/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, January 2, 2013

.

ဦးသိန်းစိန်အစိုးရမှ KIA အား ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်တိုက်ခိုက်မှုမှာ ပြည်တွင်းငြိမ်းချမ်းရေးကို လုံးဝပျက်စီးစေနိုင်ဟု SYCB ပြော


ဦးသိန်းစိန်အစိုးရမှ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အား ယခုကဲ့သို့ ပြင်းပြင်းထန်ထန်ထိုးစစ်ဆင် တိုက်ခိုက်မှုမှာ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှုကို လုံးဝပျက်စီးစေနိုင်သည်ဟု မြန်မာနိုင်ငံကျောင်းသား လူငယ်များကွန်ဂရက် (SYCB)က ဒီဇင်ဘာလ (၃၁)ရက်နေ့ သဘောထားထုတ်ပြန်ကြေငြာချက်တွင်ဖော်ပြ ပြောဆိုလိုက်သည်။

ထို့အပြင် ပြည်တွင်းစစ်တွင် ဦးသိန်းစိန်တပ်မတော်မှ ကြည်းတပ်၊ လေတပ်တို့ဖြင့် အင်အားအလုံးအရင်းသုံးပြီး ကချင်လွတ်လပ်ရေးတပ်မတော်အား ထိုးစစ်ဆင်တိုက်ခိုက်နေမှုအား မြန်မာနိုင်ငံကျောင်းသားလူငယ်များ ကွန်ဂရက်(SYCB)နှင့် တိုင်းရင်းသားလူငယ်များအင်အားစုမှလည်း အပြင်းအထန် ရှုံ့ချကန့်ကွက်လိုက်ကြောင်း သိရသည်။

" ငြိမ်းချမ်းရေးကို အကောင်ထည်ဖေါ်ဖို့ဆိုရင် စစ်တွေကိုရပ်ဆိုင်းမှ ဖြစ်လိမ့်မယ်။ နိုင်ငံတစ်ခုမှာ စစ်ပွဲတွေ အဆက်မပြတ် ရှိနေမယ်ဆိုရင် ငြိမ်းချမ်းရေးကို ဘယ်လိုလုပ်ပြီးအကောင်အထည်ဖေါ်ဆောင်နိုင်မလဲ။ အခုက မြန်မာ့စစ်တပ်ဟာ ဖိအားပေးထိုးစစ်ဆင်လာတယ်၊ ပြည်တွင်းစစ်မှာ လေကြောင်းကိုပါ သုံးလာတယ်။ တိုင်းရင်းသား လက်နက်ကိုင်တစ်ခုကို အပစ်အခတ်ရပ်စဲရေးဆိုတဲ့ တွေ့ဆုံးဆွေးနွေးရေးလုပ်နေတဲ့အချိန်မှာတောင်မှ အခုလိုမျိုး လေကြောင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုဟာ တွေ့ဆုံဆွေးနွေးရေးကို ထိခိုက်လာနိုင်တာပေါ့။ ဘယ်လောက်ပဲ ငြိမ်းချမ်းရေးကို အကောင်အထည်ဖေါ်ဖေါ် စစ်တွေကိုမရပ်ဆိုင်းနိုင်ဘူးဆိုရင် ဘာအဓိပ္ပါယ်မှ မရှိဘူး။ အခုက စစ်ပွဲတွေမရပ်ဆိုင်းနိုင်တဲ့အပြင် အပြင်းအထန်ထိုးစစ်ဆင်နေတာဖြစ်တယ်။ အဲဒီအချက်နှစ်ချက်ကိုကြည့်ခြင်းအားဖြင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ပျက်ပြားစေနိုင်ပါတယ်။ " ဟု SYCB ၏ တွဲဖက်အထွေအထွေအတွင်းရေးမှူး(၂) မမေဇွန်ကပြောသည်။

စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုဟုပြောဆိုနေကြသည့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ဖော်ဆောင်နိုင်ရေးအတွက် တစ်ဖွဲ့ချင်းစီငြိမ်းချမ်းရေး ဖော်ဆောင်နေမည့်အစား တိုင်းရင်းသားများအားလုံးပါဝင်သော တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်အစိုးရတို့သည် ပင်လုံကဲ့သို့သော တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် လုပ်ဆောင်ရန်လိုအပ်ကြောင်း မမေဇွန်က ဆက်လက်ပြောကြားခဲ့သည်။

သမ္မတဦးသိန်းစိန်အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများနှင့် ပြည်တွင်းငြိမ်းချမ်းရေး အကောင်အထည်ဖော် ဆောင်ရွက်နေသည်ဟု နိုင်ငံတကာအသိုင်းအဝိုင်းတွင်ပြောဆိုနေသော်လည်း ကချင်ပြည်နှင့် ရှမ်းပြည်မြောက်ပိုင်းရှိ တိုင်းရင်းသားဒေသများမှာ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို အဆက်မပြတ်အရှိန်တိုးမြှင့် လုပ်ဆောင်နေခြင်းကြောင့် ပြည်တွင်းစစ် တစ်နှစ်ကျော်ကာလအတွင်း ကချင်တိုင်းရင်းသား(၁)သိန်းခန့်မှာ အိုးမဲ့အိမ်မဲ့ စစ်ပြေးဒုက္ခသည်အဖြစ် တုန်လှုပ်ချောက်ချားစွာ ရှောင်ပုန်းနေထိုင်ရကြောင်း သဘောထားထုတ်ပြန် ကြေငြာချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် သမ္မတဦးသိန်စိန်အစိုးရအနေဖြင့် သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအစိုးရဖြစ်ရေးနှင့် စစ်မှန်သောငြိမ်းချမ်းရေး အကောင်ထည်ဖော်ဆောင်နိုင်ရန် ယခုကဲ့သို့ ကချင်တိုင်းရင်းသားများအပေါ် ပြည်ပကျူးကျော်စစ်သဖွယ် အင်အားအလုံးအရင်းသုံး ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကို ချက်ချင်းရပ်စဲရန် လိုအပ်နေပြီးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုကဲ့သို့ သမ္မတဦးသိန်းစိန်အစိုးရက ကချင်လွတ်လပ်ရေးတပ်မတော်အား ပြည်ပစစ်သဖွယ် အင်အား အလုံးအရင်းသုံးတိုက်ခိုက်နေမှုများအပေါ် ပြည်တွင်းပြည်ပရှိ တိုင်းရင်းသားအဖွဲ့အစည်းများအကြားတွင် မကျေမနပ်ဝေဖန်သံများ ထွက်ပေါ်လျှက်ရှိနေသည်။

ဒီကပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။