/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Saturday, March 9, 2013

.

အချိန်မီ ချုပ် အစုတ်သက်သာ

နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံး အကြိမ်ကျင်းပမည့် ပါတီညီလာခံ ဖြစ်သည်
(ဓာတ်ပုံ – သာလွန်ဇောင်းထက် / ဧရာဝတီ)

မြန်မာနိုင်ငံမှာ ၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးကနေ မွေးထုတ်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် NLD ပါတီရဲ့ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံး ပါတီညီလာခံကို မတ်လ ၈၊ ၉၊ ၁၀ ရက်တွေ မှာ ရန်ကုန်မြို့ ဗဟန်းမြို့နယ်က တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ကျင်းပနေပါပြီ။

ညီလာခံ မတိုင်မီမှာ ညီလာခံ ကျင်းပရေး ကော်မရှင်က ဗဟို ညီလာခံ ကိုယ်စားလှယ် ၄ ဦးဖြစ်တဲ့ လမ်းမတော်မြို့နယ် ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ ရွှေပြည်သာမြို့နယ် ဥက္ကဋ္ဌ ဦးသန့်ဇင်၊ ရန်ကုန်မြောက်ပိုင်းခရိုင် ဥက္ကဋ္ဌ ဦးခင်မောင်ရှိန်၊ စစ်ကိုင်း ကောလင်းမြို့နယ် ဥက္ကဋ္ဌ ဒေါ်မိမိကြီးတို့ကို ပါတီတွင်း ပြိုကွဲပျက် စီးစေတဲ့ အပြုအမူ၊ အပြောအဆို၊ လှုပ်ရှားမှု ပြုလုပ်တဲ့ ခိုင်မာသော အထောက်အထားတွေ ရရှိထားတယ် ဆိုပြီး ညီလာခံ ကိုယ်စားလှယ် အဖြစ်မှ ရပ်ဆိုင်းတယ်လို့ မတ်လ ၅ ရက်နေ့က ပါတီက တရားဝင်သတင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒီကိစ္စကြောင့် ဦးခင်မောင်ရှိန်က စာနယ်ဇင်းတွေ ခေါ်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်ကာ စွပ်စွဲမှုတွေဟာ မမှန်ကန်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပါတယ်။

“ဒီလို အခြေအနေမျိုး မဟုတ်ဘဲနဲ့ စွပ်စွဲခံရတာ၊ စွပ်စွဲချက်က ကြီးတယ်ဗျာ။ ကျနော့် နိုင်ငံရေး ဂုဏ်သိက္ခာလည်း ကျနော့်မှာ ထိတယ်။ ကျနော်တို့ ရပ်တည်တဲ့အဖွဲ့ထဲမှာလည်း ဒါမျိုးတွေရှိတယ်ဆိုရင် အနာဂတ် အတွက် မကောင်းဘူး။ နိုင်ငံရေး ခရီးမှာလည်း စည်းစည်းလုံးလုံးနဲ့ ဖြစ်စေချင်တယ်။ ကျနော် တို့က စည်းလုံးမှုကို ဖြိုခွဲပြီး ပျက်စီးရာ ပျက်စီးကြောင်း ပြုမူပြောဆိုတာတော့ မရှိဘူး။ ဒီစွပ်စွဲချက်ကြီး နဲ့တော့ နှစ် ၂၀ ကျော်လုပ်ခဲ့တဲ့ နိုင်ငံရေးဂုဏ်သိက္ခာ ကျသွားပြီ။ ရှင်းရှင်းလင်းလင်း ဖြေရှင်းဆောင် ရွက်ပြီးတာနဲ့ ပါတီဝင်အဖြစ်က ထွက်ပါ့မယ်” ဟု ဦးခင်မောင်ရှိန်က ပြောတာပါ။

နောက်တရက်မှာလည်း ဦးသန့်စင်က စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ယခု ထုတ်ပယ်ခံထားရ သူတွေကိုတောင် ကောင်းကောင်း မသိဘူးလို့ ဆိုပြီး NLD ညီလာခံ ကျင်းပရေး ကော်မရှင်ရဲ့ လုပ်ရပ်ကို ကန့်ကွက် သွားပါတယ်။

NLD ခေါင်းဆောင်တယောက်ဖြစ်တဲ့ ဦးဝင်းတင်က ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဘယ်လို ပြောပါသလဲ။

“ကျနော့်သဘောကတော့ ဒီလို ပြင်းပြင်းထန်ထန် လုပ်တာက ပါတီကို ထိခိုက်နိုင်တယ်။ ညီညွတ်ရေး ဖြိုခွဲတယ်ဆိုတာ အဲဒီသူတွေ ဖြိုခွဲတာထက် အခုလို လုပ်ခြင်းအားဖြင့် ပါတီပြိုကွဲမှုကို အားပေးရာရောက် မှာစိုးတယ်။ ပါတီဖြိုခွဲရေးအတွက် သူတို့ လုပ်ကိုင်တယ် ဆိုရင် အဲဒီလို လုပ်ကိုင်တဲ့သူကို ဒီလို အရေးယူခြင်း က ပြိုကွဲရေးအတွက် ဦးတည်မှုကို ပိုပြီးတော့ တွန်းပို့သလိုတောင် ဖြစ်နိုင်တယ်လို့ ကျနော်ယူဆတယ်။ အနည်းဆုံး ၄ ဦးကို အရေးယူတယ် ဆိုရင် ပါတီရဲ့ အစုအဖွဲ့ ပေါင်းစည်းမှု ပျက်တယ်။ Over React ဖြစ် တာ မကောင်းဘူး။ သမိုင်းမှာ ဦးနေ၀င်း မဆလခေတ်တုန်းကလည်း တတိယပတ် ညီလာခံမှာ ဒီလိုဟာမျိုးတွေ ဖြစ်ခဲ့တယ်။ Over React ကို မလိုလားဘူး။ လိုအပ်တာထက် ပြင်းထန်စွာ တုံ့ပြန်လိုက်ရင် လိုအပ်တဲ့ အကျိုးသက်ရောက်မှု ရစေမှာမဟုတ်ဘူး” လို့ ဦးဝင်းတင်က ပြောပါတယ်။

