ကြီးမားလှတဲ့ ကြေးနီစီမံကိန်းဟာ ၁၉၉၈ မှာ ကနေဒါ ကုမ္ပဏီဖြစ်တဲ့ အိုင်ဗင်ဟိုက စတင်ခဲ့ပါတယ်။ အဲဒီကုမ္ပဏီဟာ နိုင်ငံတကာ သတ္တုတွင်းကုမ္ပဏီဖြစ်ပြီး ကြေးနီ၊ ရွှေနဲ့ ကျောက်မီးသွေးတွေကို အာရှပစိဖိတ်ဒေသမှာ တူးဖော်ပါတယ်။ အိုင်ဗင်ဟိုနဲ့ မြန်မာအစိုးရသတ္တုတွင်းဌာနက ၅၀% စီ စပ်တူလုပ်ခဲ့ကြပါတယ်။
၂၀၁၂၊ သြဂုတ်လမှာ အိုင်ဗင်ဟိုက တာကွိုက်ဟေး သံယံဇာတများ ဆိုတဲ့နာမည်ကို ပြောင်း လိုက်ပါတယ်။ အမှုဆောင်အရာရှိချုပ် ရောဘတ်ဖရိုင်းလန်း က ဧပြီလ ၂၀၁၂ မှာ နှုတ်ထွက် သွားခဲ့ပါတယ်။ ( ဂျာမန်ဘာသာစကားမှာ ဖရိုင်းလန်း ဆိုတာ ငြိမ်းချမ်းသော နယ်မြေ လို့ အဓိပ္ပါယ်ရပါတယ်။ )
လတ်တလောဖြစ်စဉ်
သတ္တုတွင်းကရတဲ့ ၀င်ငွေဟာ စစ်အစိုးရရဲ့ တရားဝင်အများဆုံးရတဲ့ငွေပါပဲ။ အိုင်ဗင်ဟိုနဲ့ အခြား ကနေဒါကုမ္ပဏီတွေဟာလည်း အမေရိကန်တားမြစ်နေပေမယ့် နှစ်ပေါင်းများစွာ ၀င်ငွေသောက်သောက်လဲ ရခဲ့ပါတယ်။ သူတို့ဟာ တခြားလုပ်ငန်းတွေကိုလည်း မြန်မာနိုင်ငံမှာ လုပ်ကိုင်နေပါတယ်။ ( ခင်ဗျားတို့ လက်ညှိုးထိုးချင်နေမယ့် Unocal/ Chevron ကုမ္ပဏီကို စီမံကိန်းအသစ်တွေ၊ ရှိရင်းစွဲလုပ်ငန်းကို တိုးချဲ့ခွင့်တွေ လုပ်ခွင့်မပေးပါဘူး။ လက်ရှိကတော့ တရုတ်နဲ့ ထိုင်းက အသေအလဲလိုချင်နေတဲ့ ပိုက်လိုင်းတခုပဲလုပ်နေတာပါ။ Chevron သာထွက်သွားမယ်ဆိုရင်လည်း ငွေတွေနဲ့ ဓါတ်ငွေ့တွေကတော့ ကုမ္ပဏီအသစ်လက်ထဲမှာ စီးမြဲစီးနေမှာပါပဲ။ Chevron ရဲ့ မြန်မာပြည်တွင်းမြှပ်နှံမှုက ၂-၃% လောက်ရှိပါတယ်။ )
၂၀၀၇ ခုနှစ်မှာ ကနေဒါနိုင်ငံက ပိတ်ဆို့မှုတွေလုပ်ဖို့ သဘောတူလိုက်ပါတယ်။
စိတ်ဝင်စားစရာကောင်းတာက ၂၀၀၇ ခုနှစ်အစောပိုင်းမှာ အိုင်ဗင်ဟိုက မြန်မာပြည်ကလုံးဝထွက်သွားပါပြီလို့ ကြေငြာခဲ့ပါတယ်။ သူ့လုပ်ငန်းတွေကိုလည်း အမည်မဖော်တဲ့ တတိယအုပ်စုကိုလွှဲပြောင်းလိုက်ပြီး ငွေစာရင်းရှင်းတမ်းတွေနဲ့ ပိုင်ဆိုင်မှုတွေကို လျို့ဝှက်ထားခဲ့ပါတယ်။
