/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, March 13, 2013

.

တက္ကစီမှတ်ပုံတင်ခြင်းကို မထသ(ဗဟို)မှ ဆောင်ရွက်သွားမည်


လာမည့် ဧပြီလ ၁ ရက်မှစ၍ တက္ကစီယာဉ် မှတ်ပုံတင်ခြင်း လုပ်ငန်းကို မထသ(ဗဟို) မှ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းအား ယခင်က ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး တက္ကစီယာဉ်များ စည်းကမ်း ထိန်းသိမ်း ရာတွင် ထိရောက်စွာ ဆောင်ရွက် နိုင်ရန် အတွက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ မထသ သို့ တာဝန် ပေးအပ် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

" လုပ်ငန်းပိုင်း ဆိုင်ရာ လွှဲပြောင်းဖို့ အတွက်ကို စည်ပင် ခရိုင် အုပ်ချုပ်ရေးမှူး တွေနဲ့ မထသ ခရိုင်က အုပ်ချုပ်ရေးမှူး တွေ ညှိနှိုင်း နေပါတယ် ၊ လကုန်ရင် ကိစ္စအားလုံး ပြီးမြောက် သွားအောင် ဆောင်ရွက် နေပါတယ် ... " ဟု မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင် ကပြောသည်။ လွှဲပြောင်းမှု ဆိုင်ရာ ကိစ္စရပ် များအား လက်ရှိ အချိန်တွင် ခရိုင် ၄ ခုရှိ ဥက္ကဋ္ဌများ နှင့် သက်ဆိုင်ရာ ယာဉ်လိုင်း အုပ်ချုပ်ရေးမှူး များ ပူးပေါင်း၍ မတ်လ ၅ ရက်နေ့မှ စတင် လုပ်ဆောင် ခဲ့ပြီး ၂ ပတ်အတွင်း ပြန်လည် သုံးသပ် သွားမည် ဖြစ်ကြောင်း ၄င်းက ထပ်မံ ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ခရိုင် အုပ်ချုပ်ရေးမှူး ရုံးတွင် တက္ကစီယာဉ် မှတ်ပုံတင်ခြင်းအား မတ်လ ၁၅ ရက်နေ့မှ စ၍ မထသ(ဗဟို) ခရိုင် အုပ်ချုပ်ရေးမှူး ရုံးသို့ လွှဲပြောင်း ပေးမည် ဖြစ်ကြောင်း သိရသည်။

" တက္ကစီယာဉ် တွေရဲ့ စည်းကမ်းပျက် လုပ်ဆောင်မှု တွေကို ယာဉ်ထိန်းရဲ တွေနဲ့ ပူးပေါင်းပြီး ထိရောက်တဲ့ အရေးယူမှု တွေ လုပ်မယ် ... " ဟု ဦးလှအောင်က ဆက်ပြောသည်။ လက်ရှိ အချိန်တွင် တက္ကစီ ယာဉ်အချို့သည် စည်းကမ်းမဲ့ ရပ်နားခြင်း နှင့် ကားမှတ်တိုင် များတွင် ရပ်နား၍ ခရီးသည် တင်ခြင်းများ ရှိနေကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်း တရားဝင် ပြေးဆွဲနေသော တက္ကစီယာဉ် စီးရေ စုစုပေါင်း ၄၉၆၁၀ ကျော် ရှိကြောင်း ထုတ်ပြန် ထားသော စာရင်းများ အရ သိရှိရသည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။