလည်း အုပ်ချုပ်မှုနှင့် တည်ငြိမ်မှုအတွက် စိန်ခေါ်မှုများစွာကို ဖြစ်ပေါ်စေခဲ့သည်။ ၂၀၁၁ သြဂုတ်လတွင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လက်ရှိ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်တို့ ပထမဆုံးအကြိမ် တွေ့ဆုံမှုအပြီး ပွင့်လင်းလာသော နိုင်ငံရေးအခြေအနေများနှင့် ပြုပြင်ပြောင်းလဲရေးများ နောက်ပိုင်း ပေါ်ပေါက်လာသော ဘာသာရေးနှင့် လူမျိုးရေုးဆိုင်ရာ ပဋိပက္ခများတွင် နှစ်ပေါင်းများစွာ ဖိနှိပ်ထားခြင်း ခံရသော မြန်မာတို့၏ မသိစိတ်တွင် စွဲဝင်ကပ်ညှိနေသည့် သူများထက်သာသည်ဆိုသည့် ဘဝင်စိတ် (superiority complex) ပါဝင်ကောင်း ပါဝင်နိုင်ဖွယ်ရှိနေပါသည်။

တစ်ဖက်တွင်လည်း (၁၉၃၉ ခုနှစ်မှစ၍ ဆိုင်ယမ်(Siam)ဆိုသော အမည်မှ ထိုင်းနိုင်ငံ(Thailand)ဟု အမည်ပြောင်းခဲ့သော) ထိုင်းနိုင်ငံသည်လည်း မြန်မာနိုင်ငံနှင့် အတူတူလောက်ပင် ၁၉၅၇ မှ ၁၉၈၈ ထိ အသွင်စုံ၊ အရောင်စုံ စစ်အုပ်ချုပ်ရေးများက အများအားဖြင့် အာဏာကို ချုပ်ကိုင်ကျင့်သုံးခဲ့ကြသည်။ သို့သော် ယင်းအုပ်ချုပ်ရေးများတွင် စီးပွားရေးကိုမူ တံခါးဖွင့်ထားခဲ့ကြပြီး ကုန်သွယ်မှုနှင့် စီးပွားရေးအရ ရင်းနှီးမြုပ်နှံမှုများကို အားပေးခဲ့ကြသည်။ ဤသည်မှာ ကိုလိုနီအဖြစ် သွတ်သွင်းမခံရခြင်းကြောင့်နှင့် နဂိုကပင် စီးပွားရေးဆောင်ရွက်လိုသော အထုံဗီဇကြောင့် ဖြစ်ကောင်းဖြစ်နိုင်ဖွယ်ရှိပါသည်။ အုပ်ချုပ်သူ ဗိုလ်ချုပ်ကြီးများက နိုင်ငံ့စီးပွားရေးကို ဦးစီးရန် ဖွံ့ဖြိုးရေးနားလည်ကျွမ်းကျင်သည့် တက်ခနိုကရက်များကို လုပ်ဆောင်ခွင့်ပြုခဲ့ကြပြီး နှစ်လေးဆယ်ကျော်ကြာ စီးပွားရေးဖွံ့ဖြိုးမှုကြီးအတွက် လိုအပ်သည့် အခြေခံလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ကြသည်။ ထိုစီးပွားရေးဖွံ့ဖြိုးမှုကြီးကပင် အဆင့်ဆင့် တိုးတက် ဖြစ်ပေါ်လာသော ဒီမိုကရက်တိုင်ဇေးရှင်းဖြစ်စဉ်ကို ကူညီအားပေးမည့် လူလတ်တန်းစားအလွှာကို ကြီးထွား လာစေခဲ့သည်။ သို့ရာတွင် ယင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကြီးမှာ အင်အားပြင်းထန်ပြီး ရရှိလာသည့် အကျိုးအမြတ်များမှာ အပေါ်ပိုင်းနှင့် အလယ်ပိုင်းရှိ ထိပ်တန်းအရာရှိကြီးများ၊ နိုင်ငံရေးသမားများ၊ စီးပွားရေးသမားများအတွက်သာ စုပုံနေခဲ့ရာ အောက်ခြေအဆင့်များသို့ ထိထိရောက်ရောက် အကျိုးပြုခြင်း မရှိခဲ့ပေ။