အိုင်ဗင်ဟိုက တရုတ်ကုမ္ပဏီ ၃ ခုနဲ့ ဈေးဆိုင်ခဲ့ပါတယ်။ ဒါပေမယ့် မြန်မာအစိုးရက သတ္တုတွင်းဝန်ကြီးဌာန အမှတ်(၁) ကိုသာရောင်းရမယ်လို့ ဆိုပါတယ်။ ပြီးတော့ အိုင်ဗင်ဟိုက မြန်မာအစိုးရကို အခွန်တွေအများကြီးဆောင်ရပါမယ်။ ဒါပေမယ့်လည်း နိုင်ငံတကာ ပိတ်ဆို့မှုတွေကတင်းကျပ်လာပြီး ပြသနာတွေများလာတော့မှာ၊ သဘာဝပတ်ဝန်းကျင်နဲ့ ကျန်းမာရေးထိခိုက်မှုအတွက် ကုန်ကျစားရိတ်တွေကြီးမြင့်လာတော့မှာတွေကြောင့် အိုင်ဗင်ဟိုက အရမ်းကိုထွက်သွားချင်နေပါပြီ။ အိုင်ဗင်ဟိုနဲ့ သတ္တုတွင်းဝန်ကြီးဌာန အမှတ်(၁) တို့ဟာ ဈေးနှိမ်ပြီး ဒေါ်လာသန်း၁၀၀ နဲ့ စာချုပ်ချုပ်ကြပါတယ်။ စစ်အစိုးရက အပေါ်စီးနဲ့ပါ။ ပြီးတော့ သတ္တုတွင်းဌာနက ပေးစရာပိုက်ဆံမရှိဘူးလို့ပြောပါလေရော။ တကယ်က သတ္တုတွင်းဌာနက အိုင်ဗင်ဟိုရှယ်ယာအားလုံးကိုယူပြီး တရုတ်ကိုရောင်းချင်တာပါ။ ဒီရှူပ်ထွေးပွေလီပြီး မယုံကြည်ရတဲ့အခြေအနေမှာ( ဦးသန်းရွှေသမီးနဲ့လက်ထပ်ထားတဲ့) ဦးတေဇကို တရုတ်တွေနဲ့ ပွဲစားလုပ်ပေးဖို့ ပြောပါတယ်။ တရုတ်တွေက ဒေါ်လာသန်း ၂၅၀ ပေးဖို့သဘောတူပါတယ်။ ဦးတေဇက ဒေါ်လာသန်း၅၀ ပွဲစားခရပါတယ်။
( တကယ်တော့ ဦးတေဇရဲ့ လက်ထောက်၊ ပုဂံလေကြောင်းလိုင်း ဒုဥက္ကဌ လုလု ကသာ အများဆုံးလုပ်သွားတာပါ။ လုလုဟာ ကောက်ကျစ်စဉ်းလဲတဲ့ စီးပွားရေးသမားဖြစ်ပြီး တရုတ်စကားပြောကျွမ်းကျင်ပါတယ်။ တခါတလေမှာ သူ့ဆီက ဦးတေဇကသင်သွားတာပါလို့ ထုတ်ကြွားတတ်ပါတယ်။ )
တရုတ်တွေကကော၊ မြန်မာတွေကပါ သဘောတူထားတာထက်ပိုရချင်ကြတော့ ၂၀၁၁ အထိကြာသွားပါတယ်။ ဒီနောက်မှာတော့ မုံရွာကြေးနီစီမံကိန်းဟာ ၀မ်ပေါင်နဲ့ (၀မ်ပေါင်က နော်ရင်ကို လက်နက်ကုမ္ပဏီကြီးရဲ့ လက်အောက်ခံပါ။) မြန်မာဦးပိုင် က ပိုင်သွားတယ်လို့ဆိုပါတယ်။
အမေရိကန်သံရုံးက အိုင်ဗင်ဟိုကို အနီးကပ်စောင့်ကြည့်ခဲ့ပါတယ်။ အိုင်ဗင်ဟိုဟာ အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့ရဲ့ ပိတ်ဆို့မှုတွေကို အာခံခဲ့ပြီး ၂၀၀၇ မှာ ရုတ်သိမ်းခဲ့တယ်လို့ လိမ်ပြီးကြေငြာခဲ့တာ ပေါ်လာပါပြီ။ သက်သေအထောက်အထားတွေ အမေရိကန်သံရုံးမှာ ရှိပါတယ်။ အိုင်ဗင်ဟိုက လဘ်ထိုးမှုတွေ၊ အပေးအယူတွေကို ဖုံးကွယ်မှုတွေနဲ့ တားမြစ်ချက်တွေကို အနှောင့်အယှက်ပေးခဲ့ပါတယ်။