ဦးအုန်းကြိုင်ကတော့ “ရပ်ကွက်တွေ မြို့နယ်တွေမှာ ဒီမိုကရေစီ ဆိုတော့ ရင့်ကျက်တဲ့ ဒီမိုကရေစီ နိုင်ငံတွေ မှာ လိုပဲ စည်းရုံးတာတွေ၊ အုပ်စုဖွဲ့တွေရှိတာပေါ့။ မြို့နယ်အဆင့်၊ ရပ်ကွက် အဆင့်လောက်မှာ လုပ်တာ ကတော့ ထားလိုက်ပေါ့ဗျာ။ ပြဿနာ မရှိဘူး။ တဖြည်းဖြည်း အရှိန်တွေ က မြင့်လာပြီးတော့ တပြည်လုံး အတိုင်းအတာနဲ့ ကွန်ရက်တွေ ဘာတွေဖြစ်လာတယ်။ ကျယ်ပြန့်လာတော့ လူကြီးတွေက ဒါ ပထမအကြိမ်ဖြစ်တယ်။ အဲဒါတွေ သိပ်ခွင့်ပြု လွှတ်ထားလိုက်ရင် ကျနော်တို့ ဘာမှ မရင့်ကျက်သေးတဲ့အချိန် အချင်းချင်း ထစကားများကြ၊ ပြိုင်ကြ၊ ဆိုင်ကြ ဆိုရင် ညီလာခံ လုပ်လိုက်ကာမှ အချင်းချင်း ရန်ဖြစ်ခိုင်းသလို ဖြစ်နေ မယ် ဆိုပြီးတော့ ဖြစ်မှာစိုးလို့။ ညီိလာခံ တက်ရောက်ခွင့် ရုပ်သိမ်း တာပါ” လို့ ဆိုပြန်ပါတယ်။

NLD ပါတီမှာ ဒီလိုတွေဖြစ်ပြီး ညီလာခံ ကျင်းပနေကြပြီဖြစ်ပါတယ်။ ဒါပေမယ့် အထက်က အသံတွေကတော့ NLD ပါတီ တွင်းက ထွက်ပေါ်နေတဲ့ အက်ကြောင်းသံတွေပါ။ ဘယ်သူကမှ ဒီလို အသံမျိုးကို မကြားလိုကြပါဘူး။

အခု ဖြစ်နေတဲ့ ပါတီတွင်း အထက်အောက်၊ ဘေးတိုက်၊ စတဲ့ မလိုလားအပ်တဲ့ အသံတွေကို ပါတီ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဖြေရှင်းပေးနိုင်မယ်လို့ ယုံကြည်မျှော်လင့်နေ သူတွေ များ ပါတယ်။

တချို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်မှာ လွှတ်တော် လုပ်ငန်းတွေနဲ့ပဲ အချိန်တွေ ပေးနေရတာမို့ ပါတီကို ကောင်းစွာ မကိုင်တွယ်နိုင်ဘဲ ဖြစ်နေတယ်လို့ သုံးသပ်ပြောဆိုနေ တာတွေလည်း ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီအကြား လူပုဂ္ဂိုလ် တချို့က ကာဆီးထားတယ်ဆိုတဲ့ ပြောဆိုသံတွေက တိုးတိုး တမျိုး၊ ကျယ်ကျယ်တဖုံ ကြားနေရတာ ကြာပါပြီ။ ဒီလို အသံမျိုးကို လည်း ဒေါ်အောင်ဆန်းစုကြည်လည်း ပြန်ကြားရနိုင်ပါတယ်။

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိအနေအထားကလည်း အလွန်သိမ်မွေ့ နက်နဲတဲ့ လမ်းကို ဖောက်နေရတာဖြစ်လို့ နားလည်သူတွေလည်း ရှိပါတယ်။

ဒီကနေ့ ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်လည်း မိန့်ခွန်းပြောဖို့ ရှိပါတယ်။ ဒီမိန့်ခွန်းထဲမှာ ပါတီအရေး ဘာတွေ ပြောသွားမလဲ ဆိုတာကိုတော့ စိတ်ဝင်တစား စောင့်ကြည့် နေကြပါတယ်။

ဘာပဲ ပြောပြော NLD ပါတီတွင်းက ဒီလို အသံတွေ၊ ဖြစ်ရပ်တွေကတော့ ပါတီဝင်တွေတင်မက၊ ပါတီ ၀င် မဟုတ်တဲ့ ဒီမိုကရေစီ အင်အားစုတွေကလည်း မလိုလားကြပါဘူး။

အချိန်မီ ချုပ် အစုတ်သက်သာ ဆိုတဲ့ မြန်မာစကားပုံ တခုကို အမှတ်ရနေမိပါတယ်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။