ထိုင်းနိုင်ငံ၏ ဆိုခဲ့ပါ အချိန်နှင့်အမျှ လူမှုမညီမျှမှုများနှင့် စီးပွားရေးအရ ဆင်းရဲချမ်းသာကွာဟမှု ကြီးမား ခြင်းတို့မှာ နောင်တွင် သက်ဆင်ရှင်နာဝပ်(ယခင် ထိုင်းဝန်ကြီးချုပ်ဟောင်း)အတွက် အမြတ်ထုတ်စရာ ဖြစ်လာခဲ့သည်။ သက်ဆင်ကို ဖယ်ရှားခဲ့သည့် ၂၀၀၆ စစ်အာဏာသိမ်းမှုအပြီး ထိုင်းနိုင်ငံ၏ နိုင်ငံရေးမှာ အီလည်လည် အခြေအနေတွင် တန့်နေခဲ့သည်။ ၂၀၀၁ ခုနှစ်မှ စ၍ သက်ဆင်လိုလားသူ နိုင်ငံရေး အင်အားစုများက ရွေးကောက်ပွဲများအားလုံးအနိုင်ရရှိခဲ့သော်လည်း နိုင်ငံကို အုပ်ချုပ်ဦးဆောင်ခွင့် မရရှိခဲ့ သလို သက်ဆင် ဆန့်ကျင်သည့် နိုင်ငံရေးအင်အားစုများမှာလဲ သက်ဆင်ကို နိုင်ငံရေးတွင် မပါဝင်နိုင် အောင် စည်းခြားထားနိုင်ခဲ့သော်လည်း ရွေးကောက်ပွဲအနိုင်ရအောင် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါ။

လွန်ခဲ့သည့် ရာစုနှစ်များအတွင်း မြန်မာနှင့် ထိုင်းနိုင်ငံတို့မှာ လားရာလမ်းကြောင်း မတူညီခဲ့သော်လည်း ၂၁ ရာစု အဝန်းအဝိုင်းသစ်တွင်မူ မြန်မာ၊ ထိုင်း နှစ်နိုင်ငံ ပြန်လည် ချိတ်ဆက်လာနိုင်ခဲ့ပြီ ဖြစ်ပါသည်။ ထိုင်းနိုင်ငံအနေနှင့် (လျှပ်စစ်ဓာတ်အားအတွက်) မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့အပေါ်မှီခိုနေရပြီ ဖြစ်သလို လုပ်သားကိစ္စ၊ လုံခြုံရေး ကိစ္စ (ဥပမာ မူးယစ်ဆေးဝါး နှိမ်နင်းရေး)စသည့် ကိစ္စများတွင် မြန်မာ နိုင်ငံအပေါ် များစွာ မှီခိုနေရပြီဖြစ်သည်။

မြန်မာနိုင်ငံသာမရှိလျှင် ထိုင်းနိုင်ငံအနေနှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ကြုံတွေ့ရမည်ဖြစ်သလို မြင့်မားသော လုပ်ခလစာများနှင့်လဲ ရင်ဆိုင်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေနှင့်လည်း နျူကလီးယားလက်နက် အစီအစဉ်များကို ရပ်ဆိုင်းထားလိုက်ပြီဖြစ်သလို အလုပ်သမားများ လွှဲပို့သော ဝင်ငွေများအပါအဝင် အကူအညီများ၊ ချေးငွေများ၊ ရင်းနှီးမြုပ်နှံမှု သဘောတူညီချက်များနှင့် အရည်အသွေးမြှင့်တင်ရေး အစီအစဉ်များကို ထိုင်းနိုင်ငံထံမှ လက်ခံရရှိနေပြီဖြစ်သည်။ သာဓက ပြရလျှင် ထိုင်းနိုင်ငံဗဟိုဘဏ် (the Bank of Thailand) က မကြာသေးမီက မြန်မာကျပ်ငွေကို နှုန်းရှင်ထား သည့် ကိစ္စမျိုးတွင် ပါဝင်ကူညီခဲ့ခြင်းမျိုးပင်ဖြစ်သည်။

