/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, February 5, 2013

.

သူ့ကြောင့် ပြည်သူတွေဒုက္ခမရောက်စေချင်ဘူးလို့ ဦးဆန်းဆင့်ပြော


ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်ကို သာသနာရေးဝန်ကြီးခန့်အပ်တဲ့ ကိစ္စကို အကြောင်းပြုပြီး ပေါ်ပေါက်နေတဲ့ ဆန္ဒဖော်ထုတ်ပွဲတွေနဲ့ပတ်သတ်လို့ ဧရာဝတီတိုင်း လွှတ်တော် က ဖေဖော်ဝါရီ ၂ ရက်နေ့ရက်စွဲနဲ့ သဘောထားကြေညာချက်တရပ် ထုတ်ပြန်ခဲ့ပါတယ်။

သဘောထားကြေညာချက်ရဲ့ အဓိကဆိုလိုရင်းကတော့ လွှတ်တော် ဥက္ကဋ္ဌနဲ့ပတ်သတ်ပြီး မြို့နယ်အချို့မှာ ဆန္ဒဖော်ထုတ်ပွဲတွေလုပ်ခဲ့ကြသလို တချို့မြို့နယ်တွေလည်း ဆန္ဒဖော်ထုတ်ပွဲလုပ်ဖို့ ခွင့်ပြုမိန့်တောင်းခံ တာတွေ ရှိနေတာတွေ ကြားသိရပါတယ်တဲ့။

အဲ့လိုတွေ ဆန္ဒဖော်ထုတ်ကြရာမှာ ပြည်သူတွေဘက်က ဥပဒေနဲ့ မညီညွတ်တာတွေ ပြုလုပ်မိခဲ့လိုရှိရင် အရေးယူခံရတာ၊ ပြစ်ဒဏ်ကျခံရတာတွေ မဖြစ်စေလိုဘူး လို့ ရေးသားထားပါတယ်။

လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ပြည်သူများရဲ့ဆန္ဒအတိုင်းသာ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး သူ့ အတွက်ကြောင့် ပြည်သူတွေအရေးယူခံရ၊ အချုပ်အနှောင် ခံရတဲ့ဒုက္ခတွေ မကြုံတွေ့စေလိုကြောင်း၊ ဒါကြောင့် ပြည်သူ့ဆန္ဒဖော်ထုတ်ပွဲများနှင့်ပတ်သတ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တွေက ပြည်သူတွေကို ဥပဒေနဲ့မညီတဲ့ အပြုအမူတွေ မလုပ်မိစေရေးကို လွှတ်တော် ဥက္ကဋ္ဌကိုယ်စား မေတ္တာရပ်ခံပေးပါ ဆိုပြီး ရေးသားဖော်ပြထားပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကိုယ်စားပြုပြီး ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့က ၀င်ရောက် ယှဉ်ပြိုင် အနိုင်ရခဲ့တဲ့ ဦးဆန်းဆင့်ဟာ သရေစည်သူဘွဲ့ ချီးမြှင့်ခံထားရတဲ့ အငြိမ်းစား ဒု ဗိုလ်ချုပ်ကြီး လည်း ဖြစ်ပါတယ်။

သူ့ကိုဧရာဝတီတိုင်းမှာပဲဆက်ထားပေးဖို့ ဖေဖော်ဝါရီလ ၁ ရက်နေ့က ပန်းတနော်မြို့မှာ လူ ၁၀၀၀ ကျော် ဆန္ဒပြခဲ့သလို အခုလ ၆ ရက်နေ့မှာလည်း ကျုံပျော်မြို့က ပြည်သူတွေ ဆန္ဒဖော်ထုတ်ကြမယ်လို့ သိရပါ တယ်။

အလားတူ တိုင်းဒေသကြီးအစိုးရအဖွဲ့တည်ရှိရာ ပုသိမ်မြို့မှာလည်း အခုလ ၇ ရက်၊ ၈ ရက်မှာ ဆန္ဒဖော် ထုတ် ဖို့ လူ့အခွင့်အရေးစောင့်ကြည့်ကာကွယ်ရေးကွန်ရက် (HRWDN) က ခွင့်ပြုမိန့် တောင်းခံထားပြီး ပုသိမ်၊ သာပေါင်းနဲ့ ငပုတောက ရေလုပ်သားလယ်သမားတွေပါ ပူးပေါင်းပါဝင်ကြမယ်လို့ ဦးဆောင်သူတွေ က ပြောပါတယ်။

တဖက်မှာလည်း ဦးဆန်းဆင့်ကို သာသနာရေးဝန်ကြီးခန့်ဖို့ လွှတ်တော်က အတည်ပြုထားပြီးပြီ ဆိုတော့ ဦးဆန်းဆင့်က ဧရာဝတီတိုင်းကပြည်သူတွေဆန္ဒအတိုင်းပဲ ဧရာဝတီတိုင်းမှာ ဆက်ရှိနေမလား၊ ဒါမှမဟုတ် သာသနာရေးဝန်ကြီးပဲ ဖြစ်သွားမလားဆိုတာတော့ သမ္မတဦးသိန်းစိန်ရဲ့ အဆုံးအဖြတ်အပေါ် မူတည်နေ ပြီ ဖြစ်ပါတယ်။




ဧရာဝတီ

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။