သတ္တုတွင်းနေရာ
မုံရွာကြေးနီတွင်းဟာ တွင်းဟောင်းလောင်းကြီးပါ။ ဒါဟာသစ်ပင်တွေ၊ စိုက်ပျိုးပင်တွေကို ပျက်စီးမှုအများဆုံး သတ္တုတွင်းတူးနည်းပါပဲ။
အဲဒီဒေသမှာ ရေစီးဆင်းမှုနဲ့ မြေပြင်ဟာပျက်စီးသွားပါတယ်။ ဒီတွင်းဟောင်းကြီးကလည်း အနာဂတ်မှာ ပြန်သုံးလို့မရတော့ပါဘူး။ ၂၀၀၆ ခုနှစ်က အဲဒီနေရာကို ကျွန်တော်ရောက်ဖူးပါတယ်။ မန္တလေးကနေတဆင့် စစ်ကိုင်းနားမှာ ဧရာဝတီမြစ်ကို ဖြတ်ပြီး မုံရွာကို တော်တော်ကြာအောင်သွားရပါတယ်။ မုံရွာကနေတဆင့် ချင်းတွင်းမြစ်ကိုဖြတ်ပြီး ကွင်းပြောင်ကြီးကို တော်တော်ဖြတ်ရပါသေးတယ်။ သစ်ပင်လုံးဝမရှိ၊ ရေအိုင်အစိမ်းရောင်၊ အနီရောင်၊ လိမ္မော်ရောင်၊ အနက်ရောင်ရေတွေနဲ့ သိပ်ဆင်းရဲတဲ့ အိမ်လေးတွေမှာ ကလေးတွေက အဆိပ်ရေအိုင်တွေနားမှာပဲ ကစားနေကြပါတယ်။ ဓါတ်ပုံတော့ရိုက်လို့မရခဲ့ပါဘူး။ အဲဒီနားမှာ ရဲတွေရှိနေပြီး ကျွန်တော်တို့ကို စောင့်ကြည့်နေကြပါတယ်။ အိုင်ဗင်ဟိုက ဒီလိုပျက်စီးမှုတွေကနေ ထွက်ပြေးသွားပြီး နောက်ဆက်တွဲ တရားရင်ဆိုင်ရမယ့်အဖြစ်ကနေ ရှောင်သွားတယ်ဆိုတာ ရှင်းနေတာပါပဲ။
တရုတ်တွေတူးမယ့်နေရာက လက်ပံတောင်းတောင်လို့ခေါ်ပြီး အခု ဆန္ဒပြပွဲတွေနဲ့ အကြမ်းဖက်နှိမ်နင်းမှုတွေ ဖြစ်နေတဲ့နေရာပါ။
ဦးနေ၀င်းနှင့် မြေယာပိုင်ဆိုင်မှုမူဝါဒ
၁၉၆၂ ဦးနေ၀င်းအာဏာသိမ်းတုန်းက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုပြီး မြေယာအားလုံးနဲ့ စက်ရုံတွေကို ပြည်သူပိုင်သိမ်းခဲ့ပါတယ်။ ဒါကြောင့် အစိုးရက မြေရှင်ဖြစ်ပြီး ပြည်သူနည်းနည်းကပဲ ဘိုးဘွားပိုင်အထောက်အထားတွေရှိကြပါတယ်။