ထို့ပြင် မြန်မာအစိုးရနှင့် တပ်မတော်ကို လက်နက်စွဲကိုင် တော်လှန်နေသော ရှမ်း၊ ကရင်စသည့် တိုင်းရင်းသားလူမျိုးစုများကို ကူညီခြင်း၊ ထောက်ပံ့ခြင်းစသည့် နှစ်နိုင်ငံအကြား ကြားခံထားမူဝါဒ (buffer policy)ကို ထိုင်းနိုင်ငံအနေနှင့် တရားဝင် ဆက်လက်ကျင့်သုံးခြင်းမရှိတော့သလို လက်တွေ့တွင် ထိုင်းနိုင်ငံ၏ မြန်မာနိုင်ငံမူဝါဒဆိုင်ရာ သဘောတူညီချက် (consensus) ရရှိနေပြီဟုပင် ဆိုရမည်ဖြစ်သည်။ လက်ရှိ ဝန်ကြီးချုပ် ယင်လတ်၏ အစိုးရပင်ဖြစ်စေ၊ အတိုက်အခံ ဝန်ကြီးချုပ်ဟောင်း အဘီဆစ် ဝိဇ္ဇာဇီဝ ၏ ၂၀၀၈-၂၀၁၁ အစိုးရကပင်ဖြစ်စေ၊ ထိုင်းအစိုးရများ၏ မြန်မာအရေးမူဝါဒမှာ နှစ်နိုင်ငံကုန်သွယ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းလုပ်ဆောင်မှုများကို ကဏ္ဍစုံမြှင့်တင်သွားရန် ဆိုသည့် မူဝါဒပင် ဖြစ်သည်။ ဤဘုံသဘောတူညီချက်မျိုး ထိုင်းအစိုးရအနေနှင့် ကမ္ဘောဒီးယားမူဝါဒတွင် ကိုင်စွဲထားခြင်း မရှိ ချေ။

လောလောဆယ် မြန်မာ-ထိုင်း နှစ်နိုင်ငံဆက်ဆံရေးတွင် အရေးကြီးသည့် ကိစ္စတစ်ခုမှာ ထားဝယ် စီမံကိန်းပင်ဖြစ်သည်။ ဤကိစ္စတွင် မြန်မာ ထိုင်း နှစ်ဘက်စလုံးအနေဖြင့် ရေရှည်စဉ်းစားသည့် အမြင် ရှုထောင့်မှ သုံးသပ်ဆောင်ရွက်ရန်လိုပြီး အသေးအဖွဲ ကိုယ်ကျိုးစီးပွားကို အာရုံစိုက်၍ မျက်တောင်တဆုံးသာ ကြည့်ခြင်းမျိုး မပြုသင့်ဘဲ မျက်စိတဆုံး၊ ကဏ္ဍစုံ အရေးကြီးသည့် ကိစ္စများကို ထည့်သွင်းစဉ်းစားရန်လိုအပ်သည်။ ဒေါ်လာ ဘီလျှံချီသည့် ဤ စီမံကိန်းမှာ ထိုင်းနိုင်ငံ ဆောက်လုပ်ရေး ကုမ္ပဏီလုပ်ငန်းစုကြီးတစ်ခုဖြစ်သည့် အီတာလျှံ-ထိုင်း ဖွံ့ဖြိုးရေး (Italian-Thai Development) ကုမ္ပဏီက ၂၀၀၈ ခုနှစ်၌ ထားဝယ်တွင် စတုရန်းကီလိုမီတာ ၂၅၀ ကျယ်ဝန်းသည့် စီမံကိန်း ရရှိခြင်းက အစပြုခဲ့သည်။ ထိုပရောဂျက် နှောင့်နှေးသွားသည်တွင် ယင်လတ်အစိုးရက ပခုံးပြောင်းတာဝန်ယူကာ၊ ပြည်သူဘဏ္ဍာများနှင့် ဝင်ရောက်ရင်းနှီးမြုပ်နှံပြီး ITD ကို အကျိုးအမြတ်ဖြစ်စေမည့် လုပ်ငန်းမျိုး ဆောင်ရွက်လိမ့်မည်ဟု ခန့်မှန်းရသည်။

ထို့ပြင် သက်ဆင်သည်လဲ ဤကိစ္စနောက်ကွယ်တွင် ပါဝင်နေသည်ဟု ယူဆရဖွယ်ရှိသည်။ သက်ဆင်ကလဲ ဤစီမံကိန်းတွင် ရင်းနှီးမြုပ်နှံရန် စိတ်ဝင်စားနေသည်ဟု သတင်းများက ဆိုပြိး ထိုင်းသင်္ကြန် ဆုန်ကရမ် ရက်များအတွင်း မြန်မာနိုင်ငံတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ရှိနေသည်ဟု ဆိုသည်။ ထိုင်းနိုင်ငံ၏ နက်ရှိုင်းစွာ ကွဲပြားနေသော လူ့အဖွဲ့အစည်းအတွင်း ဘက်တဘက်ဘက်ကို ရပ်ခြင်းဖြင့် ကမ္ဘောဒီးယားနိုင်ငံ ပြုမိသည့် အမှားမျိုး မပြုမိစေရန် မြန်မာအာဏာပိုင်များအနေနှင့်လည်း ကြိုးစားဆောင်ရွက်ကြလိမ့်မည်ဟု မျှော်လင့်ရသည်။

ထိုင်းနိုင်ငံနှင့် ဆက်ဆံရာတွင် မြန်မာနိုင်ငံအနေနှင့် ဘက်စုံဆက်ဆံခြင်းမျိုး၊ အဓိကအကျိုး စီးပွားစပ် ဆိုင်သူများအားလုံး ပါဝင်အောင် ဆက်ဆံခြင်းမျိုး ဖြစ်သင့်သည်။ ထိုင်းနိုင်ငံအနေနှင့်လဲ မြန်မာနိုင်ငံနှင့် အလားတူ ဆက်ဆံသင့်သည်။ ထိုင်းနိုင်ငံ အစိုးရအနေနှင့် မြန်မာနိုင်ငံအပေါ် စိတ်ကောင်းစေတနာ ကောင်းရှိကြောင်း ဆက်လက်ဖော်ပြရန် လိုအပ်သလို မြန်မာနိုင်ငံရှိ အဓိကအကျိုးစီးပွား စပ်ဆိုင်သူများ အားလုံး သဘောပေါက်နားလည်နိုင်နိုင်သည့် ဆက်ဆံရေးမျိုးကို ထူထောင်ရန်လိုအပ်သည်။ ထိုသို့ဆောင် ရွက်ရာတွင်လဲ မည်သည့် အစုအဖွဲ့ကိုမျှ မိမိ၏ စီးပွားရေးအကျိုးအမြတ်အပေါ်မူတည်၍ ပိုမို မျက်နှာသာပေး ဆက်ဆံခြင်းမျိုး မပြုလုပ်ရန်လည်း လိုအပ်မည်ဖြစ်သည်။

ကျယ်ပြန့်စွာ စဉ်းစားလျှင် ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံ၏ အာဆီယံသို့သွားရာလမ်းကြောင်း (ကော်ရစ်ဒါ) ဖြစ်သလို မြန်မာနိုင်ငံ၏ လက်ရှိပွင့်လင်းလာသော အနေအထားက အရှေ့တောင်အာရှကုန်းပြင်ကို ကုန်ထုတ်လုပ်မှု GDP မြင့်မားလာစေရန် လက်ယပ်ခေါ်သည့်အနေအထားသို့ ရောက်ရှိလာစေခဲ့သည်။ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံစုပေါင်းထားသော စားသုံးသူဈေးကွက်ကြီးမှာ ဗီယက်နက်၊ ယူနန်နှင့် မလေးရှားအချိတ်အဆက်များကို ထည့်သွင်းတွက်ချက်လျှင် သန်း ၃၅၀ ကျော် ကြီးမားသည့် ဈေးကွက်ကြီးဖြစ်သည်။ ဤအစုအဝေးကြီးမှာ မြေပေါ်မြေအောက် ကြွယ်ဝသည့် သယံဇာတများလဲ ရှိနေသလို၊ လမ်းပန်းဆက်သွယ်ရေးအရလဲ တိုးတက်လာတော့မည့် အခြေအနေရှိနေသည်ဖြစ်ရာ ဤဒေသကြီး၏ စီးပွားရေးမှာ သေချာပေါက် ဖွံ့ဖြိုးတိုးတက်မည့် အလားအလာရှိနေပြီး ၂၀၁၅ အာဆီယံ ကတိကဝတ်များနှင့်လဲ ပတ်သက် ဆက်စပ်နေပါသည်။ အဓိက စိန်ခေါ်မှုတစ်ခုသာရှိပါသည်။ နိုင်ငံရေး…၊ ကြီးမားသည့်နိုင်ငံရေးလဲရှိသလို ခပ်သေးသေး နိုင်ငံရေးကိစ္စတွေလဲ ရှိနေခြင်းဖြစ်သည်။