၁၉၉၀ ဦးခင်ညွန့်လက်ထက်မှာ စစ်အာဏာရှင်တွေက မြေယာဧကပေါင်းတော်တော်များများကို သူတို့နဲ့အဆက်အသွယ်ရှိတဲ့ ကုမ္ပဏီကြီးတွေ၊ အာဏာရှင် မိသားစုနဲ့ဆွေမျိုးတွေ၊ ခရိုနီ ဦးတေဇ နဲ့ စတီဗင်လော တို့လို စီးပွားရေးသမားတွေကို ရောင်းချခဲ့ပါတယ်။ အများအားဖြင့် လယ်သမားတွေက ဒါကို မသိကြပါဘူး။ နေရာအတော်များများမှာ လယ်မြေတွေက မဖွံ့ဖြိုးသေးပါဘူး။ ဒါကြောင့် လယ်သမားတွေက စိုက်ပျိုးမြဲ စိုက်ပျိုးနေကြပါတယ်။ စူပါသူဌေးတွေက ပေါချောင်ကောင်းရထားပြီး အခွန်လည်း မပေးကြပါဘူး။
အခု ရင်းနှီးမြှပ်နှံသူတွေလည်းလာရော အဲဒီလို အာဏာ၊လုပ်ပိုင်ခွင့်တွေသုံးပြီး၊ အကျင့်ပျက်ပြီး ရထားတဲ့ ပိုင်ရှင်တွေက ရွာသားတွေကို ဖယ်ခိုင်းကြပါတယ်။ ကိုယ်ချင်းလည်းမစာ၊ ထိုက်သင့်တဲ့လျော်ကြေးလည်း မပေးတဲ့အပြင် အာဏာရှင်ဟောင်း ဒါမှမဟုတ် အာဏာရှင်စိတ်မပျောက်သေးတဲ့ လက်ရှိအစိုးရအဖွဲ့နဲ့ပေါင်းပြီး ဒီလိုအလွဲသုံးစားလုပ်ထားတာကို ရှက်လည်းမရှက်ကြပါဘူး။
မည်သူ့တွင် တာဝန်ရှိသနည်း
ရှင်းရှင်းပြောရရင်တော့ ကြေးနီစီမံကိန်းသပိတ်စခန်းကို ဖြိုခွင်းဖို့ အမိန့်ပေးတာ သမ္မတဦးသိန်းစိန်လည်းမဟုတ်၊ ပြုပြင်ပြောင်းလဲလိုစိတ်ရှိတဲ့ အစိုးရအဖွဲ့ဝင်တွေလည်း မဟုတ်ဘူး။ အဖြစ်နိုင်ဆုံးကတော့ တရုတ်ပိုင်ရှင်တွေ(ဒါမှမဟုတ်) မန်နေဂျာတွေ(ဒါမှမဟုတ်) ရင်းနှီးမြှပ်နှံသူတွေ က ဒေသခံရဲတပ်ဖွဲ့နဲ့ စစ်တပ်အရာရှိတွေကို လာဘ်ထိုးပြီး ဆန္ဒပြတာတွေကို ရပ်ခိုင်းတာပဲ။ အဲဒီနေရာက ရန်ကုန်၊မန္တလေး၊နေပြည်တော်ကနေ အဝေးကြီး။ အရမ်းဆင်းရဲတယ်။ ခြောက်သွေ့တယ်။ အနားမှာဘယ်သူမှ မသိခင် လုပ်လိုက်လို့ရတယ်လို့ တွေးလိုက်တာထင်တယ်။
အမိန့်ပေးခဲ့တဲ့ ကိုယ်တိုင်ကျုးလွန်ခဲ့တဲ့လူတွေ တရားဥပဒေအတိုင်း ရင်ဆိုင်ရမယ်။
အိုင်ဗင်ဟို၊ သတ္တုတွင်းဝန်ကြီးဌာန (၁) နဲ့ တရုတ်ကုမ္ပဏီတွေကလည်း သူတို့လုပ်ခဲ့တာတွေက သဘာဝပတ်ဝန်းကျင်၊ ဒေသခံလူထုနဲ့ တိုင်းပြည်ပုံရိပ်တွေကို ပျက်စီးစေခဲ့တာမို့ တာဝန်ယူရမယ်။
ဒါ့အပြင် ရောဘတ်ဖရိင်းလန်းကလည်း အများကြီး ရထားတာတွေကို ပြန်သုံးပြီး လက်ပံတောင်းဒေသကို သူ့နာမည်အတိုင်း ငြိမ်းချမ်းသောနယ်မြေဖြစ်အောင် ကြိုးစားသင့်တာပေါ့။
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။