ကြီးမားသည့်နိုင်ငံရေးကိစ္စမှာ အမေရိကန်ပြည်ထောင်စု၊ ဂျပန်နှင့် အာဆီယံတို့က တဖက်တွင်ရှိနေသလို နှင့် တဖက်တွင် တရုတ် ရှိနေသည့် ပါဝါလွန်ဆွဲမှုများအကြား အရှေ့တောင်အာရှ ကုန်းပြင်၏ ပါဝါမျှခြေကို ဘယ်လိုထိန်းကြမလဲဆိုသည့် ကိစ္စ ဖြစ်သည်။ ဤဒေသမှာ သဘာဝအားဖြင့် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှု သြဇာအောက်တွင် ရှိနေသည်ဖြစ်သော်လည်း ဒေသတွင်းအကျိုးစီးပွားများကို အလုပ်ဖြစ်ပြီး နှစ်ဦးနှစ်ဘက် အကျိုးရှိသည့်အခြေအနေတွင် ဆောင်ရွက်သွားနိုင်ရန် တဖက်မှ အခြား အင်အားကြီးနိုင်ငံကြီးများက စောင့်ကြည့်ပေးရန် လိုအပ်မည်ဖြစ်သည်။ မည်သည့် အင်အားကြီးနိုင်ငံကိုမျှ အရှေ့တောင် အာရှကုန်းပြင်ကို လွှမ်းမိုးရန် ခွင့်ပြုနိုင်မည်မဟုတ်ချေ၊ ဤရည်မှန်းချက်ကို ရရှိအောင် ဆောင်ရွက်နိုင်ရန် မြန်မာနှင့် ထိုင်းနိုင်ငံက အခြား အဓိကပလေယာများကို ထိန်းညှိပေးနိုင်သည့် အနေအထားတွင် ရှိနေသည်။

သေးငယ်သည့်နိုင်ငံရေးဆိုသည်ကတော့ အတွင်းပိုင်းပြဿနာများသာ ဖြစ်လိမ့်မည်။ မည်သို့သော အခက်အခဲ၊ အဟန့်အတားများနှင့် ကြုံရသည်ဖြစ်စေ၊ မြန်မာဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မှုများ လမ်းချော်မသွားရန် လိုအပ်သလို၊ ထိုင်းဒီမိုကရေစီသည်လည်း ယခုအခြေထက် ပိုမိုကျစ်လျစ် သိပ်သည်းသော၊ ရွေးကောက်ပွဲဒီမိုကရေစီကို ကျော်လွန်သော အနေအထားရောက်အောင် ဆောင်ရွက်ရမည်ဖြစ်သည်။ နှစ်နိုင်ငံစလုံး ဒီမိုကရက်တစ်အင်စတီကျူးရှင်းများကို ခိုင်မာအောင်တည် ဆောက်၍ အပြန်အလှန် ထိန်းညှိမှု (checks and balances)၊ ပြည်သူလူထု ပါဝင်မှု၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုများ ရှိလာစေရန်မှာ မဖြစ်မနေ ဆောင်ရွက်ရမည့် ကိစ္စရပ်များ ဖြစ်သည်။ မြန်မာနှင့် ထိုင်းနိုင်ငံတို့မှာ မတူသော ဒီမိုကရေစီခရီးလမ်းပေါ်တွင် ကွဲပြားသည့်အဆင့်နေရာများ၌ ရှိကောင်း ရှိကြမည်ဖြစ်သော်လည်း နှစ်နိုင်ငံ ဦးတည်ချက်များမှာ အထူးနီးစပ်လှသည်ဖြစ်ရာ ယခင် ရွပ်ရွပ်ချွံချွံ တိုက်ခဲ့ဖူးသော နိုင်ငံနှစ်နိုင်ငံသည် ယခုအခါ ရွပ်ရွပ်ချွံချွံ ပူးပေါင်းဆောင်ရွက်ရန် နည်းလမ်းများ ရှာဖွေ ရတော့မည်ဖြစ်ကြောင်း တင်ပြလိုပါသည်။

(Envoy ဂျာနယ် အတွဲ ၃၊ အမှတ် ၅၁၊ ၂၃.၅.၂၀၁၃ ကြာသပတေးနေ့ထုတ် စာစောင်တွင် ဖော်ပြပါရှိပြီး)

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။